ဥရောပတိုက်၏ သက်တော်ရှည် ဘုရင်တစ်ပါးဖြစ်သော နော်ဝေးနိုင်ငံ၏ ပဉ္စမမြောက် ဟာရာ ဘုရင်မင်းမြတ်သည် သက်တော် ၈၉ နှစ်တွင် နတ်ရွာစံသွားပြီဖြစ်သည်။
ဘုရင်ကြီး နတ်ရွာစံတော်မူသော သတင်းကို ယနေ့ ဩဂုတ်လ ၂၈ ရက်တွင် တော်ဝင်တရားရုံးက အသိပေးကြေညာခဲ့ပြီး ဘုရင်မင်းမြတ် နတ်ရွာစံသည့်အတွက် ဝမ်းနည်း ပူဆွေးကြောင်း ဝန်ကြီးချုပ် Jonas Gahr Støre ကလည်း ပြောသည်။
ပဉ္စမမြောက် ဟာရာ ဘုရင်မင်းမြတ်ကို ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဖွားမြင်တော်မူခဲ့ပြီး ဩဂုတ်လ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၃၅ မိနစ်တွင် ကံကုန်ခဲ့ခြင်းဖြစ်သည်။
ဘုရင်မင်းမြတ်သည် သွေးအားနည်းရောဂါကြောင့် Oslo တက္ကသိုလ်ဆေးရုံကြီးတွင် ယခုနှစ် ဩဂုတ်လကတည်းက ဆေးရုံတက် ကုသမှု ခံယူနေရခြင်းဖြစ်သည်။
ပဉ္စမမြောက် ဟာရာ ဘုရင်မင်းမြတ်နှင့် မိဘုရားကြီးတို့သည် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံသို့ တရားဝင် ခရီးစဉ် ရောက်လာဖူးသည်။
ဘုရင်မင်းမြတ် ခရီးစဉ် မတိုင်မီ မန္တလေးတိုင်း ဂေါဝိန်ဆိပ်ကမ်းတွင် ကုန်တင်ကုန်ချ လုပ်ကိုင်နေသူများ၏ ကျူးကျော်အိမ် အလုံး ၃၀၀ ကျော်ကို မန္တလေးတိုင်းအစိုးရအဖွဲ့က ဖယ်ရှားခဲ့သဖြင့် နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ခဲ့သေးသည်။
ပဉ္စမမြောက် ဟာရာ ဘုရင်မင်းမြတ်နှင့် မိဘုရားကြီးတို့ မြန်မာနိုင်ငံသို့ လာရောက်စဉ် မန္တလေးတောင်၊ မြနန်းစံကျော်(နန်းတွင်း)၊ ကုသိုလ်တော်ဘုရားတို့ကို ဖူးမြော်ခဲ့သလို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သီးခြားတွေ့ဆုံခဲ့ဖူးသည်။
Ref: DW, BBC







