ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တွင် အသက် ၂၈နှစ်အရွယ် မြို့ခံ အမျိုးသားတစ်ဦးသည် မြို့ခံအချို့နှင့်အတူ ကားသွားယူစဉ် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်တောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
သြဂုတ်လ ၂၆ရက် နေ့လယ်ပိုင်းတွင် မောတောင်မြို့ပြင်တွင်ရှိသည့် ဒေသအခေါ် မွန်ကျောင်း (ဘုန်းကြီးကျောင်း) အနီးတွင် ဒေသခံအချို့ စည်ပင်ဦးစီး၏ ကားကို သွားယူပေးစဥ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
KNU လက်အောက်ခံတပ်များနှင့် တော်လှန်ရေးတပ်များက မောတောင်မြို့ကို သိမ်းယူစဉ် သိမ်းထားသည် အဆိုပါကားကို ဒေသခံများ ပြန်လည်သွားရောက်ယူဆောင်ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“လမ်းမှာပဲ နင်းမိတာလား။ ကားနားမှာ နင်းမိလားတော့ အတိအကျ မသိဘူး”ဟု ၎င်းက ပြောဆိုသည်။
မိုင်းနင်းမိသဖြင့် ဒဏ်ရာသည့် မြို့ခံကို မြိတ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံ အခြားတစ်ဦးက ပြောဆိုသည်။
“ခြေတစ်ဖက်က ဖြတ်လိုက်ရတယ်။ သွားတာက သုံးလေးယောက်၊ သူတစ်ယောက်တည်း ထိသွားတယ်” ဟု ၎င်းက ပြောသည်။
မိုင်းနင်းမိသူသည် မောတောင်မြို့၊ မြို့မရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
မွန်ကျောင်းသည် မောတောင်မြို့နှင့် အမှတ် ၁ရွာကြား ဥယျာဥ်ခြံများကြားထဲတွင် တည်ရှိသည်။
မိုင်းမှာ မည်သည့်အဖွဲ့က ထောင်ထားသည်ကိုမူ သေသေချာချ မသိရသေးပေ။
ပုံစာ – မောတောင်နယ်စပ်ဂိတ်တစ်နေအား တွေ့ရစဉ်(ပုံဟောင်း)







