ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို စစ်အာဏာရှင်တပ်သားများ ပြန်လည်သိမ်းပိုက်ပြီးနောက် ဒေသခံများ ပျူစောထီးအဖြစ် ဝင်ရောက်မှုများလာကြောင်း ဒေသခံများထံမှ သိရသည်။
မောတောင်မြို့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာတွင် တော်လှန်ရေးတပ်များက ထိန်းချုပ်လိုက်သော်လည်း ၂၀၂၆ ခုနှစ် မေလတွင် စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်သွားခဲ့သည်။
ယင်းနောက် စစ်အာဏာရှင်တပ်က ဒေသခံများကို ပျူစောထီးအဖြစ် ဝင်ရောက်လာစေရန် အခွင့်အရေးများပေးခြင်း၊ ဖိအားမျိုးစုံပေးခြင်းတို့ လုပ်ဆောင်လာကြောင်း ဒေသခံများက ဆိုသည်။
သြဂုတ်လလယ်တွင် စစ်အာဏာရှင်တပ်သားများသည် မောတောင်မြို့ အမှတ် ၁ ရွာမှ အမှတ် ၉ ရွာအထိ ဒေသခံများကို ဘုန်းကြီးကျောင်းတွင် အစည်းအဝေးခေါ်၍ ပျူစောထီးနှင့် စစ်မှုထမ်းခြင်းကို ရွေးခိုင်းကြောင်း ၎င်းတို့က ဆိုသည်။
ပျူစောထီးအဖြစ် ဝင်ရောက်လုပ်ကိုင်သူအများစုမှာ ဆီအုန်းကုမ္ပဏီမှ လုပ်သားများနှင့် စစ်အာဏာရှင်တပ်သားများ ပြန်လည်သိမ်းပိုက်ချိန်တွင် နေရာပြောင်းရွှေ့ရန် ခက်ခဲသူများဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“လုပ်သားတွေနဲ့ လက်လုပ်လက်စားသမားတွေ ဝင်လုပ်တာများတယ်။ သူတို့မှာက သွားလာဖို့ နေရာမရှိဖြစ်ပြီး ဝင်လုပ်ကြတယ်။ အရင်ကတည်းက နှစ်ကြာနေထိုင်တဲ့ ရွာသားတွေက ဝင်လုပ်တာမျိုး သိပ်မရှိဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။
ပျူစောထီး ဝင်ရောက်လုပ်သူများကို စစ်အာဏာရှင်တပ်က လက်နက်ပေးကိုင်ထားပြီး စစ်ကြောင်းထိုးရန် လိုအပ်ပါက သွားရကြောင်းနှင့် စားသောက်နေထိုင်ဖို့ ဖူလုံသည့်အတွက် ဝင်ရောက်လုပ်ကိုင်ခြင်းဖြစ်ကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။
“အိမ်တွေမှာ ပစ္စည်းတွေကို စစ်သားတွေက ရှေ့ကယူရင် နောက်က ဝင်ယူလိုက်ကြတယ်။ ဒေသခံခြံတွေထဲမှာလည်း ကွမ်းသီးတွေ အကုန်ကောက်ရောင်းကြတယ်။ ပျူလုပ်သူ များလာတော့ ခိုးသမား များလာတယ်။ ရှောင်တဲ့သူကရှောင်၊ ရွာထဲကျန်နေတဲ့သူက ပျူစောထီး ဝင်လုပ်တာများတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
မောတောင်မြို့တွင် တော်လှန်ရေးတပ်များ မြို့သိမ်းစဉ်က ထိုင်းစစ်သားများထံ လက်နက်ချအညံ့ခံသည့် ပျူစောထီးခေါင်းဆောင် ဦးသက်ခိုင်နှင့် တော်လှန်ရေးတပ်ဖွဲ့များ မြို့သိမ်းစဉ်က ဖမ်းဆီးရမိသော်လည်း ပြန်လွှတ်ပေးလိုက်သည့် ဦးညွှန့်စိုးတို့က ပျူခေါင်းဆောင်ဖြစ်ဦးဆောင်နေကြကြောင်း ဒေသခံများက ဆိုသည်။
မောတောင်မြို့ကို စစ်အာဏာရှင်တပ်သားများ သိမ်းပိုက်ပြီးနောက် နေရပ်ပြန်မရဲသည့် ဒေသခံနှစ်ထောင်ကျော်သည် တောထဲတွင် ရှောင်တိမ်းနေဆဲဖြစ်သည်။







