ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ ထိုင်းယူနစ်ဈေးထဲတွင် ဈေးရောင်းနေသော မြန်မာနိုင်ငံသား ကိုးဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။
တနင်္ဂနွေနေ့ (ဩဂုတ် ၃၀) တွင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့များ ပူးပေါင်း၍ ထိုင်းယူနစ်ဈေးထဲကို သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ဈေးထဲတွင် အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများကို ရောင်းချနေသော မြန်မာနိုင်ငံသား ကိုးဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဝယ်ယူသူအများစုကလည်း ရွှေ့ပြောင်းအလုပ်သမား အများစုဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။
ထို့ကြောင့် ဈေးရောင်းနေသော မြန်မာ ကိုးဦးကို ဖမ်းဆီးခဲ့ပြီး တားမြစ်ထားသော အလုပ်များကို ဝင်ရောက်လုပ်ကိုင်မှုဖြင့် အရေးယူ၍ စမွတ်စခွန်မြို့ ရဲစခန်းသို့ ခေါ်ယူခဲ့ဟုဆိုသည်။
မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် ဆံပင်ညှပ်၊ ဧည့်လမ်းညွှန်၊ ဈေးရောင်း၊ ခရီးသည်ကြိုပို့ စသော တားမြစ်ထားသည့်လုပ်ငန်းများကို လုပ်ပိုင်ခွင့်မရှိပေ။
အကယ်၍ တရားမဝင် ဝင်ရောက်လုပ်ကိုင်ပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံမည်ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် နှစ်နှစ်ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Ref: Mahachai News







