ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေဘေးသင့် ကျိုက်မရောဒေသခံများ အကူအညီများလို

September 3, 2026

ဓာတ်ပုံ - ဒေသခံတစ်ဦး။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သီတင်းတစ်ပတ်ကျော်ကြာလာပြီဖြစ်ပြီး သောက်ရေသန့်၊ အစားအသောက်နှင့် ဆေးဝါး အကူအညီများ လိုအပ်နေကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းပြီး အတ္ထရံမြစ်ရေ တိုးလာခြင်းကြောင့် ဩဂုတ်လ ၂၅ ရက်ကစပြီး ရှင်စောပု၊ ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရန်မျိုးအောင် စသော ကျိုက်မရောမြို့ပေါ် ရပ်ကွက်များနှင့် ချောင်းနှစ်ခွ၊ ငပြေမ၊ မယ်ကရို၊ နိတုံ၊ ကွာငန်၊ လှကဇိုင်း၊ ကျိုက်ပရန်၊ ဘိန်းဗျော၊ ဦးလေး၊ ကော့ဝမ်း၊ ကြခတ်ကုန်း အပါအဝင် ရပ်ကွက်၊ ကျေးရွာ ၂၀ ကျော်တို့တွင် ရေကြီးရေလျှံနေသည်။

အိမ်ခြေ ခြောက်ထောင်ကျော် လူဦးရေ သုံးသောင်းကျော် ရေဘေးသင့်နေကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။

ရေကြီးရေလျှံနေသည်မှာ တစ်ပတ်ကျော်ရှိလာပြီးဖြစ်သလို လတ်တလောတွင်လည်း ရေပြန်မကျဘဲ ရေဆက်တိုးနေသည့် အနေအထားရှိကြောင်းဒေသခံများက ပြောသည်။

“ရေကမကျဘဲ တစ်ရက်ထက်တစ်ရက်ပိုပြီး တိုးလာနေတဲ့အနေထားဖြစ်တယ်။ ရေမြုပ်နေတဲ့နေရာတွေမှာ သောက်သုံးရေ အပြင် စားရေး သောက်ရေးတွေပါ အခက်အခဲများစွာရှိနေတာကို တွေ့ရတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ရေဘေးသင့်ပြည်သူများကို လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် အလှူရှင်တို့က သောက်သုံးရေ၊ အစားအသောက်များ လာရောက် လှူဒါန်းနေပြီး စစ်အစိုးရအနေဖြင့် ကျေးရွာများဘက်သို့ ကူညီထောက်ပံ့မှု တစ်စုံတစ်ရာ မရှိသေးကြောင်း ရေဘေးသင့် ဒေသခံများက ဆိုသည်။

“ကယ်ဆယ်ရေးတွေ လာနေတယ်။ ရေသန့်တို့ စားစရာတို့ ထမင်းထုတ်တို့လည်း လာလှူနေတာရှိတယ်။ ရေတက်ရက်က ကြာလာတော့ ကိုယ့်မှာ ရှိတာလေးတွေလည်း ကုန်လာတော့မယ်လေ။ စားရေး သောက်ရေးအတွက်က ခက်ခဲလာတယ်ပေါ့” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်နယ် စစ်အစိုးရအဖွဲ့က ကျိုက်မရောမြို့ပေါ်ရှိ ရေဘေးသင့်ပြည်သူအချို့ကိုသာ စားနပ်ရိက္ခာ ထောက်ပံ့လှူဒါန်းမှု ရှိသော်လည်း ရေကြီးနစ်မြုပ်မှု ဆိုးဆိုးရွားရွားဖြစ်ပွားနေသည့် ကျေးရွာများကိုမူ လုံခြုံရေးအကြောင်းပြချက်ဖြင့် ကူညီထောက်ပံ့ခြင်း မရှိကြေင်း ဒေသခံများက ဆိုသည်။

ရေကြီးရေလျှံမှုကြောင့် ကျိုက်မရောမြို့ပေါ် ကျောင်းအပါအဝင် အခြေခံပညာစာသင်ကျောင်းပေါင်း ၂၅ ကျောင်း ကျော် ပိတ်ထားရသည်မှာလည်း၁၀ ရက် ရှိလာပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

သံလွင်မြစ်မှ ခွဲထွက်မြစ်ရေဖြစ်သည့် အတ္တရံမြစ်ရေသည် ကျဆင်းမှုနှေးကွေးပြီး လက်ရှိ တက်ရေအခြေအနေနှင့်ဆိုလျှင် ရေသည် စက်တင်ဘာလ၁၀ ရက်အထိ ဆက်လက်မြင့်တက်နေမည်ဟု မွန်၊ ကရင် မိုးလေဝသလေ့လာသူများက ခန့်မှန်းထားသည်။

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျိုက်မရောမြို့နယ်အပြင် ဘီးလင်းမြို့နယ်အတွင်း၌လည်း ရေကြီးရေလျှံနေပြီး လူဦးရေ ထောင်နှင့်ချီ ရေဘေးသင့်နေသည်။