ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘန်ကောက်တွင် တရားမဝင်နေထိုင်မှုဖြင့် မြန်မာဘုန်းကြီး ၃ ပါး ဖမ်းဆီးခံရ

September 3, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နာမည်ကြီး ဘုန်းကြီးကျောင်းတစ်ကျောင်းကို အာဏာပိုင်များ ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် တရားမဝင် နေထိုင်နေသည်ဟုဆိုကာ ဘုန်းကြီး ၃ ပါးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ စက်တင်ဘာလ ၃ ရက်နေ့က ဘန်ခွန်ထီယန် (Bang Khun Thian) နယ်မြေရှိ သုဓမ္မဝတီဘုန်းကြီးကျောင်းတွင် မြန်မာနိုင်ငံသားများစွာ နေထိုင်နေကြောင်း တိုင်ကြားလာသဖြင့် အာဏာပိုင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

သုဓမ္မဝတီဘုန်းကြီးကျောင်းသည် မွန်ဘုန်းကြီးကျောင်းဖြစ်ပြီး လူမှုကွန်ရက်တွင်လည်း မွန်ဘာသာဖြင့် ရေးသားဖော်ပြလေ့ရှိသော နာမည်ကြီး ဘုန်းကြီးကျောင်းဖြစ်သည်။

ဘုန်းကြီးကျောင်းရှိ ဘုန်းကြီးများနှင့် မြန်မာနိုင်ငံသားများ၏ စာရွက်စာတမ်းများကို စစ်ဆေးပေးရန် တိုင်ကြားလာသဖြင့် ခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ အာဏာပိုင်များက ဝင်ရောက်စစ်ဆေးရခြင်းဟုဆိုသည်။

ဘုန်းကြီးကျောင်းထဲတွင် အမျိုးသား၊ အမျိုးသမီး ၃၀ ဦးကို တွေ့ရပြီး အများစုသည် စာသင်နေသော ကလေးငယ်များဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။

နောက်ထပ် ရဟန်း၊ ကိုရင် ၅၀ ပါးတို့ကို တွေ့ရှိခဲ့ပြီး အားလုံးနီးပါးတွင် တရားဝင် နေထိုင်ခွင့် အထောက်အထားများကို တွေ့ရှိခဲ့ဟုဆိုသည်။

၎င်းတို့ထဲမှ ဘုန်းကြီးတစ်ပါးသည် နေထိုင်ခွင့် ဗီဇာကျော်လွန်နေပြီး ကျန်ဘုန်းကြီး ၂ ပါးတွင် အထောက်အထားမရှိသေးဘဲ တရားမဝင် နေထိုင်သူများဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသား ၅ ဦးမှာ ဘန်ကောက်မြို့ ဒင်းဒန် (Din Daeng) နယ်မြေတွင် နေထိုင်ကြောင်း မှတ်ပုံတင်ထားပြီး ဘန်ခွန်ထီယန်တွင် စစ်ဆေးတွေ့ရှိခဲ့သဖြင့် ထပ်မံ စစ်ဆေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဘုန်းကြီးကျောင်းထဲ စစ်ဆေးခံရမှုနှင့် ပတ်သက်၍ သုဓမ္မဝတီဘုန်းကြီးကျောင်းကို ဖုန်းဆက်မေးမြန်းရာ ဖုန်းဖြေကြားခြင်းမရှိပေ။

ထို့ကြောင့် ဘုန်းကြီး ၃ ပါးကို လဝက ဥပဒေအရ ဖမ်းဆီး၍ လူဝတ်လဲစေပြီး ထာ့ခမ်းရဲစခန်းသို့ လွှဲပြောင်းခဲ့ကြောင်း ဖော်ပြသည်။

Ref: CH 7, Bangkokbiznews, Daily News, Thaipolice