အပိုင်း (၁၂)
ကျောင်းပိတ်ထားချိန်၌ ထွန်းတောက်ထိန်တို့ထံတွင် ကျည်ဆန်ဝယ်ရန် ငွေအလုံအလောက် ရှိနေပြီဖြစ်သဖြင့် ကျောင်းအလုပ်တွေ အားလပ်တုန်း ကိုကြံမောင်နှင့်အတူ ဆိုင်ကယ်လေးနှင့် သွားဝယ်ခဲ့သည်။
ကိုကြံမောင်ပြောသည်မှာ သည်ငွေနှင့်ဆို ကျည်ဆန်တောင့်ရေ ငါးရာ ရနိုင်သည်ဟု ဆိုသည်။ သည့်ကြောင့် လက်ထဲ ငွေရှိတုန်း သွားဝယ်ရသည်။ မကြာမီ၌ မစ်ရှင်တစ်ခုလည်း ဖော်ဆောင်ဖို့ရှိသည်မဟုတ်လား။
ကျည်ဆန်ဝယ်ရန် သွားသည့် ခရီးက ကြမ်းတမ်းလှပါသည်။ ဆိုင်ကယ်လေးနှင့် သွားရသည်။ တစ်စီးတည်းကို ဖြစ်သည်။ တစ်ယောက်တစ်လှည့် မောင်းရသည်။ လမ်းသည် ကားလမ်း၊ ကတ္တရာလမ်းကနေ မဟုတ်။ ထိုလမ်းများပေါ်တွင် စစ်ခွေးဂိတ်များရှိသည်။
သည့်ကြောင့် ထိုလမ်းများကို ကွေ့ပတ်ရှောင်ပြီး သွားရသည်။ ပျူစောထီးရွာများလည်း ရှိသောကြောင့် ထိုပျူစောထီးရွာများကိုလည်း ရှောင်ရသေးသည်။ တောလမ်းများကနေ သွားရသောကြောင့် လမ်းခရီးက မကြာသင့်ဘဲ ကြာနေတော့သည်။
ဖြတ်သွားဖြတ်လာရသော ရွာများတွင်လည်း ပီဒီအက်ဖ်ဂိတ်များရှိသည်။ ထိုဂိတ်များတွင် အစစ်အဆေးခံရသည်။ ကိုကြံမောင်က အဆင်ပြေချောမောအောင် ပြောနိုင်သည်။ တော်လှန်ရေးသမားများသာသိသော အမှတ်အသားစကားများကို ပြောပြနိုင်သည်။ ပါးနပ်သည်။
သတ္တိရှိသည်။ သည့်အပြင် ကိုကြံမောင်က ပီဒီအက်ဖ်များက တော်လှန်ရေးသမား အတော်များများနှင့် ရင်းနှီးသိကျွမ်းနေသည်။ အကြောင်းကား ကိုကြံမောင် သည်လို ကျည်ဆန်ဝယ်သွားသည့် အတွေ့အကြုံများစွာ ရှိခဲ့ပြီဆိုသော အဓိပ္ပါယ်ပင်။ ထွန်းတောက်ထိန်ဆိုလျှင် သည်လို အရည်အချင်းများ မရှိနိုင်ဘူးဆိုပြီး အားငယ်မိသည်။ သည့်ကြောင့် ကိုကြံမောင့်ထံက မေးမြန်းသင့်တာ မေးမြန်းပြီး သင်ယူသင့်တာ သင်ယူသည်။
ကျည်ဆန်ဝယ်မည့်နေရာသို့ မနက်ကတည်းကထွက်လာခဲ့ရာ ညနေပိုင်းမှ ရောက်သည်။ သည့်ကြောင့် ညအိပ်အနားယူရင်း ကျည်ဆန်ဝယ်ဖို့ကိစ္စကို အေးဆေးပြောကြ၊ ညှိနှိုင်းကြသည်။ ကျည်ဆန်ရောင်းဝယ်သူများကလည်း သည်ကျည်ဆန်များကို နယ်စပ်နိုင်ငံများကနေ ခက်ခက်ခဲခဲ ဝယ်ယူကြရခြင်းဖြစ်သည်။ အသက်ပေးပြီး ဝယ်ရခြင်းဖြစ်သည်။ သည့်အတွက်ကြောင့် တော်လှန်ရေးသမားအချင်းချင်း အမြတ်ကြီးစားရန်ကော၊ စီးပွားရေးဆန်ရန်ကောဟု စောဒက တက်လို့မရနိုင်ပေ။
နံနက်လင်းတော့ အိမ်ရှင်တပ်က နွေးထွေးပျူငှာစွာ ကျွေးသော နံနက်စာကို စားပြီး ကျည်ဆန်ထုပ်ပိုက်ကာ ပြန်ကြသည်။ အပြန်ခရီးကတော့ အသွားခရီးထက် ပိုမိုနှေးကွေးခဲ့သည်။ ဆိုင်ကယ်သည် ခရီးကြမ်း၏ ဒဏ်ကိုကြာရှည်မခံနိုင်။ နောက်ဘီးတစ်ခါပေါက်ပြီး ကျွတ်လဲရသည်။ ပြီးနောက် ခရီးဆက်ပြန်ရာ ရှေ့ဘီးပေါက်ပြီး ကျွတ်လဲရပြန်သည်။
သည့်ကြောင့် ကမ့်ပ်ဋ္ဌာနေသို့ အချိန်မီမရောက်နိုင်ဘဲ ကိုကြံမောင်၏ မိတ်ဆွေများရှိသော ရွာတစ်ရွာမှ ကမ့်ပ်တွင် ညအိပ်တည်းခိုရသည်။ သည်ကာလကြီး၌ ညကြီးအချိန်မတော် ခရီးသွားလာရတာ မသင့်တော်သောကြောင့် ဖြစ်သည်။ ရောက်ရာကမ့်ပ်ပိုင်ရှင်များကလည်း တစ်လမ်းတည်းသွားချင်းမို့ နွေးထွေးကြပါသည်။ ထွန်းတောက်ထိန်လည်း ကြုံတုန်း မိတ်ဆွေဖွဲ့ရသည်။
တပ်ဖွဲ့တိုင်းနှင့် ရင်းနှီးအောင် ပေါင်းရသည်။ တချို့တပ်ဖွဲ့များဆိုလျှင် အင်အားချင်း ပြိုင်ကြသေးသည်။ ငါ့အဖွဲ့က သူ့အဖွဲ့ထက် သာစေရမယ်၊ သူ့အဖွဲ့က ငါ့အဖွဲ့ထက် မသာစေရ။ ငါ၏ လုပ်နိုင်စွမ်းသည် သူ၏ လုပ်နိုင်စွမ်းထက် သာစေရမည်။ သူ၏ လုပ်နိုင်စွမ်းသည် ငါ၏ လုပ်နိုင်စွမ်းထက် မသာစေရ။ သည်နယ်တဝိုက်တွင် ငါ၏ နာမည်သည်သာ အကြီးဆုံးဖြစ်ရမည်။
သူ၏ နာမည်သည် ငါ၏ နာမည်ထက် မကြီးစေရ။ ထိုကဲ့သို့ စုန်းပြုန်းတော်လှန်ရေးသမားများလည်း နေရာအနှံ့တွင် ရှိသည်။ အာဏာရှင်ကို တော်လှန်ရင်း ကိုယ်တိုင်လည်း အာဏာရှင်ဆန်လာကြသည်။ လက်ထဲတွင် သေနတ်များ ရှိလာပြီး တပည့်တပန်းများ မွေးထုတ်လာနိုင်တော့ကာ အာဏာများ တည်ဆောက်လာကြတော့သည်။ သည့်ကြောင့် အာဏာရှင်ကို တော်လှန်နေကြသူအချင်းချင်း မသင့်မြတ်မှုများ ဖြစ်လာကြတော့သည်။ သည့်ကြောင့်လည်း အချင်းချင်း လုပ်ကြံသတ်ဖြတ်မှုများ ကြားလာရတော့သည်။ တရားခံမပေါ်သော လူသတ်မှုများကိုလည်း ကြုံလာရတော့သည်။
သည့်ကြောင့် ထွန်းတောက်ထိန်သည် တွေ့ကရာလူများနှင့် ရင်းနှီးအောင် နေဖို့ ဆုံးဖြတ်ထားသည်။
ကမ့်ပ်ဋ္ဌာနေသို့ ထွန်းတောက်ထိန်တို့ နံနက် ဆယ့်တစ်နာရီခန့်မှ ပြန်ရောက်သည်။ ကမ့်ပ်ကောင်တွေကတော့ ဇယ်ခုံမှာ စိတ်ရောက်နေသဖြင့် ထွန်းတောက်ထိန်တို့ ပြန်ရောက်လာသည်ကို သောက်ဖက်ပင်မလုပ်။ ရောက်ရောက်ချင်း မီးဖိုချောင်ဘေးမှ ဧည့်စားပွဲတွင် ဝင်ထိုင်ကာ အမောဖြေကြသည်။
ရေနွေးသောက်ကြသည်။ ဒါနှင့်စကားမစပ် မီးဖိုချောင်ထဲက ဘယ်သူပါလိမ့်။ ထွန်းတောက်ထိန်တို့ကို ကျောပေးပြီး ထမင်းဟင်းများကို သည်းကြီးမည်းကြီး ချက်နေသည်။ ထွန်းတောက်ထိန်တို့ ကမ့်ပ်သို့ ရောက်ရောက်ချင်း ထိုသူ့ကို လှမ်းမြင်သည်။ သို့တိုင် ထိုသူသည် ထွန်းတောက်ထိန်တို့ကို လှည့်မကြည့်။ ယခု ဧည့်စားပွဲမှာ ဝင်ထိုင်ပါသော်လည်း လှည့်မကြည့်သေး။ ဘယ်သူပါလိမ့်ဟု ကိုကြံမောင့်ကို မေးမြန်းသည့်အကြည့်နှင့် ကြည့်သော်လည်း ကိုကြံမောင်က မသိဘူး ဆိုပြီး ခေါင်းရမ်းသည်။
ရေအိုင်ရွာက တစ်ယောက်ယောက်များလား။ ထိုစဉ် ထိုသူက မတ်တတ်ထပြီး ယောက်မကြီးနှင့် လှည့်လာသည်။ လှည့်လာလာချင်း ထိုသူက ဧည့်စားပွဲတွင် ထိုင်နေသော ထွန်းတောက်ထိန်တို့ကို ဘွားကနဲ့ မြင်လိုက်ရသဖြင့် လန့်ဖျတ်ကာ နှုတ်မှ လွှတ်ကနဲ့ စကားမ်ား ထွက်လာသည်။
“အမယ်လေး လန့်လိုက်တာ၊ အသံမေပး ဘာမပေးနဲ့၊ ကြံမောင်နဲ့ ထွန်းတောက်တို့ပါလားဟေ့၊ ဘယ်တုန်းကရောက်နေတာလဲဟင်”
ထိုသူ့စကားနှင့် မျက်နှာကို ကြားလိုက်၊ မြင်လိုက်ရသောအခါ တစ်ရွာတည်းသား ကိုဖေသွင်မှန်း နှစ်ယောက်သား သိလိုက်ကြတော့သည်။ ကိုဖေသွင်မှန်း သိသောအခါ ကိုကြံမောင်က ရွှန်းမြစွာ ပြုံးလေသည်။
“အသံပေးပါတယ်၊ ဆိုင်ကယ်သံလေ၊ မင်းမှမကြားတာ”
ကိုကြံမောင်က ပြောလည်းပြော ဆိုင်ကယ်မောင်းသည့် လက်ဟန်လည်း လုပ်ပြသည်။ အကြောင်းကား ကိုဖေသွင်သည် အကြားအာရုံ မသန်စွမ်းနေသူဖြစ်သည်။ သည့်ကြောင့် ထွန်းတောက်ထိန်တို့၏ ဆိုင်ကယ်သံကိုလည်း မကြားခြင်းဖြစ်သည်။
ကိုဖေသွင်မှာ ကိုကြံမောင့်ထက် ၂ နှစ်သာ ငယ်သဖြင့် မင်း ငါ ဟု ရင်းရင်းနှီးနှီး ပြောဆိုကြသည်။ ပြီးတော့ ကိုကြံမောင်က ကိုဖေသွင်သည် နိုင်ငံရေးခံယူချက် ပြင်းထန်ကြောင်း သိထားသဖြင့်ရော CDM ရော လုပ်ထားသဖြင့် လေးစားသည်။
သည်အထဲ မပျော်နိုင် မပြုံးနိုင်ရသူကား ထွန်းတောက်ထိန် ဖြစ်သည်။ ထွန်းတောက်ထိန်နှင့် ကိုဖေသွင်တို့၏ တော်စပ်မှုကြောင့် ထွန်းတောက်ထိန်၏ ရင်ထဲတွင် ကိုဖေသွင်တို့ တစ်မျိုးလုံးကို မုန်းတီးနေသော စိတ်ရှိသည်။ ဤသည်ကို မည်သူမျှ မသိ။ ကိုဖေသွင်လည်း မသိ။ ကိုကြံမောင်လည်း မသိ။ ဒေါ်ဖြူပြာလည်း မသိ။ ကုန်ကုန်ပြောရလျှင် ထွန်းတောက်ထိန်၏ မိဘများပင် မသိ။ အမုန်းတရားများကို ရင်ထဲတွင်သာ မျိုသိပ်ထားရသည်။ သည့်ကြောင့် ထွန်းတောက်ထိန်သည် ကိုဖေသွင့်ကို မြင်မြင်ချင်း အလိုက်သင့်လေးသာ ပြုံးပြသည်။
“ဪ အဲ့လိုကိုး၊ ငါလည်း ဆိုင်ကယ်လာတာ မသိလိုက်ဘူး၊ ခရီးသွားနေတာဆို၊ အခုမှ ပြန်ရောက်တာပေါ့”
“ဟုတ်ပါ့၊ ဒီမယ်ကြည့်၊ ကျည်ဆန်တွေ ဝယ်လာတာလေ၊ လမ်းမှာ နှစ်ညတောင် အိပ်ခဲ့ရတယ်”
ကိုဖေသွင်သည် အကြားအာရုံ မသန်စွမ်းနေသော်လည်း ကိုဖေသွင်နားလည်အောင် ကိုကြံမောင်က ပြောတတ်သည်။ လက်ဟန်ရော၊ ပါးစပ်ကိုရော ခပ်ဟဟဖြစ်အောင် လှုပ်ပြီး ပြောသည်။ အင်းလေ ကိုကြံမောင်နှင့် ကိုဖေသွင်က အိမ်ချင်းလည်းနီး၊ အသက်လည်း မကွာသဖြင့် ပြောဆိုဆက်ဆံဖူးကြမည်။
သည့်ကြောင့် ကိုဖေသွင် နားလည်အောင် ပြောတတ်တာ မဆန်း။ ထွန်းတောက်ထိန်သာ ကိုဖေသွင်တို့အိမ်နှင့်လည်း ဝေး၊ ဆွေမျိုးတော်စပ်မှုကြောင့် ရင်ထဲက အမုန်းတရားများကြောင့် စကားမပြောဖြစ်။ သေသေချာချာတွေးကြည့်မှ ထွန်းတောက်ထိန်သည် ကိုဖေသွင်နှင့် တနှစ်နေလို့ စကားပင်တစ်ခွန်းမပြောဖူးကြောင်း သိလိုက်သည်။
“ဟာ ဟုတ်လား၊ ကျည်ဆန်တွေအများကြီးပါလား၊ ပျော်လိုက်တာ၊ ဒါဖြင့်ရင် ခွေးတွေအများကြီး သေတော့မှာပေါ့”
ကိုဖေသွင်သည် အကြားအာရုံ မသန်စွမ်းသလို ဂေးစိတ်လည်း ရှိသဖြင့် စကားပြောလျှင် နွဲ့နောင်းနေသည်။ ဤသည်ကို ထွန်းတောက်ထိန်သည် မျက်စိစပါးမွေးစူးသည်။ သည်လောက် နွဲ့နေလျှင်လည်း ဖေသွင်လို့ မမှည့်ဘဲ မေသွင်လို့ မှည့်လိုက်ပါလား ကိုကြံမောင့်မျက်နှာကတော့ ဘာမှမဖြစ်သလို။ ယောကျ်ားကြီးဖြစ်ပြီး သည်လိုနွဲ့နောင်းနေသော ကိုဖေသွင်လို လူစားအပေါ် ဘာမှမဖြစ်သလို ပြုံးပြနိုင်သည့် ကိုကြံမောင့်ကို ထွန်းတောက်ထိန် နားမလည်နိုင်ဖြစ်ရသည်။
“ဘယ်တုန်းက ရောက်နေတာလဲ၊ လာမှာလည်း မပြောပါလား”
“မင်းတို့ ဒါတွေ သွားဝယ်တဲ့နေ့က ရောက်တာလေ၊ ဟို ငါ့အစ်ကို ကိုကျော်အောင် ဆိုသူကို ငါ တအားမုန်းတာပဲ၊ သူက ငါ့ကို နေအိမ်အကျယ်ချုပ် ချထားသလိုကိုထားတာ၊ ဘယ်မှကို မသွားရ၊ မလာရဘူး၊ ဒီကို ပြောင်းချင်တယ်လို့ ပြောလည်း ကန်တော်သာပျူစောထီးရွာနဲ့ နီးနေတယ်၊ မပြောင်းချင်ပါနဲ့၊ အဲ့ရွာကို သိမ်းပြီးခါမှ ပြန်ပါချည်း ပြောနေတာ၊ ငါ့မှာတော့ နေရတာ သိပ်ကျဉ်းကျပ်တာပဲ၊ သူ့ဆီမှာ တစ်စက္ကန့်လေးတောင် မနေချင်ဘူး၊ ပြောလိုက်ရင် မင်းက နားမကြားလို့ နားမကြားလို့ချည်း ကိုင်ချုပ်တာ၊ ငါ့များ နားမကြားတာနဲ့ပဲ လူကြောက်ကြီးလို ငြိမ်ကုတ်နေမှာလား၊ မကြောက်လို့ စက်မှုမှာ အလျင်ဆုံး ငါတစ်ယောက်တည်း CDM ဝင်တယ်၊ ပီဒီအက်ဖ်အဖွဲ့ထဲ ခိုးပြေးတယ်၊ တော်လှန်စားဖိုမှူးလုပ်တယ်၊ ဒါတောင် ငါ နားမကြားလို့ ထမင်းချက်တာနော်၊ နို့မို့ဆို သေနတ်ကိုင်နေပြီ၊ ငါလည်း ငါ့အစ်ကိုကို ပြောမရတဲ့အဆုံး လိမ်ညာပြောလိုက်ရတယ်၊ အစ်ကိုက ကျုပ်အကြောင်း ဘာမှလည်း မသိဘဲနဲ့၊ ဒီရွာက ကောင်တွေက သူတို့ရွာမှာ ကပ်စားနေသူဆိုပြီး နှိမ်ချင်တယ်လို့ လိမ်ပြောလိုက်တာ၊ လိမ်ပြောမိလို့ စိတ်မကောင်းဘူး၊ အဲ့ကကောင်တွေက ငါ့အပေါ် ကောင်းကြပါတယ်၊ အဲ့ကျမှ ငါ့ကို ချက်ချင်း ဒီကို လာပို့ပေးတာပဲ၊ သူ့ရွာ ချောင်းကူးကို ပို့တာလေ၊ ဟိန်းထက်လာခေါ်တာ”
ကိုဖေသွင်၏ စကားများ ပြောနေချိန်၌ ထွန်းတောက်ထိန်သည် ဟန်ဆောင်ပြုံးနေရာကနေ မဟန်ဆောင်နိုင်တော့လောက်အောင် အပြုံးများ တန့်သွားရသည်။ သူတို့ သောက်မျိုးတွေကို အလိုလိုမုန်းရတဲ့ကြားထဲ ကိုကျော်အောင့်အကြောင်းက ထည့်ပြောလိုက်သေးသည်။
သည်ကြားထဲ အစ်ကို လို့က သုံးနှုန်းလိုက်သေး။ ထွန်းတောက်ထိန်နှင့်လည်း ညီအစ်ကိုတစ်ဝမ်းကွဲတော်စပ်ကြောင်း ကိုဖေသွင် သိကိုသိထားလိမ့်မည်။ သည့်ကြောင့် မင်းနှင့်ငါက တစ်ဝမ်းကွဲတော်တယ်ဟု ပြောလာခဲ့လျှင် ထွန်းတောက်ထိန်သည် ကိုဖေသွင့်ကို သတ်ပစ်ဖို့မှာ သေချာသလောက်ရှိသည်။ အဲ့သည်လောက်အထိကို မုန်းတီး၏။ သို့သော်လည်း ထွန်းတောက်ထိန်၏ စိတ်ရင်းကို ကိုဖေသွင်က မသိဘဲ ထွန်းတောက်ထိန့်ဘက် အပြုံးနှင့် လှည့်မေးလာသည်။
“မင်းရော အရင်က ဒီမှာ မဟုတ်ဘူးဆို၊ ဘယ်အဖွဲ့ထဲ ရောက်နေတာလဲ”
“သရက်ကုန်းရွာမှာ ရောက်နေတာလေ”
ထွန်းတောက်ထိန်သည် စိတ်ရင်းကို မျိုသိပ်ရင်း ခပ်တည်တည်လေး ဖြေလိုက်၏။
“ဟင် ဘာရွာ”
“သရက်ကုန်းရွာ”
“ဘာရွာရယ်၊ သူ ဘာရွာလို့ပြောလိုက်တာလဲ”
ကိုဖေသွင်က နားမလည်သဖြင့် ကိုကြံမောင့်ဘက် လှည့်မေးသည်။ ကိုကြံမောင်က သရက်ကို ချဉ်သည့်ပုံစံ လုပ်ပြပြီး ကုန်းကို ခပ်မို့မို့ပုံစံလေး လုပ်ပြသည်။
“ဪ သရက်ကုန်းလား”
ကိုကြံမောင်က ခေါင်းတဆတ်ဆတ် ညိတ်ပြသည်။
“ဪ သရက်ကုန်းသိတယ်၊ မြောက်နယ်က မှော်နားမှာမလား”
ထွန်းတောက်ထိန်လည်း ခေါင်းညိတ်ပြရကိုပင်မသိဘဲ ဟုတ်တယ်ဟု ဖြေလိုက်သည်။
“ဒါဆို အညာမြို့နဲ့ နီးမှာပေါ့၊ အဲ့မှာ ဖာတွေပေါတယ်ဆို၊ ဖာ သွားမချခဲ့ဘူးလား”
ဟု ခပ်နောက်နောက် မေးလာတော့ ကိုကြံမောင်က မျက်ရည်များ ထွက်မတတ် ဟက်ဟက်ပက်ပက်ရယ်လေသည်။ ထွန်းတောက်ထိန်ကတော့ မရယ်နိုင်ပေမယ့် ဟန်ဆောင်ပြီး ရယ်ပြရင်း မသွားပါဘူးဆိုပြီး ခေါင်းရမ်းသည်။
ရင်ထဲမှာတော့ သည်မေးခွန်းကို မေးသည့်အတွက် ကိုဖေသွင့်ကို အတော်ကြီးကို သောက်မြင်ကတ်သွားသည်။ ဒါဟာ ထွန်းတောက်ထိန်၏ သိက္ခာကို စော်ကားလိုက်ခြင်းပဲ။ လူကို သည်လို မကောင်းသည့် လုပ်ရပ်တွေကို လုပ်မည့်လူစားများ မှတ်သလား။ လူကို အပေအတေ အလေအလွင့်များ မှတ်သလား။ ဒီက သိက္ခာ၊ သမာဓိနှင့် နေသူ။
“အယ် မေ့လို့၊ ထမင်းမစားရသေးဘူးမဟုတ်လား၊ ခဏစောင့်နော်၊ ငါခူးပေးမယ်၊ ကြက်ဥပြုတ်ကို အလုံးလိုက်ကြော်ပြီး မန်ကျည်းမှည့်နဲ့ ချက်ထားတာ”
ပြောရင်း ကိုဖေသွင်က မြန်မြန်ခူးခပ်ကျွေး၏။ ကိုကြံမောင်က အားနာနေသည်။ ထွန်းတောက်ထိန်ကတော့ ငါသာဆို အောက်ကျို့ခံပြီး လုပ်မပေးနိုင်ဘူးဟု တွေးသည်။ သူ့ဘုန်း သူနိမ့်အောင်လုပ်နေတယ်၊ အင်းလေ သူက အစကတည်းကကို ဘုန်းနိမ့်နေတာပါပဲဟု တစ်ဆက်တည်း တွေနေသည်။
“ဒါနဲ့ ထွန်းတောက်၊ မင်းက ရွာမှာ ကျောင်းအုပ်ရော လုပ်နေတာဆို”
ဟု မေးလာတော့ ပါးစပ်ထဲ ထမင်းတွေအပြည့်မို့ ဟုတ်တယ်ဟု မဖြေဘဲ ခေါင်းညိတ်လိုက်သည်။
“တအားတော်တာပဲ၊ မင်းအတွက် ဂုဏ်ယူတယ်၊ အခုမှပဲ အရီးမြချစ်ရဲ့ လုပ်ပုံကို နားလည်တော့တယ်၊ မင်းကို ပြည်ပ မလွှတ်တဲ့အကြောင်းလေ၊ အခုလို အများအကျိုးကို လုပ်စေချင်လို့၊ ကိုယ်ကျိုးကို မကြည့်စေချင်လို့၊ ပညာတတ်ပြီး လူရာဝင်စေချင်လို့၊ ဟုတ်တယ်ကွ၊ ပညာတတ်ဆိုတာ ကိုယ်တတ်တဲ့ပညာနဲ့ တိုင်းပြည်ကောင်းကျိုး အများကောင်းကျိုးကို ပြုရမယ်၊ ဒါမှ အဖိုးတန်တဲ့ လူစားဖြစ်မှာ၊ ဘွဲ့တွေရပြီး ချက်ချင်း ပြည်ပပြေးတဲ့သူတွေကို ငါသိပ်စိတ်ပျက်တာပဲ၊ မြန်မာပြည်အလုပ်က လစာမကောင်းလို့လို့ ဆင်ခြေပေးကြတယ်၊ တကယ်က အဲ့လိုဆင်ခြေပေးရမှာမဟုတ်ဘဲ လစာမကောင်းရင် လစာကောင်းတဲ့ နိုင်ငံကြီးဖြစ်အောင် လုပ်ဆောင်ရမှာ၊ တစ်ယောက်တည်းလုပ်ရင်တော့ မဖြစ်နိုင်ဘူးပေါ့၊ ပညာတတ်တွေချည်း ညီညီညွတ်ညွတ်နဲ့ လုပ်နိုင်ရင် အောင်မြင်ပါတယ်၊ ငါတို့မြန်မာနိုင်ငံက ညီညွတ်စိတ် မရှိကြဘူး၊ ငါတော့ မင်းကို တကယ်အားကိုးပါတယ်၊ ရွာ့ကောင်းကျိုး၊ အများကောင်းကျိုးကို ဒါ့ထက်များများ လုပ်ပေးပါနော်”
ကိုဖေသွင်၏ စကားထဲမှာ အရီးမြချစ် ဆိုသော အခေါ်အဝေါ်ကြောင့် ထွန်းတောက်ထိန်သည် အလွန်အမင်း ဒေါသထွက်သွားသည်။ သည်လူ ဘာသဘောနှင့် သူ့အမေကို အရီးမြချစ်ဟု ခေါ်ပါလိမ့်။ တကယ်ဆို ထွန်းတောက်ထိန်၏ အမေက ကိုဖေသွင့်အဖေ၏ အဖေတူ အမေကွဲ ညီမအရင်းကလေးလေ။ သည်တော့ အရီးတော်၏။ အရီးတော်သောကြောင့် အရီးဟု သုံးနှုန်းလိုက်သည်လား။
အရီးတော်တာ မှန်သော်လည်း တရားမဝင်သော တော်စပ်မှုကြောင့် အရီးဟု ခေါ်ဝေါ်ခြင်းကို ထွန်းတောက်ထိန် အလွန်ခံပြင်းမိသည်။ သို့သော်လည်း မခေါ်ဝေါ်ပါနှင့်ဟု ပြောလို့ကလည်း မဖြစ်ပေ။ ရွာမှာကဆို ကိုယ့်မိဘနှင့် ရွယ်တူများ ဆွေမျိုးတော်သည်ဖြစ်စေ မတော်သည်ဖြစ်စေ အရီးဟု ခေါ်ဝေါ်သည့် ဓလေ့ ရှိသည်မဟုတ်လား။
တစ်နေ့တွင် ထွန်းတောက်ထိန်တို့ကမ့်ပ်သို့ ကားတစ်စီး ထိုးဆိုက်လာခဲ့သည်။ ကားပေါ်ကနေ အလျင်ဆုံး ဆင်းလာသူကား ရေအိုင်ရွာမှ တော်လှန်ရေးသမားများနှင့် ရေအိုင်ရွာတွင် နေသော ကန်တော်သာပျူစောထီးရွာမှ တော်လှန်ရေးသမားများ ဖြစ်သည်။ ပြီးနောက် အမျိုးသမီးများနှင့် ကလေးငယ်များ ဆင်းလာသည်။
ပြီးခဲ့သည့် တစ်လခန့်က ဗျူဟာမှူးပြောသော စကားများမှာ အလုပ်ဖြစ်လှသည်။ ကန်တော်သာ ပျူစောထီးရွာကို မသိမ်းပိုက်ခင် ဥဒေါင်းမင်းတပ်မှာ ရွိတဲ့ ကန်တော်သာရွာက တော်လှန်ရေးသမားများအနေနဲ့ ကန်တော်သာရွာကို မသိမ်းပိုက်ခင် ကန်တော်သာမှ ပျူစောထီးများနှင့် ပြည်သူများကို မကြာခင်မှာ သိမ်းပိုက်တော့မည်မို့ အလင်းဝင်ဖို့၊ ထွက်ပြေးလာကြဖို့ ဖိအားပေးရမည့်အကြောင်း။
သည့်ကြောင့် အမျိုးသမီးတချို့နှင့် ကလေးငယ်များ ထွက်လာကြသည်။ ဥဒေါင်းမင်းတပ်သားများနှင့် ဆက်သွယ်ပြီး ကယ်ထုတ်လာခဲ့သည်ဟု ဆိုသည်။ ထွန်းတောက်ထိန်တို့ကိုပင် ကယ်ထုတ်ရာမှာ အဖော်မခေါ်ကြပေ။ ထိုပြည်သူများကို ကန်တော်သာမှ တော်လှန်ရေးသမားများကိုယ်တိုင် ပြုစုနေကြသည်။ နွေးထွေးမှု ပေးနေကြသည်။ ကျွေးမွေးနေကြသည်။
မေးမြန်းစရာရှိသည်များကို မေးမြန်းနေကြသည်။ သည့်ကြောင့် ထွန်းတောက်ထိန်တို့အနေနှင့် ဘာမှ ဝင်လုပ်စရာ မလိုဘဲ ခပ်လှမ်းလှမ်းကနေသာ ထိုင်ကြည့်နေရသည်။ ပြီးမှ ထွန်းတောက်ထိန်သည် အကြံရကာ ကန်တော်သာရွာမှ တော်လှန်ရေးသမားများထံ ခွင့်တောင်းပြီး သည်ပြည်သူများကို ဓာတ်ပုံရိုက်ပါရစေ၊ သတင်းဋ္ဌာနကြီးတွေဆီ ပြည်သူများ၏ မျက်နှာကိုဖျက်ပြီး သတင်းပေးမယ်၊ ပျူစောထီးရွာက ပြည်သူတွေ ထွက်လာကြကြောင်း၊ နွေးထွေးစွာ ကြိုဆိုပြီး အာဟာရပြည့်ဝစွာ ကျွေးမွေးထားပါကြောင်း၊ ပျူစောထီးရွာမှ တခြားပြည်သူများ၊ ပျူစောထီးများအနေနဲ့လည်း အချိန်မီ ထွက်လာခဲ့ဖို့၊ အလင်းဝင်ခဲ့ဖို့၊ မကြာမီ ပျူစောထီးရွာကို သိမ်းပိုက်တော့မည့်အကြောင်း ဖိအားပေးသည့်အနေနှင့် လိုင်းပေါ်က သတင်းခေါင်းကြီးများထံ သတင်းပေးဖို့ ရိုက်ပါရစေဟု ခွင့်တောင်းသည်။
သို့မှသာ တပ်ဖွဲ့အတွက် နာမည်ကောင်းလည်း ရပြီး အလှူငွေလည်း တသောသော ဝင်လာနိုင်သည်ဟု ပြောပြသည်။ သည်တော့ ကန်တော်သာရွာမှ တော်လှန်ရေးသမားများက သိပ်ကောင်းတဲ့အကြံပါပဲ ဆိုပြီး ရိုက်ခွင့်ပြုသည်။ ပြီးမှ ထွန်းတောက်ထိန် သတင်းဋ္ဌာနကြီးများတွင် ပျံ့နှံ့သွားအောင် မည်သို့သော စကားလုံးများနှင့် သတင်းပေးရမည်လဲဆိုသည်ကို ခေါင်းဆောင်များနှင့် တိုင်ပင်သည်။
ဤအချက်တွင် အမှား လုံးဝ မပါဝင်စေရန်အတွက် ခေါင်းဆောင်အားလုံးထံ အကြံတောင်းသည်။ ခေါင်းဆောင်များ၏ ခွင့်ပြုချက်ရမှ ရေအိုင်ရွာမှ စတားလင့်ဆိုင်သို့ပြေးကာ သတင်းခေါင်းကြီးများပေ့ချ်ကို ရိုက်ရှာပြီး ပုံများနှင့်တကွ ပေးလိုက်သည်။ နေ့တစ်ဝက်ခန့်အကြာ၌ သတင်းခေါင်းကြီးများစွာတွင် သတင်းများ ပလူပျံလာတော့သည်။ သတင်းသည် တစ်နိုင်ငံလုံး ပျံ့နှံ့သွားသည်။
ထွန်းတောက်ထိန်လည်း ထို ခေါင်းကြီးသတင်းဋ္ဌာနကြီးက တင်ထားသော သတင်းများကို Screen Shot ရိုက်၊ Link ယူပြီး မက်ဆင်ဂျာမှ သူငယ်ချင်းများထံ လှမ်းပေးသည်။ လှမ်းကြွားသည်။ ဒါ တို့ တပ်မှာလေ၊ ငါတို့ကမ့်ပ်မှာ၊ ပျူစောထီးရွာက ပြည်သူတွေကို ငါတို့ဥဒေါင်းမင်းတပ်က ကယ်ထုတ်လာတာလေ၊ သူတို့ကို ငါတို့ ခေါ်ကျွေးထားရတယ်၊ ဆန်လည်း လိုတယ်၊ ချက်စရာလည်း လိုတယ်၊ ဒါ့ကြောင့် အလှူငွေတွေလည်း လိုတယ် ဟု ပြောရသည်။
တခြားမိတ်ဆွေများကိုလည်း အကျိုးအကြောင်း ပြောပြပြီး ငွေလှူပေးဖို့ တောင်းဆိုသည်။ မိတ်ဆွေများက လှူမယ်၊ အလှူငွေကောက်လိုက်ဦးမယ် ဟု ဆိုကြသလို ပြည်သူတွေပဲလား၊ ပျူစောထီးတွေရော မပါဘူးလား၊ သေနတ်ရော ယူမလာကြဘူးလား ဟု ဆိုကြပြောကြမေးကြသည်။ တချို့မိတ်ဆွေများကတော့ အလကားပျူတွေ၊ ပျူမယားတွေ၊ ငတ်ပြတ်ပြီး သေမှာ ကြောက်လို့ ပြေးလာတာ၊ အလကား သူတို့ရွာကို သိမ်းတော့မယ်မှန်းသိမှ သေရမှာ ကြောက်ပြီးပြေးလာတာ၊ မယုံနဲ့၊ သူတို့ကို မယုံနဲ့၊ အလကား ကလိန်ကကျစ်တွေ၊ ခွေးတွေ၊ ကျေးဇူးသိတတ်မှာလည်း မဟုတ်ဘူး၊ ဗိုက်ပြည့်ရင် ပြန်ပြီး သစ္စာဖောက်သွားမှာ၊ ခေါ်ကျွေးထားမနေစမ်းပါနဲ့ သတ်သာသတ်ပစ်လိုက်စမ်းပါ စသဖြင့် အမျိုးမျိုး ပြောကြသည်။ အလှူငွေများလည်း တကယ်ပင် တသောသော ဝင်လာခဲ့သည်။
တချို့မိတ်ဆွေကလည်း ခဏနေရင် လွှဲလိုက်မယ်၊ ခဏလေးစောင့်ဦး ဟု ဆိုသဖြင့် စောင့်ရင်းစောင့်ရင်း မိုးချုပ်သွားသည်။ သည်နေ့ ရေမိုး မချိုးရသေး။ သည်စတားလင့်ဆိုင် ဥဒေါင်းမင်းတပ်၏ အပိုင်ဖြစ်သောကြောင့် သည်မှာပဲ ရေမိုးချိုးပြီး ညစာစား၊ ညအိပ်လို့ရသည်။ သို့သော်လည်း သူများအဝတ်တွေ မဝတ်လိုသဖြင့် တောက ကမ့်ပ်သို့ပြန်ကာ ရေချိုးရမည်။ ထမင်းစားရမည်။ ကေပေထဲ ငွေ တသောသော ဝင်နေသည့်အတွက် လိုင်းပေါ် အချိန်ပြည့် ရှိနေမှ ဖြစ်မည်။ သည့်ကြောင့် ကမ့်ပ်သို့ပြန်ခိုက် သည်မှာ ညအိပ်ရန် စောင်၊ ခေါင်းဦးကလေးပါ ယူလာဖို့ တွေးလိုက်သည်။
“ဟယ် သားသားဖြေပြတဲ့ ကစားနည်းတွေထဲမှာ ဖန်ခုန်တမ်း၊ ထုပ်ဆီးတိုးတမ်း၊ ဘောလုံးကန်နဲ့ ကြောင့်ရုပ်ဆိုပါလား၊ ဒီ ကြောင့်ရုပ်ဆိုတဲ့ ကစားနည်းက ဘာကစားနည်းလဲကွယ်၊ ဦးဦးဖြင့် မကြားဖူးပါဘူး၊ ဦးဦးကို ကစားပြပါလားဟင်”
“ကျောက်ရုပ်…. ကျောက်ရုပ်”
ထွန်းတောက်ထိန်သည် ရေအိုင်ရွာကနေ ရေမိုးချိုးရန် ပြန်လာခိုက် အထက်ပါအသံများ ကြားရသဖြင့် လှည့်ကြည့်လိုက်သည်။ သည်နေ့ရောက်လာသော ကန်တော်သာပျူစောထီးရွာမှ ကလေးများအား ကိုဖေသွင်က စာသင်ပေးနေသည်ကို တွေ့လိုက်ရသည်။ ကလေးနှစ်ယောက်က ကိုဖေသွင်ပြောသည့်အတိုင်း လုပ်ပြသည်။ ကလေးတစ်ယောက်က ပြေးသွားရာ နောက်ထပ် ကလေးတစ်ယောက်က လိုက်ဖမ်းသည်။ ပြေးသွားသည့်ကောင်လေးက ပြေးသွားရာကနေ ကျောက်ရုပ်ကဲ့သို့ ရပ်လိုက်သည်။
လှုပ်လျှင် လိုက်ဖမ်းသည့်ကလေးက လက်နှင့် ထိလိုက်ရုံနှင့် လိုက်ဖမ်းခံရသည့် ကလေးက သေလေသည်။ ပြီးလျှင် လိုက်ဖမ်းရတော့မည်။ ထို ကျောက်ရုပ်ကစားနည်းကို ကစားပြသည်။ သည်တော့မှ ကိုဖေသွင်က
“ဪ သိပြီ၊ အဲသည်ကစားနည်းကို ဦးဦးတို့ ငယ်ငယ်တုန်းကလည်း ကစားဖူးပါတယ်၊ အခုဟာကကွယ် စာလုံးပေါင်းသတ်ပုံ မှားနေလို့ ဦးဦးက နားမလည် ဖြစ်သွားတာပါ၊ ကျောက်ရုပ်ကို သည်လို ရေးရတယ်ကွဲ့၊ သဝေထိုး က ရပင့် ရေးချ ကသတ်ကျောက် လို့ ရေးရတယ်၊ အခု ကြောင့် လို့ ဖြစ်နေတယ်ကွဲ့”
သည်လို ရှင်းပြနေသည်ကို မြင်သောအခါ ထွန်းတောက်ထိန်သည် နှခေါင်းရှုံ့လိုက်မိသည်။ သူမို့လို့ ပျူစောထီးရွာက ပျူစောထီးတွေရဲ့ သားသမီးတွေကို စာသင်ပေးဖို့ စိတ်စေတနာရှိတယ်၊ နားကလည်း ကြားတာမဟုတ်ဘဲနဲ့။
ကလေးတွေပြောတာကို ဘယ်နားနဲ့ ထောင်ပြီး စာသင်ပါလိမ့်၊ တအားတွေ လူရာဝင်ချင်နေတာ၊ သောက်ပိုတွေ သိပ်လုပ်တာပဲ၊ အလကား သောက်ခြောက် ဟု စိတ်ထဲက ကျိန်ဆဲလိုက်သည်။ ရေမိုးချိုးပြီး မီးဖိုချောင်ထဲဝင်ကာ ထမင်းစားဖို့လုပ်တော့ ကန်တော်သာရွာမှ အမျိုးသမီးများက မီးဖိုချောင်အလုပ်ကို လုပ်နေသည်ကို တွေ့ရသည်။ သည့်ကြောင့် ကိုဖေသွင်သည် မီးဖိုချောင်အလုပ် အားလပ်နေပြီး ကလေးတွေကို စာသင်ပေးဖို့ စိတ်ကူးပေါ်တာ ဖြစ်ရမည်။
ထမင်းစားနေခိုက် ကန်တော်သာမှ တော်လှန်ရေးသမားများနှင့် အမျိုးသမီးများသည် ရွာ့အခြေအနေများကို တစ်ရွာတည်းသားချင်းမို့ ပြောနေကြသည်။ ဘယ်သူသည် ပျူစောထီးခေါင်းဆောင်ဖြစ်ကြောင်း၊ ထမင်းဝဝ မစားရကြောင်း၊ ဆားပင်မရှိကြောင်း၊ ရွာထဲက နွားတွေကို သတ်စားကြကြောင်း၊ အမဲသားကို ဆားမပါဘဲ ပြုတ်စားရကြောင်း၊ မြင်းခွာရွက်၊ အဝေရာရွက်များကိုလည်း ပြုတ်စားရကြောင်း။
“ကျွန်မတို့က ထွက်မပြေးရဲပါဘူး၊ ထွက်ပြေးလို့ မိရင် သတ်ပစ်မှာလေ၊ ဒါ့ကြောင့် ကျွန်မတို့မှာ ထမင်းမစားရရင် သေရပါလိမ့်မယ်၊ ထွက်သွားခွင့်ပေးပါလို့ အသနားခံရတာပေါ့၊ စစ်သားတွေကလည်း ဟုတ်ပေါင် စစ်ခွေးတွေကလည်း သူတို့လည်း ငတ်နေတော့ ခွင့်ပြုလိုက်တာပဲ၊ ရိက္ခာကလည်း ပြတ်နေ၊ လူကလည်း များနေရင် ဝေငှရတာ မလောက်တော့ လူလျော့လေ ရိက္ခာအကုန်သက်သာလေဆိုပြီး ကျွန်မတို့ကို ခွင့်ပြာပေးလိုက်တာ၊ ဒါပေမယ့် ကျွန်မတို့ အပြင်ရောက်ရင် တကယ်အဆင်ပြေကြောင်း သူတို့ကို တင်ပြရမယ်တဲ့လေ၊ မတင်ပြရင် ရွာမှာ ကျန်ခဲ့တဲ့ ကျွန်မတို့ရဲ့ ဆွေမျိုးသားချင်းတွေကို သတ်မယ်တဲ့၊ ဒါ့ကြောင့် ကျွန်မတို့ မဖြစ်မနေ အဆင်ပြေကြောင်း အကြောင်းကြားရဦးမှာ၊ ကျွန်မတို့မှာ တကယ်ပါ ပျူစောထီးလုပ်ချင်စိတ် မရှိပါဘူးရှင်၊ ကိုယ့်ရွာမို့လို့ ကိုယ့်ရွာမှာပဲ နေတာပါရှင်၊ သည်လို အစာရေစာငတ်ပြတ်သည်အထိ ပိတ်မိနေမယ်မှန်းသိရင် အစောကြီးကတည်းက ထွက်လာခဲ့ပါတယ်ရှင်၊ ကျွန်မတို့မှာ အပြစ်ဆိုလို့ ကန်တော်သာရွာသူဖြစ်နေရတဲ့ အပြစ်ကလေးပဲ ရှိတာပါရှင်၊ ကျန်ခဲ့တဲ့သူတွေကလည်း နေချင်လို့ ကျန်ခဲ့ရတာ မဟုတ်ပါဘူး၊ ကြောက်လို့ပဲ ကျန်ခဲ့ရတာပါ၊ ဒါ့ကြောင့်မို့ ကျွန်မတို့ရွာကို သိမ်းချင်သိမ်းပါ၊ မသိမ်းခင် ကျေးဇူးပြုပြီး ကျွန်မတို့ရဲ့ အမျိုးတွေရော ရွာထဲက ပြည်သူတွေကိုရော ကယ်တင်ပေးပါဦးရှင်၊ ကျွန်မ ရှင်တို့ကို တစ်ရွာတည်းသားတွေမို့လို့ အကူအညီတောင်းတာပါ၊ ကျွန်မတို့ရော ကျန်ခဲ့တဲ့ ပြည်သူတွေရောမှာ အားကိုးရာဆိုလို့ တစ်ရွာတည်းသားဖြစ်တဲ့ ရှင်တို့ပဲ ရှိတော့တာပါရှင်”
ထွန်းတောက်ထိန်သည် ထမင်းစားရင်း ကြားနေရသည်။ သည့်ကြောင့် သည်အမျိုးသမီးများအပေါ် သနားစပြုလာသည်။ သည့်ကြောင့်ပဲ မနက်ဖြန်ကျလျှင် ရသည့်အလှူငွေများထဲကနေ ငွေသွားထုတ်ရင်း စားသောက်ဖွယ်ရာလေးတွေ ဝယ်ဦးမည်ဟု ဆုံးဖြတ်လိုက်သည်။
ငွေများ ဆက်ပြီး ဝင်မဝင် သိရဖို့အတွက် သည်ည တစ်ညလုံး ရေအိုင်ရွာမှ အင်တာနက်ပေါ်မှာ ရှိနေရဦးမည်။ အဖော်အဖြစ် ဟိန်းထက်ကိုပါ ခေါ်လာခဲ့သည်။ ဟိန်းထက်ကလည်း ကမ့်ပ်တွင် ပြည်သူများ ရောက်နေသဖြင့် နေရာကျဥ်းကျပ်သည်ဆိုပြီး လိုက်လာခဲ့သည်။
ကန်တော်သာပျူစောထီးရွာမှာ ထွက်လာခဲ့သော အမျိုးသမီးများသည် ထွန်းတောက်ထိန်တို့ကမ့်ပ်တွင် တစ်ပတ်ကျော်ကျော်သာ နေသွားသည်။ သည်ကမ့်ပ်မှာပဲ နေနေလို့ မဖြစ်ပေ။ မြို့ပေါ်မှ ဆွေမျိုးသားချင်းများ၊ သည်နယ်ဘက်မှ ဆွေမျိုးသားချင်းများအိမ် သွားနေကြရသည်။ မသွားခင် ဒလန်မလုပ်ဖို့ အတင်းအကျပ် ဖိအားပေးထားခဲ့ရသေးသည်။
ထို အမျိုးသမီးများ၏ ပြောပြချက်များ၊ တောင်းဆိုချက်များကြောင့် သည်နယ်တဝိုက်တွင် နေထိုင်ကြသော ကန်တော်သာရွာမှ ရွာလူကြီးများနှင့် ကန်တော်သာမှ တော်လှန်ရေးသမားများသည် သည်ကမ့်ပ်တွင် လာရောက်စုဝေးကြသည်။ ဗျူဟာမှူးလည်း ရောက်လာသည်။ အကြောင်းကား ကန်တော်သာပျူစောထီးရွာအား သိမ်းပိုက်ဖို့ကိစ္စကို နောက်ဆုတ်စေလိုကြောင်း၊ ပိတ်မိနေသော ပြည်သူများကို အလျင်ဆုံး ကယ်ထုတ်လိုကြောင်း၊ အားလုံးကို ကယ်ထုတ်ပြီးမှ တကယ် ထွက်လာချင်စိတ်မရှိဘဲ ပေကပ်နေသူများသာ ကျန်ရှိနေကာမှ သိမ်းပိုက်ကြမည့်အကြောင်း ဆွေးနွေးတောင်းဆိုကြသည်။
ဗျူဟာမှူးကလည်း ခေါင်းညိတ်သည်။ ဗျူဟာမှူးဆိုသည်မှာလည်း ရန်သူအပေါ် ရက်စက်သင့်လျှင် ရက်စက်ပြီး ပြည်သူများအပေါ် ငဲ့ညှာသင့်လျှင် ငဲ့ညှာရသည်။ ဤသည်မှာ တော်လှန်ရေးသမားတို့၏ လူသားဆန်မှု ဖြစ်သည်။ ထွန်းတောက်ထိန်နှင့် ကိုကြံမောင်တို့သည် သည်ဆွေးနွေးပွဲမှာ ကိုယ်နှင့် သိပ်မဆိုင်သဖြင့် ဝင်မပြောတော့ဘဲ ဘေးနားမှာ နေကာ နားထောင်ပေးလေသည်။ စားဖိုမှူးကြီးဖြစ်သော ကိုဖေသွင်ကတော့ ဧည့်သည်များအတွက် လက်ဖက်သုပ်၊ ကော်ဖီ၊ မုန့်ကြွပ်၊ ရေနွေးကြမ်းများနှင့် ဧည့်ဝတ်ကျေအောင် တည်ခင်းပေးသည်။ ဆွေးနွေးဝိုင်းထဲ တစ်ခွန်းမှ ဝင်မပြောပေ။
နောက်နေ့တွေများ၌ ကန်တော်သာပျူစောထီးရွာမှ ပြည်သူများ တစ်သုတ်ပြီးတစ်သုတ် ရောက်လာကြတော့သည်။ သည်တစ်ခါတော့ ပျူစောထီးများလည်း ပါသည်။ လက်နက်တချို့လည်း ပါသည်။ ထိုပျူစောထီးများသည် ရှေ့တွင် ပြည်သူများ ထွက်သွားကြရာ အဆင်ပြေကြောင်း ကြားသိရသဖြင့် ကင်းစောင့်ချိန်ကို အခွင့်ကောင်းယူကာ ထွက်ပြေးလာကြခြင်းဖြစ်သည်။
သွားရောက်ကယ်တင်သော တာဝန်များကို ကန်တော်သာမှ တော်လှန်ရေးသမားများသာ လုပ်ကြသည်။ ထွန်းတောက်ထိန်တို့ကို လုံးဝ အဖော်မစပ်ပေ။ ထွန်းတောက်ထိန်တို့ကလည်း ပျူစောထီးများ အလင်းဝင်လာလေလေ သတင်းခေါင်းကြီးများအတွက် သတင်းရလေလေ ဖြစ်သည်။ လက်နက်ပါသော ပျူစောထီးများကို ဆုငွေလည်း ပေးအပ်မည်ဖြစ်သဖြင့် ဆုငွေပေးအပ်ဖို့အတွက် အလှူငွေလိုအပ်ကြောင်း လိုင်းပေါ်က မိတ်ဆွေများထံ အလှူခံသည်။
သည်အလုပ်များမှာ ထွန်းတောက်ထိန်တစ်ယောက်တည်း မဟုတ်ဘဲ ဥဒေါင်းတပ်မှ တပ်သားအားလုံး ကိုယ့်အသိ၊ ကိုယ့်မိတ်ဆွေများထံ ပြောပြအလှူခံကြရာ အလှူငွေများ ဝင်လာမစဲ တသဲသဲ ဖြစ်တော့သည်။ ထိုပျူစောထီးများ၏ ပြောပြချက်များအရ ကျန်ရှိသူများသည် အနည်းအကျဥ်းသာ ရှိတော့ကြောင်း၊ အလင်းဝင်မည့် စိတ်ဓာတ် လုံးဝ မရှိသောသူများသာဖြစ်ကြောင်း။
သည်လို သိရသောအခါတွင်မှ ဥဒေါင်းမင်းတပ်သားများ အားလုံး စုပေါင်းတိုင်ပင်ပြီး မစ်ရှင်ကို စတင်ဖော်ဆောင်ဖို့ အဆင်သင့်ဖြစ်ပြီဖြစ်ကြောင်း ဗျူဟာမှူးအား အသိပေးရန် ဆုံးဖြတ်ကြသည်။
ထွင်
အပိုင်း (၁၃) ဆက်ရန်…







