ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

7-Eleven ဆိုင်က ဘီယာခိုးပြီး ရဲ၏ လည်ပင်းကို ဓားဖြင့်လှီးခဲ့သော အမေရိကန်နိုင်ငံသားကို ဖမ်းမိ

August 25, 2026

Ref: Bangkok Post, The Thaiger

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ 7-Eleven ဆိုင်က ဘီယာ ခိုးယူ ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးသော ရဲတပ်ဖွဲ့၏ လည်ပင်းကို ဓားဖြင့်လှီးခဲ့သည့် အမေရိကန်နိုင်ငံသားကို ဖမ်းဆီးမိခဲ့ပြီး အမှုဖွင့်ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဩဂုတ်လ ၂၂ ရက်က စဖန်းထဝမ်နယ်မြေရှိ 7-Eleven စတိုးဆိုင်တွင် အသက် ၂၉ နှစ်အရွယ် အမေရိကန်နိုင်ငံသား တစ်ဦး သည် ဘီယာ ခိုးယူပြီးနောက် ထွက်ပြေးသွားခဲ့သဖြင့် အနီးတွင် တာဝန်ကျနေသော ရဲတပ်ဖွဲ့ဝင်က ဆိုင်ကယ်ဖြင့် လိုက်လံ ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးရန် ကြိုးပမ်းစဉ် အမေရိကန်နိုင်ငံသားက ခုခံခဲ့ပြီး ရဲတပ်ဖွဲ့ဝင်၏ လည်ပင်းကို စက္ကူဖြတ်ဓားဖြင့် တိုက်ခိုက်ကာ ထပ်မံထွက်ပြေးခဲ့ကြောင်း ဖော်ပြသည်။

အနီးနေထိုင်သူများက ဒဏ်ရာရနေသော ရဲတပ်ဖွဲ့ဝင်ကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြပြီး လက်ရှိတွင် ဒဏ်ရာ အခြေအနေမှာ မစိုးရိမ်ရကြောင်း ဆိုသည်။

အမေရိကန်နိုင်ငံသားသည် ထွက်ပြေးစဉ် မောပန်းလာသဖြင့် နောက်ဆုံးတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖော်ပြသည်။

၎င်းကို စစ်ဆေးရာ မူးယစ်ဆေးသုံးထားသည်ကို တွေ့ရပြီး စစ်ဆေးမေးမြန်းစဉ်တွင်လည်း ပူးပေါင်းဖြေကြားမှု မရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

လူသတ်ရန် ကြိုးပမ်းမှု၊ ဖမ်းဆီးစဉ် ခုခံမှု၊ ခွင့်ပြုချက်မရှိဘဲ အများပြည်သူနေရာတွင် ဓားကိုင်ဆောင်မှု၊ ခိုးမှုများဖြင့် လက်ရှိတွင် အမေရိကန်နိုင်ငံသားကို အမှုဖွင့်ထားကြောင်း ဖော်ပြသည်။

Ref: Bangkok Post, The Thaiger