ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သွေးမျိုးစဥ်ဆက်

September 3, 2026

သွေးမျိုးစဥ်ဆက်

အပိုင်း (၁၁)

တစ်နေ့တွင် ကမ့်ပ်သို့ ဒေါ်ဖြူပြာတို့တစ်သိုက် ရောက်လာကြသည်။ စန္ဒာဝင်းဝင်းလည်း ပါသည်။ တခြား ဆရာမ သုံးယောက်လည်း ပါသည်။

ကျောင်းဖွင့်ဖို့ကိစ္စအတွက် ဆွေးနွေးတိုင်ပင်ရန်ဖြစ်သည်။ ဆွေးနွေးဖို့ပွဲကို ရွာတွင် မလုပ်ရဲ။ သတင်းပေါက်ကြားမှာ စိုးရိမ်ရသောကြောင့်တဲ့။ ကိုကြံမောင်လည်း ဘေးနားမှာ ရှိနေသည်။

ထွန်းတောက်ထိန်အား ကျောင်းအုပ်ခန့်အပ်သည့်ကိစ္စကို ဒေါ်ဖြူပြာက ရှင်းပြသည်။ ထွန်းတောက်ထိန်သည် ဒေါ်ဖြူပြာနှင့် မျိုးဆက်တော်စပ်မှုကြောင့် အလုပ်အတူလုပ်ရဖို့ကို သိပ်ပြီး သဘောမတွေ့လှသော်လည်း ဒေါ်ဖြူပြာထက် ရာထူးကြီးပိုင်းမှာ နေရမည်မို့ ကြည်ဖြူစွာ လက်ခံလိုက်သည်။ အလျင်က အဝင်းရှင်းပြပေးခဲ့သည်များကိုလည်း ကျေနပ်အားရသောကြောင့် ဖြစ်သည်။

အလျင်ဆုံး ကျောင်းဖွင့်ဖို့ နေရာကို စီစဥ်တိုင်ပင်ရွေးချယ်ကြသည်။ ရွာ့အပြင်တွင် ရှိနေသော စာသင်ကျောင်းထဲသို့ လုံးဝ မဖွင့်ရဲကြ။ လေယာဥ်ရန် ကြောက်ရသောကြောင့်တဲ့။ သည့်ကြောင့် တခြားနေရာသို့ ဖွင့်ရမည်။ ရွာထဲသို့ ခွေးစစ်ကြောင်း ဝင်လာလျှင် ဝင်လာနိုင်ချေအများဆုံးအရပ်ကား ရွာ၏ အရှေ့ဘက်၊ တောင်ဘက်နှင့် မြောက်ဘက် ဖြစ်သည်။

အနောက်ဘက်ကနေ လုံးဝ လာနိုင်ချေမရှိ။ အနောက်ဘက်မှာ လမ်းမရှိသောကြောင့်ပင်။ အရှေ့ဘက်တွင်လည်း လမ်းမရှိသော်လည်း စက်မှုရှိသည်။ စက်မှုကစစ်ခွေးများသည် တောလမ်းကနေ လာနိုင်သည်။ အရှေ့ဘက်သည် အကြောက်ရဆုံးဖြစ်သည်။ တောင်ဘက်နှင့် မြောက်ဘက်တွင် တခြားရွာများသို့ သွားလာရမည့် လမ်းမကြီးများ ရှိသည်။ အရှေ့၊ တောင်၊ မြောက် အရပ်သို့ ကျောင်းဖွင့်ပါက ခွေးစစ်ကြောင်း ဝင်လာလျှင် ပက်ပင်းတိုးနိုင်ဖွယ် ရှိသည်။

သည့်ကြောင့် အနောက်အရပ်မှာ ဖွင့်ဖို့ သဘောတူကြသည်။ မြေနေရာကား အိမ် မဆောက်ရသေးသော အိမ်ဝိုင်းမြေကွက်အလွတ်များတွင် ဖွင့်ကြမည်ဟု ဆိုသည်။ ကံကောင်းသည်ကား အိမ်မဆောက်ရသေးသော မြေကွက်အလွတ် နှစ်ကွက်ရှိနေသည်။ ထိုနှစ်ကွက်ပေါ်တွင် မန်ကျည်းပင်ကြီးများ အုပ်အုပ်ဆိုင်းဆိုင်း ရှိနေသည်။ သည့်ကြောင့် ထိုမြေကွက်တွင် ကျောင်းဆောက်လျှင် မန်ကျည်းပင်ကြီးများ အုပ်မိုးနေသောကြောင့် စာသင်ကျောင်းကို ဝေဟင်ကနေ မမြင်ရနိုင်ပေ။

သည့်ကြောင့် လေကြောင်းရန်အတွက် စိတ်ချရသည်။ သို့သော်လည်း မြေကွက်ပိုင်ရှင်များ၏ ခွင့်ပြုချက် လိုသေးသည်။ မြေကွက်ပိုင်ရှင်သည်လည်း စစ်အာဏာရှင်ကို ရှုတ်ချသည့်ဘက်ကဆိုတော့ ခွင့်ပြုနိုင်တန်ကောင်းသည်။ သည့်အပြင် သူတို့၏ သားသမီးများကိုလည်း ကျောင်းထားရမည်။ ခွင့်ပြုလိမ့်မည် ထင်ပါသည်။

အလျင်ဆုံး မြေကွက်ပိုင်ရှင်များ ခွင့်ပြုရန်အတွက် ဒေါ်ဖြူပြာတို့က ဖျောင်းဖျမည်ဟု ဆိုသည်။ ဒါမှ သဘောမတူသေးလျှင် ကိုကြံမောင်နှင့် ထွန်းတောက်ထိန်တို့ကိုယ်တိုင် လိုက်လံဖျောင်းဖျပေးမည်ဟု တိုင်ပင်သည်။ ဒါမှ သဘောမတူလျှင်တော့ တခြားတစ်နေရာကို ထပ်ပြီး စဥ်းစားကြတာပေါ့ဟု ဆိုဘကသည်။

ပြီးနောက် စာသင်ကျောင်းသည် ကြားကာလ NUG အစိုးရ၏ လမ်းစဥ်အတိုင်း လိုက်နာလုပ်ဆောင်ကြမည်ဆိုသော်လည်း NUG အစိုးရ၏ လစာကို တစ်ပြားမျှ ရမည်မဟုတ်ပေ။ ဆရာဆရာမများကိုလည်း NUG အစိုးရက ခန့်အပ်သည် မဟုတ်။ ကိုယ့်ရွာက ပညာတတ်များနှင့်တိုင်ပင်ကာ ခန့်အပ်ရခြင်းဖြစ်သည်။ ကိုယ်ထူကိုယ်ထ ကျောင်းကလေးဟု ဆိုရမည်။

သည့်ကြောင့် ကျောင်းသား၊ ကျောင်းသူများထံက ကျောင်းလခ ကောက်ကြရလိမ့်မည်။ စာသင်ပေးမည့် ဆရာမများကလည်း အခမဲ့ စာသင်ပေးနိုင်ပါသော်လည်း ယခုလိုကာလမှာ အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိကြသဖြင့် ကျောင်းလခများထဲက အညီအမျှ ခွဲဝေယူကြရမည်ဟု ဆိုသည်။

နဂိုကတည်းက စေတနာရှိရှိ သင်ပြပေးကြမည်မို့ ကျောင်းလခကိုလည်း ဆန်တစ်အိတ် တစ်သိန်းအထက်ရှိသော ကာလမှာ ရှစ်သောင်းခန့်သာ လစာယူမည်ဟု ဆိုကြသည်။ ပိုတာကို ကျောင်းရန်ပုံငွေအတွက် သုံးစွဲကြမည်ဟု ဆိုသည်။ အားလုံးက သဘောတူကြသည်။

ပြီးနောက် ကျောင်းသားကျောင်းသူများ၏ ကျောင်းဝတ်စုံကိုလည်း အရောင်ပြောင်းမည်ဟု ဆိုကြသည်။ အဖြူအစိမ်း ဝတ်စုံသည် စစ်အာဏာရှင်၏ လက်အောက်တွင် ဖွင့်သော ကျောင်းသားကျောင်းသူများဟု အဓိပ္ပါယ်ရသည်။

မိမိတို့ဖွင့်သော ကျောင်းသည် စစ်အာဏာရှင်၏ လက်အောက်တွင် ဖွင့်ထားသော ကျောင်းဟု အထင်မခံနိုင်ပေ။ ထင်မြင်သွားပါက စစ်အာဏာရှင်ကို ရွံမုန်းသူများက တစ်မျိုးထင်နိုင်၏။ တစ်မျိုးထင်လျှင် အန္တရာယ်များ၏။ အင်္ကျီကိုသာ အဖြူကနေ မပြောင်းလဲဘဲ လုံချည်ကိုသာ အရောင်ပြောင်းမည်။ လုံချည်ကို ဘာအရောင်ပဲ ဖြစ်ဖြစ် အစိမ်းမဟုတ်လျှင် ကျေနပ်ပြီ။

တချို့ရွာများတွင် တစ်ရွာလျှင် တစ်မျိုးစီ ပြောင်းထားတတ်ကြသည်။ ခိုပြာ၊ နက်ပြာ၊ နီညို ၊ အနီ စသဖြင့်ဖြစ်သည်။ နီညိုရောင်လေး ရွေးကြရအောင် ဟု ဆရာမများက အကြံပေးသဖြင့် အလွယ်တကူ သဘောတူလိုက်ကြသည်။ ပြီးနောက် ဆရာမများသည် မိမိတို့သည် ဆရာမများဖြစ်သော်လည်း ရပ်ဝေးတစ်နေရာသို့ သွားပါက ဆရာမလို့ အခေါ်ခံရလျှင် အန္တရာယ်များနိုင်သောကြောင့် ဆရာမလို့ မခေါ်ရန် ကျောင်းသားကျောင်းသူများအား ကြိုတင်ပြောပြထားရမည်။

သည့်ကြောင့် မိမိကြိုက်နှစ်သက်သော နာမည်ကို ရွေးချယ်ထားရမည်။ နာမည်ရင်း အသုံးမပြုရပေ။ ထွန်းတောက်ထိန်ကိုလည်း ကိုဂျက်ဆန်ဟု ခေါ်ပေးဖို့ ပြောပြထားလိုက်သည်။ သည်တော့မှ ဆရာမများသည် သူတို့နာမည်ကို သူတို့ရွေးချယ်ရင်း ရယ်မောနေကြသည်။ ကျောင်းဖွင့်ဖို့ကိစ္စကို ဆွေးနွေးရာမှာ မပြီးဆုံးသေးသော်လည်း သည်လောက်နှင့် ရပ်နားလိုက်ကြသည်။

ထွန်းတောက်ထိန်သည် ပြည်ပရောက် မိတ်ဆွေများထံ အပြောကောင်းကောင်းနှင့် ပြောထားသဖြင့် အလှူငွေများကို များများစားစား ရလိုက်သည်။ မိမိသည် ရာထူးများစွာ ယူထားရကြောင်း၊ ရွာ့ကောင်းကျိုးများစွာ လုပ်ဆောင်နိုင်ရန်အတွက် မိတ်ဆွေများ၏ အကူအညီကို လိုအပ်ကြောင်း ပြောပြသည်။

မိတ်ဆွေများကို တခြားသူများအားလည်း လှူဒါန်းဖို့ ဆော်သြပေးရန် ပြောထားသည်။ မိတ်ဆွေများက လစဥ် အလှူငွေကောက်ပြီး လှူဒါန်းကြမည်ဟု ဆိုသည်။ ထိုငွေများကို အကျိုးရှိရှိ အသုံးချပေးမည်ဟု ကတိပေးသည်။

ကျောင်းဖွင့်ဖို့အတွက် ရွေးချယ်ထားသော မြေနေရာအား မြေပိုင်ရှင်က ခွင့်ပြုသည်ဟု ဒေါ်ဖြူပြာတို့၊ အဝင်းတို့ထံက ကြားသိရသောအခါ ကိုကြံမောင်နှင့် ထွန်းတောက်ထိန်တို့သည် ကျောင်းကိစ္စအတွက် ရွာသို့ ဝင်ချည်ထွက်ချည် လုပ်နေရသည်။

ကျောင်းကို ဘယ်လိုပုံစံ ဆောက်လုပ်မည်ကို ရွာလူကြီးများကို စုဝေးစေပြီး တိုင်ပင်ရသည်။ ထိုအခါမျိုးတွင် ထွန်းတောက်ထိန်သည် အားလုံးရှေ့မှာ မတ်တတ်ရပ်ပြီး ပြောရသည်။ အစကတော့ သည်လိုပြောရတာ ဒူးတုန်နေခဲ့ပေမယ့် နောက်ပိုင်း အားလုံးက ထွန်းတောက်ထိန်၏ ဦးဆောင်မှုကို လက်ခံသဘောကျကြသည့်အခါ ထွန်းတောက်ထိန်သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာခဲ့သည်။

ဘယ်သူ့ကိုမှလည်း မကြောက်တော့ပေ။ ထွန်းတောက်ထိန်၏ မိဘများသည်လည်း သူတို့သား၏ ဦးဆောင်နေမှုကို မြင်ရသည့်အခါ ကြည်နူးရွှင်ပျမဆုံး ဖြစ်နေခဲ့ကြသည်။ ငါတို့သည် သားကို ပညာတတ်ကြီးအောင် မြေတောင်မြှောက်ပေးခဲ့သည်မှာ အလကားမဟုတ်။ သည်လို အများအကျိုးကို ထမ်းရွက်သူဖြစ်အောင်၊ လူ့အဖိုးတန်တစ်ယောက်ဖြစ်အောင် မြေတောင်မြှောက်ပေးခဲ့ခြင်းပါ။

ပညာတတ်ဆိုတာ အဲ့သည်ပညာနဲ့ ကိုယ့်နိုင်ငံရဲ့ကောင်းကျိုးကို ပြုလုပ်ပြီး ကိုယ့်နိုင်ငံရဲ့ ကျေးဇူးကို တုံ့ပြန်ရမည်။ ပြည်ပထွက်ပြီး ပြည်ပနိုင်ငံမှာ ကျွန်ပြုနေဖို့မဟုတ်။ အခုတော့ ရည်ရွယ်ချက်တွေ ပြည့်ဝခဲ့ကြပြီမို့ မိဘများသည် ဝမ်းသာပီတိမျက်ရည်များ ကျကြရသည်။

ရွာလူကြီးများက ကျောင်းကလေးကို ထန်းလက်တဲကလေးကို မိုးကြမည်ဟု ဆုံးဖြတ်သည်။ ကျောက်သင်ပုံးနှင့် စာသင်ခုံအတွက် ရွာပြင်က စာသင်ကျောင်းက ယူမည်။ တိုင်လုံးနှင့် ဝါးများကို အလှူငွေ၊ ရန်ပုံငွေထဲက သုံးစွဲမည်။ လှူနိုင်သူက လှူနိုင်ပါကြောင်း။ အမိုးအတွက် ထန်းလက်ကို တစ်အိမ်လျှင် တစ်ဆယ်လက် ပို့ပေးရမည်ဟု ဆုံးဖြတ်ကြသည်။

ကျောင်းဆောက်လုပ်ဖို့ ပစ္စည်းများ စုံလင်သောအခါ ဆောက်လုပ်ဖို့အတွက် တစ်ရွာလုံး တစ်အိမ်တစ်ယောက် လာရောက်ကူညီကြရသည်။ အားလုံးက တက်ညီလက်ညီရှိကြပါသည်။ မည်သူကမျှ မငြူစူကြ။ ကျောင်းသုံးစာအုပ်ဝယ်ဖို့၊ ကျောင်းအပ်ဖို့လည်း စီစဥ်ကြရသေးသည်။

ကျောင်းသုံးစာအုပ်အတွက် မြို့ဘက်ကနေ ခက်ခက်ခဲခဲ ဝယ်ရသည်။ လမ်းခရီးတွင် အစစ်အဆေး ကြမ်းသည့်ကြားက လျှိုလျှိုဝှက်ဝှက် သယ်ယူရသည်။ စစ်အာဏာရှင် စိုးမိုးနယ်မြေဘက်မှာ စစ်သင်ကျောင်းများကို အလွန်မုန်းတီးသည့်အတွက် ထိုကျောင်းနှင့် ပတ်သက်သော ကိစ္စများကို တင်းကျပ်စွာ စစ်ဆေးတတ်သည်။ ကျောင်းဖွင့်တော့မည်ဆိုတော့ ကျောင်းဝတ်စုံအတွက် ရွာထဲက စက်ချုပ်သမများမှာ နေ့မအား၊ ညမအား ချုပ်လုပ်ရကြတော့သည်။

အဝင်းတောင် အားတွေ နာလှပြီဟု ထွန်းတောက်ထိန်ကို ငြီးဖူးသည်။ ထွန်းတောက်ထိန်လည်း ဦးဆောင်ဦးရွက် ပြုရသည်မှာ ပင်ပန်းလှသည်ဟု ပြန်လည်ငြီးရသည်။ သည်ကြားထဲ မနာလိုသူရှိလျှင် ဒလန်ရှိလျှင် လုပ်ကြံခံရမည်ကိုလည်း စိုးကြောက်ရသေးသည်။ သည့်ကြောင့် ကိုကြံမောင်နှင့် ထွန်းတောက်ထိန်တို့သည် ရွာသို့ ဝင်ချည်ထွက်ချည် ပြုနေရသော်လည်း ရွာတွင် ညမအိပ်ရဲကြ။ ကမ့်ပ်သို့သာ ပြန်ပြီး အိပ်ကြရသည်။

သည်ကြားထဲ အရှေ့မြို့နယ်နှင့် အနောက်မြို့နယ်မှ ဗျူဟာမှူးများက တပ်ဖွဲ့ပေါင်းစုံမှ ခေါင်းဆောင်များကို တစ်နေရာရာတွင် လျှို့ဝှက်စုဝေးစေပြီး အစည်းအဝေးလုပ်ကြသည်။ ထွန်းတောက်ထိန်နှင့် ကိုကြံမောင်တို့လည်း သွားရောက်စုဝေးရသည်။

တပ်ဖွဲ့ပေါင်းစုံမှ ခေါင်းဆောင်များ တသောသော ရောက်လာကြသည်။ ထိုစဥ်က ကိုကြံမောင်က အားလုံးနှင့်ထွန်းတောက်ထိန်အား မိတ်ဆက်ပေးသဖြင့် ထွန်းတောက်ထိန်သည် မိတ်ဆွေအများအပြားကို ရရှိခဲ့သည်။ ကိုင်းတောကြီးရွာအထက်တန်းကျောင်းတွင် အတူတက်ခဲ့သော သူငယ်ချင်းအချို့နှင့်လည်း ပြန်ဆုံရသည်။

တစ်နယ်တည်းသားတွေဆိုပေမယ့် တစ်ရွာစီမို့ မတွေ့ရတာ နှစ် အတော်ကြာခဲ့ပြီဖြစ်သည်။ သည်တော့ လမ်းတူလျှင် လမ်းချင်းတွေ့မည်၊ ရင်ဘတ်ချင်းတူလျှင် ပေါင်းမည်ဆိုသော စကားများကို သတိရသည်။ အားလုံးကလည်း တကယ့်စိတ်ရင်းနှင့် ခင်မင်သွားကြသည်။ ထွန်းတောက်ထိန်နှင့် ရွယ်တူများက ပိုပြီး ခင်မင်ကြသည်။ သူ့တပ်ကိုယ့်တပ်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ကြသည်။

အရင်တုန်းက မမြင်ဖူးဘူးနော်၊ ဘယ်တပ်ရောက်နေတာလဲဟု မေးကြသည်။ ထွန်းတောက်ထိန်က မြောက်မြို့နယ်နားက တပ်တစ်ခုမှာ ရောက်နေတာ၊ သည်နေရာနဲ့ ဝေးနေလို့ မတွေ့ရတာ၊ အခုတော့ ဥဒေါင်းမင်းတပ်ကို ပြောင်းလာပါပြီ ဟု ရှင်းပြသည်။ ဪ အင်းပေါ့၊ ဘယ်နေရာရောက်ရောက် တစ်လမ်းတည်းသွားတွေပါပဲ၊ တော်လှန်နေဖို့သာ အရေးကြီးတာ ဟု နားလည်ပေးကြသည်။

ဗျူဟာမှူးက လူစုံသောအခါ မကြာမီနှစ်လအတွင်း မစ်ရှင်တစ်ခု ဖော်ဆောင်ဖို့ရှိသည့်အတွက် တပ်ဖွဲ့အားလုံး လက်နက်ခဲယမ်းကို အလုံအလောက် စုဆောင်းထားရမည်ဟု ဆိုသည်။ လက်နက်ခဲယမ်းကို အထက်က ရနိုင်မှာ မဟုတ်သည့်အတွက် အလှူခံပြီး ဝယ်ယူရမည်ဟု ဆိုသည်။

ကိုယ့်တပ်ဖွဲ့မှာ လက်နက်ခဲယမ်းပြည့်စုံဖို့ရာ ကိုယ့်တပ်ဖွဲ့မှာသာ တာဝန်ရှိသည်ဟု ဆိုသည်။ မစ်ရှင်တွင် တိုက်ပွဲဝင်ရမည့် ရဲဘော်များကိုလည်း သေချာလေ့ကျင့်သင်ကြားနေကြဖို့ အကြံပေးသည်။

“သည်တစ်ခါမစ်ရှင်ဖော်ဆောင်မှာက ဘယ်နေရာလဲဆိုတာကို အားလုံးကို အသိမပေးချင်သေးဘူး၊ အားလုံးကို မယုံလို့တော့ မဟုတ်ပါဘူး၊ မလိုအပ်သေးလို့ မပြောသေးတာပါ၊ လိုအပ်သူတွေကိုတော့ မပြောမဖြစ် ပြောထားပါ့မယ်၊ အခုက အားလုံးကို ဖိတ်ခေါ်ရတာက အားလုံးကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားစေချင်လို့ပါ”

ဗျူဟာမှူးက ထိုကဲ့သို့ ရှင်းပြသည်။ ပြီးနောက် အားလုံးက ခေါင်းတညိတ်ညိတ်လုပ်ပြီး ပြန်သွားကြသည်။ နောင်နေ့များမှာတော့ ထိုဗျူဟာမှူးကပဲ ထွန်းတောက်ထိန်တို့ကမ့်ပ်သို့ ရောက်လာပြီး ဥဒေါင်းမင်းတပ်ဖွဲ့မှ ခေါင်းဆောင်အားလုံးကို စုဝေးစေသည်။ ဗျူဟာမှူးပြောသည်က

“သည်တစ်ခါ ဖော်ဆောင်မယ့် မစ်ရှင်အလှည့်က ကန်တော်သာပျူသောထီးရွာကို သိမ်းပိုက်ရမယ့်အလှည့်ပါ၊ ဒါ့ကြောင့် ဥဒေါင်းမင်းတပ်မှာလည်း ကန်တော်သာပျူစောထီးရွာက တပ်ဖွဲ့သားတွေ ပါဝင်တယ်ဆိုလို့ ဥဒေါင်းမင်းတပ်ကိုပဲ သည်မစ်ရှင်အကြောင်း သီးသန့်ပြောပြတာပါ၊ သည်ကြားထဲ ဥဒေါင်းမင်းတပ်ဖွဲ့သားတွေအားလုံး စုပေါင်းတိုင်ပင်ပြီး ကန်တော်သာပျူစောထီးရွာက ပြည်သူတွေကို ငဲ့ညှာသောအားဖြင့် မစ်ရှင်မဖော်ဆောင်ခင်ကာလမှာ ပျူတော်သာပျူစောထီးရွာမှ ပျူစောထီးများကို အလင်းဝင်ဖို့ တတ်နိုင်သမျှ ဖိအားပေးပါ၊ ပြည်သူတွေကိုလည်း တတ်နိုင်တဲ့ နည်းလမ်းနဲ့ ထွက်လာကြဖို့ ဆော်သြပေးပါ၊ မစ်ရှင်ကို စတင်ဖို့ အချိန် နှစ်လပေးထားပေးမယ့် ကန်တော်သာပျူစောထီးရွာမှ ပြည်သူတွေကို ဖိအားပေးတာတို့ ထွက်လာဖို့ ပြင်ဆင်နေတာတို့အတွက် အချိန်စောင့်ဆိုင်းခိုင်းရင်တော့ ကျွန်တော်တို့ဘက်ကလည်း မစ်ရှစ်စတင်ဖို့ နောက်ဆုတ်ထားပေးပါ့မယ်”

“ဟုတ်ကဲ့ပါဗျူဟာမှူးခင်ဗျား”

ဗျူဟာမှူး၏ ပြောကြားချက်များမှာ ခေါင်းဆောင်ပီပီ ရှင်းလင်းပြတ်သား တိကျလှသဖြင့် ဥဒေါင်းမင်းတပ်သားအနေနှင့် ပြန်လည်မေးမြန်းစရာများပင် မလိုအပ်တော့ပေ။ သည်ကိစ္စအတွက် ထွန်းတောက်ထိန်တို့မှာ သိပ်ပြီး တာဝန်မရှိပေ။ ကန်တော်သာရွာမှ တပ်သားများသာ တာဝန်ရှိသည်။

ကန်တော်သာရွာမှ တပ်သားများမှာ နည်းပါးသဖြင့် ရေအိုင်ရွာသားများနှင့် သွားရောက်နေထိုင်ကြသည်။ ဗျူဟာမှူးပြောသလို ပျူစောထီးများကို အလင်းဝင်ဖို့ အတတ်နိုင်ဆုံး နည်းလမ်းဖြင့် ဖိအားပေးမည်။ ပြည်သူများကိုလည်း တတ်နိုင်သော နည်းလမ်းဖြင့် ထွက်လာကြဖို့ ဆော်သြမည်။

အကယ်၍ ပျူစောထီးများနှင့် ပြည်သူများ အလင်းဝင်လာပါ၊ ထွက်လာပါက တပ်ဟောင်းနေရာဖြစ်သော ထွန်းတောက်ထိန်တို့ကမ့်ပ်တွင် တည်းခိုစေမည်ဟု ဆိုသည်။ အားလုံးက သဘောတူကြသည်။
ကိုကြံမောင်နှင့် ထွန်းတောက်ထိန်တို့ကတော့ လက်နက်ခဲယမ်း ပြည့်စုံရန်အတွက် တိုင်ပင်ကြရပြန်သည်။ လိုင်းပေါ်မှ အလှူငွေ လှူနေကြသည့် မိတ်ဆွေများကိုလည်း အကျိုးအကြောင်း ပြောထားရသည်။ နှုတ်လုံဖို့လည်း လိုသည်ဟု သတိပေးထားရသည်။

ကိုကြံမောင်က သေနတ် သုံးလက်ရှိပြီးသားမို့ သေနတ် ထပ်မဝယ်တော့ဘဲ ကျည်ကိုသာ ဝယ်ရမည်ဟု ပြောသည်။ သည်မစ်ရှင် အောင်မြင်လျှင် ရန်သူ့ထံမှ လက်နက်ကို မိမိတို့အား နည်းနည်းပေးပါရန် ဗျူဟာမှူးများထံ တောင်းဆိုမည်ဟု ဆိုသည်။ မစ်ရှင်တစ်ခုရှိလျှင် တပ်ဖွဲ့မှ တပ်သား လေးငါးဦးသာ လိုက်ရပြီး သေနတ်သုံးလက်ကို တစ်လှည့်စီ သုံးလို့ရသည်ဟု ဆိုသည်။

သည့်ကြောင့် ငွေအလုံအလောက် ရသည့်အခါ ကျည်ဆန်ဝယ်ရန် သွားကြရမည့်ရက်ကို ကိုကြံမောင်က သတ်မှတ်ထားသည်။ ကိုကြံမောင့်မှာ မိတ်ဆွေများစွာ ရှိသဖြင့် ကျည်ဆန်ကို ဘယ်ကနေ ဝယ်ရမည်ကို သိနေသည်။ သွားရမည့်နေရာကို မေးကြည့်သောအခါ တစ်ညအိပ်ခရီးခန့် ဝေးကွာသည်ကို ထွန်းတောက်ထိန် သိလိုက်ရသည်။ သို့သော်လည်း မလိုက်မဖြစ် လိုက်ရမည်။

ထိုအတောအတွင်း ချိုသာနှင်းထံက မက်ဆေ့ဝင်လာခဲ့သည်။ အစကတော့ ချိုသာနှင်းဆိုတာ ဘယ်သူပါလိမ့်ဟု ထွန်းတောက်ထိန် ခဏစဥ်းစားလိုက်ရသေးသည်။ အလုပ်တွေ ရှုပ်လွန်းလှသဖြင့် ချိုသာနှင်းကိုပင် မေ့နေပြီမဟုတ်လား။ အလုပ်တွေ ရှုပ်နေသော အတောအတွင်း ချိုသာနှင်းထံက စာများများ မပို့တာကိုပင် ကျေးဇူးတင်နေမိသေးသည်။ သည်ကောင်မလေး သိပ်အလိုက်သိတတ်သားပဲ။

“ကိုဂျက် လိုင်းလည်း မတက်ဘူးနော်၊ Tik Tok မှာ အနှင်းစာပို့ထားပြီ ကြာပြီ၊ စာလည်း မပြန်ဘူး”

ထွန်းတောက်ထိန်သည် Tik Tok ဆိုတာ အားယားနေသူ အပေအတေအလေအလွင့်များသာ သုံးစွဲသည်ဟု ယူဆသဖြင့် Uninstall လုပ်ပစ်ထားသည်။

“ကိုဂျက်စာပြန်မှာကို မျှော်ရင်းမျှော်ရင်းနဲ့ စာမပြန်လို့ ဖုန်းနဲ့မက်ဆေ့ပို့လိုက်တာပါကိုဂျက်၊ အနှင်း အရမ်း ဝမ်းနည်းတာပဲ၊ ကိုဂျက် အရမ်း ရက်စက်တာပဲနော်၊ ကိုဂျက်ပြောင်းသွားတာကို အနှင်းကို အသိပေးမသွားဘူး၊ အနှင်းချစ်သလောက် ကိုဂျက်က မချစ်ဘူးဆိုတာ သိလိုက်ရတော့ အနှင်း ညည ငိုမိတယ်၊ တစ်နေ့နေ့မှာ ကိုဂျက်က ဆက်သွယ်လာလိမ့်မယ်လို့ အနှင်းမျှော်လင့်နေခဲ့မိသေးတယ်၊ ဒါပေမယ့် ကိုဂျက်က မျှော်သာမျှော် ပေါ်မလာလို့ အနှင်းဆက်သွယ်လိုက်ရတာပါ၊ အနှင်းတက္ကသိုလ် တက်ရတော့မယ်ကိုဂျက်၊ တက္ကသိုလ်ကျရင် ဖုန်းသုံးရမှာမဟုတ်ဘူး၊ ဒါ့ကြောင့် တက္ကသိုလ်မသွားခင် ကိုဂျက်နဲ့ တစ်ခါလောက် တွေ့ချင်သေးလို့ ဆက်သွယ်လိုက်တာပါကိုဂျက်ရယ်၊ အနှင်းကို တွေ့ခွင့်ပေးမယ်မဟုတ်လား”

ထွန်းတောက်ထိန်သည် ချိုသာနှင်းအပေါ် အတည်ရည်ရွယ်သော ချစ်စိတ်မရှိသဖြင့် အဆက်အသွယ်ဖြတ်ထားလက်စနှင့် ဆက်ပြီး အဆက်အသွယ်ဖြတ်ထားတာ ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်လျှင် ဖြစ်နိုင်လျှင် သည်ကောင်မလေးလည်း ထွန်းတောက်ထိန်ကို မေ့ပြီး တခြားကောင်လေးတစ်ယောက်နှင့် ချစ်ကြိုက်သွားစေချင်သည်။ သည့်ကြောင့် ဆင်ခြေများပေးကာ အနှင်း၏ တောင်းဆိုချက်ကို ငြင်းပယ်လိုက်သည်။

“ကိုဂျက်ပြောရင် အနှင်း ယုံပါ့မလားကွယ်၊ ကိုဂျက်မှာ အခုတလော အလုပ်တာဝန်တွေ ပိနေတယ်၊ တော်လှန်ရေးအတွက် ဒုခေါင်းဆောင်နေရာကို ယူထားရတယ်၊ ရွာအတွက်လည်း ကျောင်းအုပ်တာဝန်ကို ယူနေရတယ်၊ ကဲ ဒါဖြင့် ကိုဂျက်ဘယ်လောက် အလုပ်များလိမ့်မယ်ဆိုတာ အနှင်းတွေးကြည့်နိုင်ပါတယ်၊ ကိုဂျက်မသွားခင် အနှင်းကို နှုတ်မဆက်တာက အနှင်းကို ဝမ်းနည်းသွားမှာစိုးလို့ နှုတ်မဆက်ရက်တာပါ၊ ပြီးတော့ အနှင်းကို ကျောင်းတက်မယ့်ကိစ္စတွေအတွက် နောက်ဆံမတင်းစေချင်လို့ပါ၊ ကိုဂျက် ခုလောလောဆယ် အလုပ်တွေ တအားရှုပ်နေတော့ အနှင်းရဲ့တောင်းဆိုချက်ကို မလိုက်နာနိုင်တာကိုလည်း နားလည်ပေးပါလို့ တောင်းဆိုပါရစေ၊ အနှင်းကို ချစ်သေးလား မချစ်တော့ဘူးလားဆိုတာတောင် ကိုဂျက်ကိုယ်ကိုဂျက် မသိတော့ဘူး၊ အခုချိန် ကိုဂျက်စိတ်ထဲ အလုပ်တာဝန်တွေချည်းပဲ တွေးနေရလို့ ကျန်တာဘာမှ မတွေးအားနိုင်လို့ပါ၊ အနှင်းကျောင်းတက်ရတော့မယ်ဆိုရင် ကျောင်းသွားတက်ပါတော့ကွယ်၊ အနှင်းအတွက် ကိုဂျက်အရမ်းဝမ်းသာတယ်၊ ဒီကာလကြီးမှာ တက္ကသိုလ်တက်ရတော့ အနှင်းအတွေ့အကြုံတွေ အများကြီးရမှာပါ၊ တက္ကသိုလ်မှာ ကောင်လေးတွေတောင် ရချင်ရဦးမှာ၊ ထားပါတော့ ကိုဂျက်ပြောချင်တာက အနှင်းလည်း ကျောင်းတက်နေစဥ်ကာလမှာ ကျောင်းစာကိုပဲ အာရုံစိုက်ပါ၊ ကျန်တာ ဘာမှ မတွေးပါနဲ့၊ ကျောင်းပိတ်ရင်တော့ ကိုဂျက်ကို ဆက်သွယ်ဖို့ မမေ့နဲ့ဦးနော်၊ အဲ့အချိန်ကျ ကိုဂျက်မအားရင်တောင် အနှင်းကို လာတွေ့ပါ့မယ်ကွယ်”

“အဲဒီလိုလားကိုဂျက်ရယ်၊ အနှင်းတောင်းပန်ပါတယ်၊ အနှင်းလုပ်ပုံက အလိုက်မသိတတ်ရာ ကျသွားတယ်၊ အနှင်းတကယ်ကို တောင်းပန်ပါတယ်နော်၊ ကိုဂျက်အခုလို အလုပ်များတယ်လို့ သိလိုက်ရတော့ ကိုဂျက်ကိုလေ အနှင်းပိုပြီး လေးစားမိသွားရသလို ပိုပြီးတော့လည်း ချစ်သွားမိတယ်၊ ရှင်းရှင်းပြောရရင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုတောင် ပြေးမြင်မိသွားတယ်၊ ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ချစ်သူ ဒေါ်ခင်ကြည်ကို ရည်းစားစကား တစ်ခွန်းမှ မပြောဖူးဘဲ ခင်ဗျားကို ကျွန်တော်လက်ထပ်ချင်တယ်လို့ စာလေးတစ်စောင်ပဲ လူကြုံနဲ့ ရေးပေးလိုက်တယ်တဲ့၊ ဒါဖြင့်ရင် ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်လွတ်လပ်ရေးအတွက် အလုပ်တွေကို ဘယ်လောက် မအားမလပ်နိုင်အောင် လုပ်နေတယ်ဆိုတာ ခန့်မှန်းလို့ရနိုင်တယ်၊ အခု ကိုဂျက်လည်း အဲသည်လိုနေမှာပါပဲ၊ ကိုဂျက်တို့လို တိုင်းပြည်လွတ်လပ်ရေးအတွက် လုပ်နေသူတွေကို အနှင်းက အနှောင့်အယှက်ပေးမိမှာ သိပ်ကြောက်တာပဲ၊ ဟုတ်ကဲ့ ကိုဂျက်လုပ်စရာရှိတာ ဆက်လုပ်ပါ၊ အနှင်းတို့သာ ဘာမှ လုပ်နိုင်စွမ်းမရှိလို့ ကျောင်းတက်နေရတာ၊ ကိုဂျက်စကားကို အနှင်းနားထောင်ပါ့မယ်၊ ကျောင်းကိစ္စကိုပဲ အာရုံစိုက်ပါတော့မယ်၊ ကိုဂျက်ပြောသလို တက္ကသိုလ်မှာ ကောင်လေးတစ်ယောက် ရမယ်မထင်ပါဘူး၊ ဘာလို့ဆို အနှင်းက ကိုဂျက်ကလွဲလို့ ဘယ်ယောကျ်ားကိုမှ ချစ်နိုင်တော့မှာ မဟုတ်လို့ပါပဲ၊ ကျောင်းတက်နေစဥ်ကာလမှာ ကိုဂျက်ကိုလည်း လွမ်းနေပါဦးမယ်၊ ကိုဂျက်ကိုလည်း တော်လှန်ရေးကြီးလုပ်ရင်း ဘေးကင်းကင်းနဲ့ အောင်မြင်နိုင်ပါစေလို့ ဆုတောင်းပေးနေပါ့မယ်၊ ကျောင်းပိတ်လို့ ပြန်လာရင်တော့ ပြန်တွေ့ကြမယ်နော်ကိုဂျက်၊ ဖုန်းနံပါတ်မပြောင်းလိုက်နဲ့နော်၊ မဖြစ်မနေ ဖုန်းနံပါတ်ပြောင်းရမယ်ဆိုရင်တော့ အနှင်းကို ကြိုပြောထားပါဦးနော်၊ ကိုဂျက်နဲ့အဆက်အသွယ်ပြတ်သွားမှာ သိပ်ကြောက်နေမိလို့ပါ”

“အေးပါကွယ် အနှင်းရယ်”

ချိုသာနှင်း၏ စကားတွေကိုကြည့်ပြီး ထွန်းတောက်ထိန် သိပ်ခက်မိသွားသည်။ ကိုယ့်ကို မေ့နိုင်ပါစေတော့ဆိုပြီး ပစ်ထားလိုက်ပေမယ့် အထင်နှင့်အမြင်တွေ တက်တက်စင်အောင် လွဲနေပါရောလား။ ချိုသာနှင်းက သူ့ကို ဖြတ်မရလောက်အောင် သိပ်ချစ်နေတာ သိသာနေပြီ။ ဘယ်လိုလုပ်ရပါ့။

ထွန်းတောက်ထိန့်မှာ အဝင်းရှိနေကြောင်း အနှင်းကို မပြောရက်။ ကိုယ့်အပေါ် သည်လောက် အသည်းနင့်အောင် ချစ်နေသူအပေါ် သည်လို ရက်စက်စွာ မပြောရက်နိုင်အား။ အသည်းများ ကွဲပြီး သေသွားမလား။ ဒါမှမဟုတ် အဝင်းနှင့်ဘယ်တုန်းက ချစ်နေတာလဲလို့လည်း စုံစမ်းနိုင်သေးသည်။

အနှင်းထက် အရင် ချစ်နေခဲ့ကြောင်း သိသွားခဲ့လျှင် အနှင်းကို အပျော်သက်သက်ကြံတာလားဆိုပြီး ပြဿနာရှာမှာကို ကြောက်ရသေးသည်။ သည်ကောင်မလေး ကျောင်းတက်နေစဥ်မှာ အသစ်တွေ့ပြီး ထွန်းတောက်ထိန်ကို မေ့နိုင်ပါစေလို့သာ ဆုတောင်းရတော့သည်။


မကြာမီရက်များအတွင်း စာသင်ကျောင်းလည်း ဖွင့်နိုင်ခဲ့ပါပြီ။ ရွာထဲတွင် အဖြူအင်္ကျီ ကြက်သွေးရောင်လုံချည်နှင့် ကျောင်းသားကျောင်းသူလေးများကို မြင်ရသည့်အခါ ထွန်းတောက်ထိန်သည် ကြည်နူးရွှင်ပျနေမိသည်။ သည်လို ကျောင်းကလေး ပြန်ဖွင့်နိုင်အောင် လုပ်ဆောင်မှုတွေထဲမှာ မိမိ၏ ကြိုးစားချက်လည်း ပါနေသည်ခဲ့မဟုတ်လား။

သည်ကြားထဲ အနယ်နယ် အရပ်ရပ်တွင် လေယာဥ်ဖြင့် ဗုံးကြဲခံရမှုတွေ ခဏခဏကြားနေသည်။ ဒီပဲယင်းမြို့နယ် အိုးတိမ်တွင်းရွာ၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာတို့တွင် ပြည်သူများ ကျောင်းသားကျောင်းသူလေးများမှာ ခန္ဓာကိုယ်အစိပ်စိပ်အမွှာမွှာ ဖြစ်ခဲ့ရသည်။

လူတွေအစုလိုက်အပြုံလိုက် သေကြရသည်။ NUG အစိုးရ၏ လက်အောက်တွင် ဖွင့်ထားသော ကျောင်းများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲကြသဖြင့် ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ အများအပြား သေကြေကြရသည်။ သည်လို နေရာအတိအကျ ဗုံးကြဲခံရခြင်းမှာ ဒလန်များကြောင့် ဖြစ်သည်။ ထွန်းတောက်ထိန်တို့ရွာမှာလည်း ဒလန်ရှိသေးလျှင် သည်လို ဗုံးကြဲခံရဦးမည်။

သည့်ကြောင့် ထွန်းတောက်ထိန်တို့သည် စာသင်ကျောင်းတွင် ဗုံးခိုကျင်းတူးရန်အတွက် တစ်ရွာလုံးနှင့် တိုင်ပင်စုဝေးကြရပြန်သည်။ ကျောင်းသားကျောင်းသူ များပြားသဖြင့် ဗုံးခိုကျင်းမှာ လေးငါးကျင်းခန့် တူးကြရသည်။ အချိန်အတော်ကုန်၏။ လူတွေအတော်ပင်ပန်း၏။ ပြီးလျှင် တစ်ရွာလုံးကိုလည်း ကိုယ့်အိမ်တွင် ဗုံးခိုကျင်း တူးကြဖို့ ပြောထားသည်။ သို့သော်လည်း တူးသည့်အိမ်က တူးကြပါ၏။

တချို့အိမ်များကတော့ မြေနေရာမရှိလို့၊ တူးမည့်သူမရှိလို့ ဆိုပြီး မတူးဘဲ ပေကပ်နေကြ၏။ သည့်အတွက် ထွန်းတောက်ထိန်သည် ဗုံးခိုကျင်း မတူးသည့်အိမ်များအပေါ် စိတ်ကွက်မိသည်။ ဘာလို့များ စေတနာကို နားမလည်ကြပါလိမ့်။

သူတို့ကို သေမှာစိုးလို့ ကာကွယ်ပေးသည့်အနေနှင့် တူးစေတာကို မသိကြရတာပါလိမ့်။ အဲသည်စေတနာတင်မက ကိုယ်တိုင် ဝင်တူးပေးရမည့် စေတနာကိုများ အလိုရှိနေကြလေသလား။ အတင်းအကျပ် ဖိအားပေးဖို့တော့ အင်အားမရှိပေ။ ဇွတ်အတင်းခိုင်းလျှင် အာဏာရှင်ဆန်ရာ ကျနေလိမ့်မည်။ သည့်ကြောင့် အစိုင်အခဲကို ရင်ထဲမှာသာ မျိုသိပ်ထားလိုက်ရသည်။

ထိုအချိန်မှာပဲ အရှေ့မြို့နယ်နှင့် မြောက်မြို့နယ်စပ်ကြားတွင် တည်ရှိသော ရေနံမှော်နေရာမှ မင်္ဂလာဆောင်တစ်ခုအား လေကြောင်းဖြင့် ဗုံးကြဲခံလိုက်ရသည့်သတင်းကို ဖေ့ဘွတ်တခွင်တွင် သတင်းမတက်ခင်ကတည်းက ကြားသိလိုက်ရသည်။ ကိုယ့်မြို့နယ်မှာ ဖြစ်သည်ကိုး။ သတို့သားနှင့် သတို့သမီးမှာ ကံကောင်းစွာ ဘေးကင်းခဲ့သော်လည်း ပွဲလာပရိသတ်အများအပြား သေကြေခဲ့ရသည်။ စားဖိုမှူးကြီး၏ နေရာအတည့် ကျသည်မို့ စားဖိုမှူးကြီးများအား သေခဲ့ရသည်ဆို၏။

ထိုမင်္ဂလာပွဲတွင် တိုက်ဆိုင်မှုများ အများအပြားရှိခဲ့သည်။ မင်္ဂလာပွဲမတိုင်မီ တစ်ရက်အလိုက ဖေ့ဘွတ်မှ သတင်းခေါင်းကြီးတစ်ခုတွင် ထိုရေနံမှော်မှ တော်လှန်ရေးသမားများသည် ပြည်သူကို ဂုတ်သွေးစုပ်နေကြောင်း၊ ရေနံမှော်လုပ်သားများထံက ဆက်ကြေးကောက်ပြီး ချမ်းသာနေကြောင်း၊ ပြည့်တန်ဆာရုံများလည်း ဖွင့်နေပြီး တော်လှန်ရေးသမားများက လုံခြုံရေးပေးနေကြောင်း၊ ထိုရေနံမှော်မှ ခေါင်းဆောင်သည် တပည့်များကို မွေးပြီး အာဏာတည်ဆောက်နေကြောင်း၊ ရေနံမှော်နေရာသည် မြို့ကြီးကဲ့သို့ စည်ကားနေသိုက်မြိုက်နေသဖြင့် အညာမြို့ဟု တင်စားထားသည်။

လိပ်စာနေရာအတိအကျကိုလည်း ဖော်ပြထားသည်။ ထိုသတင်း တက်ပြီးပြီးချင်း နောင်နေ့၌ ထိုရေနံမှော်နေရာမှ မင်္ဂလာပွဲတစ်ခုကို ဗုံးကြဲခံလိုက်ရခြင်းဖြစ်သည်။ တိုက်ဆိုင်သည်ကား မင်္ဂလာသတို့သားသည် တော်လှန်ရေးခေါင်းဆောင်တစ်ဦး ဖြစ်နေခဲ့သည်။

မင်္ဂလာပွဲကိုတင်မက ထိုအညာမြို့ တဝိုက်မှ ရွာများစွာအားလည်း နေ့စဥ် လေယာဥ်နှင့် ဗုံးကြဲခံနေရသည်။ ဗုံးကြဲခံရမည့် ရွာများ၏ စာရင်းများလည်း အွန်လိုင်းပေါ်တွင် ပေါက်ကြားကုန်သည်။ စာရင်းထဲပါသော ရွာများထဲက ပြည်သူများသည် ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်ကုန်ကြသည်။

ထိုသတင်းနှင့် မင်္ဂလာဆောင်သတင်းကြောင့် အွန်လိုင်းပေါ်တွင် ပွက်လောရိုက်ကုန်တော့သည်။ ဝေဖန်သံအမျိုးမျိုး ထွက်ကြသည်။ အညာမြို့သတင်းရေးသူနှင့် တင်ပြသော သတင်းဋ္ဌာနကြီးကို ဆဲဆိုကြသည်။ ဒလန်ဟု ပြောကြသည်။ ထွန်းတောက်ထိန်ကတော့ ဘာမျှ မဝေဖန်တတ်ပေ။ အညာမြို့က ခေါင်းဆောင်များကတော့ အညာမြို့ ဆောင်းပါးနှင့်ပတ်သက်ပြီး များပြားစွာ ရှင်းပြထားသည်။

အညာမြို့ ဆောင်းပါးထဲကဲသို့ တစ်ရက်လျှင် သိန်းထောင်ချီ ငွေဝင်သည်မှန်လျှင် တော်လှန်ရေးတာကြာပြီဖြစ်ကြောင်း၊ ရေနံမှော်မှ ဆက်ကြေးကောက်သည့်ငွေများဖြင့် တော်လှန်ရေးအဖွဲ့များစွာအား ထောက်ပံ့ဝေငှပေးနေရကြောင်း။ သည့်အပြင် အရှေ့မြို့နယ့်နှင့် မြောက်မြို့နယ်မှ ပြည်သူများ၊ ရွာများအား မဖြစ်မနေ လိုက်နာရမည့် စည်းကမ်းကိုလည်း ထုတ်ပြန်လိုက်သည်။

NUG လက်အောက်မှ ဖွင့်ထားသော စာသင်ကျောင်းများ ပိတ်ထားရမည်။ အိမ်တိုင်းအိမ်တိုင်း ဗုံးခိုကျင်း တူးရမည်။ မတူးသည့်အိမ်များကို ရွာ့ခေါင်းဆောင်များက ဒဏ်ငွေရိုက်ရမည်။ စတားလင့်အင်တာနက်ဆိုင်များအားလုံး ရက်အကန့်အသတ်ဖြင့် ပိတ်သိမ်းရမည်။ တော်လှန်ရေးသမားများသာ သတင်းစောင့်ကြည့်ရန်အတွက် သုံးရမည်။

ပြည်သူများကတော့ စတားလင့်ပြန်သုံးရန် အထက်က မကြေညာမချင်း မသုံးရ။ သည့်ကြောင့် ထွန်းတောက်ထိန်တို့လည်း ထိုအမိန့်စာကို တစ်ရွာလုံးရှေ့မှာ ဖတ်ကြားကာ ဗုံးခိုကျင်းတူးရမည်ဟု ပြောသည်။ သည်တော့ ဗုံးခိုကျင်းမတူးဘဲ ပေကပ်နေသော အိမ်များက မတူးမဖြစ် တူးကြတော့သည်။ သည့်အပြင် ထွန်းတောက်ထိန်တို့ရွာတွင်လည်း ထိုထုတ်ပြန်ကြေညာချက်ကြောင့် ကျောင်းဖွင့်သည်မှာ တစ်လခန့်ပင်ရှိသေး တစ်လခန့် ပိတ်လိုက်ရလေသည်။

■ ထွင်

အပိုင်း (၁၂) ဆက်ရန်….