ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် ကျောင်းတွင်း သေနတ်ပစ်ခတ်မှု ထပ်ဖြစ်

September 2, 2026

ထိုင်းနိုင်ငံ ကန်ဖမ်းဖက်ခရိုင် အထက်တန်းကျောင်းတွင် သေနတ်ပစ်ခတ်မှု ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ စက်တင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ကန်ဖမ်းဖက်ခရိုင် Wachiraprakarn Witthayakhom စာသင်ကျောင်းထဲတွင် အသက် ၁၅ နှစ်အရွယ် ကျောင်းသားက သေနတ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ကျောင်းသားက စာသင်ကျောင်းထဲ ဝင်လာပြီး ပစ္စတိုသေနတ်ဖြင့် ခြောက်ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

သေနတ်ပစ်ခတ်ချိန် ကျောင်းသားနှင့် ဆရာများက စာသင်ခန်းထဲတွင် တံခါးသော့ခတ်၍ နေထိုင်ခဲ့စေရန် ကျောင်းဘက်က ညွှန်ကြားခဲ့ကြောင်း ဖော်ပြသည်။

သေနတ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူမရှိခဲ့ဘဲ သေနတ်ပစ်ခတ်သည့် ကျောင်းသားကို ရဲတပ်ဖွဲ့က ထိန်းသိမ်းနိုင်ခဲ့ကြောင်း ဖော်ပြသည်။

သေနတ်သမားသည် ကျောင်းရပ်နားခံထားရသော ကျောင်းသားဖြစ်ပြီး ကျောင်းထဲ ရန်ဖက်ကို လာရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။

သေနတ်ပစ်ခတ်ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့ ကျောင်းသားများကို ခေါ်ထုတ်၍ မိဘများထံ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

လက်ရှိတွင် ကျောင်းကို နှစ်ရက်ကြာ ပိတ်ထားမည်ဖြစ်ပြီး သင်ခန်းစာများကို အွန်လိုင်းက ပို့ချမည်ဖြစ်သည်။

ပြီးခဲ့သော ဩဂုတ်လ ၇ ရက်က ဘန်ကောက်မြို့အနီး Debsirin Nonthaburi စာသင်ကျောင်းထဲ သေနတ်ပစ်ခတ်မှုကြောင့် သေနတ်သမားအပါအဝင် လူ ကိုးဦး သေဆုံးခဲ့သေးသည်။

Ref: Bangkok Post, Thai Enquirer