ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နီပေါ-တိဗက်နယ်စပ်တွင် ရုတ်တရက် ရေလွှမ်းပြီး လူ ၃၀ ထက်မနည်း သေဆုံး၊ ခရီးသွား ၄၀၀ နီးပါး ပျောက်ဆုံး

August 26, 2026

နီပေါနိုင်ငံ တောင်ပေါ်ဒေသတွင် ရုတ်တရက် ရေလွှမ်းမိုးမှုကြောင့် လူ ၃၀ ထက်မနည်း သေဆုံးပြီး ခရီးသွား ၄၀၀ နီးပါး ပျောက်ဆုံးနေကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။

ယနေ့ ဩဂုတ်လ ၂၆ ရက် အစောပိုင်းတွင် နီပေါ-တရုတ်နယ်စပ် တောင်ပေါ်ဒေသဖြစ်သော ရာစူဝါဒေသတွင် ရုတ်တရက် ရေလွှမ်းမိုးခဲ့ပြီး ရွာများစွာ ပျက်စီးကြောင်း ဖော်ပြသည်။

ရုတ်တရက် ရေလွှမ်းမိုးခဲ့သည့် အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ပညာရှင်များကမူ ငလျင်ကြောင့် ရေခဲတောင်ပေါ်က ရေခဲများ အရည်ပျော်ကာ မြစ်အတွင်းသို့ တဟုန်ထိုး စီးဆင်းလာသဖြင့် ရေနှင့် ရွှံ့များ ဒလဟော လွှမ်းမိုးလာခဲ့ခြင်းဖြစ်နိုင်ကြောင်း ကနဦးခန့်မှန်းထားသည်။

ရုတ်တရက် ရေလွှမ်းမိုးမှုကြောင့် အနည်းဆုံး လူ ၃၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး ခရီးသွား ၃၈၄ ဦးသည် ရေနှင့်အတူ မျောပါ ပျောက်ဆုံးနေကြောင်း ဖော်ပြသည်။

ပျောက်ဆုံးနေသူများတွင် အမေရိကန်၊ ယူကေ၊ အိန္ဒိယနှင့် မလေးရှားနိုင်ငံများက ခရီးသွားများ ပါဝင်ကြောင်း ဖော်ပြသည်။

လက်ရှိအချိန်အထိ လူ ၈၈ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ဆိုသည်။

ရေလွှမ်းမိုးမှုကြောင့် ရွာများရှိ ကျောင်း၊ အိမ်ပေါင်းများစွာအပြင် လမ်း၊ တံတားနှင့် လျှပ်စစ်ဓါတ်အားပေးရုံများ ပျက်စီးခဲ့ရကြောင်း ဖော်ပြသည်။

လက်ရှိတွင် ရေ မြင့်တက်နေဆဲဖြစ်သဖြင့် ဟယ်လီကော်ပတာများလည်း ရပ်တန့်ရန် နေရာမရှိသလို ကယ်ဆယ်ရေးလုပ်ငန်းများလည်း နှောင့်နှေးနေဆဲဖြစ်သည်။

တရုတ်နိုင်ငံဘက်ခြမ်း ဂျီရွန်းစီရင်စု တိဗက်ဒေသတွင်လည်း ရုတ်တရက် ရေလွှမ်းမိုးမှုကြောင့် လူသေဆုံးမှု များနေပြီး ရှာဖွေနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

Ref: Aljazeera, BBC, CNN