ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် အီး-စီးကရက်အရည်ထဲ မူးယစ်ဆေးနှင့် မေ့ဆေး ပေါင်းစပ်အသုံးပြုထားကြောင်းတွေ့ရှိ

August 27, 2026

ပုံစာ - ဇွန်လအတွင်း တရားမဝင် အီး-စီးကရက် ထုတ်လုပ်သည့် စက်ရုံကို ဝင်ရောက်ရှာဖွေစဉ်

ထိုင်းနိုင်ငံအတွင်း အီး-စီးကရက် (Vape) များတွင် ထည့်သွင်းအသုံးပြုနေသော အရည်များကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးရာ မူးယစ်ဆေးနှင့် မေ့ဆေး ပေါင်းစပ်အသုံးပြုထားသည်ကို တွေ့ရှိရကြောင်း ဩဂုတ်လ ၂၅ ရက်တွင် ဆေးပညာသိပ္ပံဌာနက သတိပေးချက် ထုတ်ပြန်သည်။

အီး-စီးကရက် အရည်များထဲတွင် မေ့ဆေးထည့်သွင်း အသုံးပြုမှုများကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က တွေ့ရှိခဲ့ဖူးသော်လည်း ယခုကဲ့သို့ မေ့ဆေးနှင့် မူးယစ်ဆေး ပေါင်းစပ်ထည့်သွင်းထားသည်ကိုမူ ပထမဆုံးအကြိမ် စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

K-Pod နှင့် zombie e-cigarette ဟု ခေါ်သည့် အီး-စီးကရက် အရည်များကို ဓာတ်ခွဲခန်း၌ စစ်ဆေးရာ မေ့ဆေးအပြင် မူးယစ်ဆေးတစ်မျိုးဖြစ်သော စိတ်ကြွဆေး (methamphetamine hydrochloride) ၄ ရာခိုင်နှုန်းအထိ ပါဝင်နေသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။

မေ့ဆေးသည် ဦးနှောက်နှင့် အသက်ရှူနှုန်းကို ထိန်းချုပ်ပြီး စိတ်ကြွဆေးက အာရုံကြောနှင့် နှလုံးကို လှုံ့ဆော်သဖြင့် ယင်းနှစ်မျိုး ပေါင်းစပ်အသုံးပြုပါက နှလုံးခုန်နှုန်း မမှန်မကန်ဖြစ်စေကာ သတိမေ့မြောခြင်းနှင့် ရုတ်တရက် အသက်သေဆုံးသည်အထိ ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးထားသည်။

ထို့ကြောင့် နိုင်ငံအတွင်း မူးယစ်ဆေးဝါး ပုံစံသစ်ဖြင့် ပြန့်နှံ့လာမှု အခြေအနေများကို အနီးကပ် စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ref: The Thaiger, The Nation Thailand