သရက်ချောင်းမြို့နယ်မြောက်ဘက်ပိုင်းတွင် စစ်ကြောင်းနှင့်တွေ့ပြီး ဖမ်းဆီးခံရသည့် ဒေသခံအချို့ ညှင်းပန်းနှိပ်စက်ခံရကာ ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံအချို့က ပြောသည်။
စစ်ကြောင်းသည် ဩဂုတ်လ ၁၀ ရက်တွင် ရှမ္မတွင်းရွာမှ ကင်းရှေ့ရွာဘက်သို့ ရောက်ရှိလာပြီး ဩဂုတ်လ ၁၂ ရက်တွင် ရှင်မုတ္ထီး၊ ရောင်းမော်ရွာမှတစ်ဆင့် ဆေးဖြတ်ကုန်း၊ ကင်းရှေ့၊ မိုးရွှေကုန်း၊ စော်ဖျား၊ ကျောက်လှေကား၊ ကထီးဝ၊ ပဒတ်ချောင်း စသည့် ကျေးရွာများကို ဖြန့်ကျက်စစ်ကြောင်းထိုးခဲ့သည်။
ရှင်မုတ္ထီးရွာက ဆံသဆရာ ကိုနောင်၊ ထားဝယ်မြို့နယ် မြေးခံဘော်ရွာဇာတိ အသက် ၆၀ အရွယ် စောခူဖော၊ ကင်းရှေ့ရွာက ဦးစိုးထွန်း အပါအဝင် ဒေသခံအများအပြား စစ်ကြောင်းနှင့်တွေ့ပြီးဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံအချို့က ဆိုသည်။
စောခူဖောမှာ ရော်ဘာခြံအလုပ်သမားများကို သွားရောက်ခေါ်ဆောင်စဉ် စစ်ကြောင်းနှင့်တွေ့ကာ ကားရောလူပါ ဖမ်းဆီးခံခဲ့ရပြီး ညှင်းပန်းနှိပ်စက်ခံရသည့်ဒဏ်ရာများဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံအချို့က ပြောဆိုသည်။
“စော်ဖျားမှာ အလုပ်သမားလာခေါ်တာ။ ကားရော လူပါဖမ်းဆီးခံရပြီး ညှင်းပန်းနှိပ်စက်ခံရတယ်။ ဖမ်းခံရတဲ့ သူတွေထဲမှာ ကျွန်မ (မိသားစုဝင်) လည်းပါတယ်။ PDF စခန်းတွေ ဘယ်မှာလဲ မေးမေးပြီးတော့ နှိပ်စက်တာတဲ့။ ရှင်မုတ္ထီးက တယောက် ဆိုလည်း နားရင်းတွေကို ရိုက်ထားတာ နားတွေ မကြားတော့ဘူး” ဟု စော်ဖျားရွာက အမျိုးသမီးတစ်ဦးက ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) က ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံ မှတ်တမ်း၌ စောခူဖော၏ မျက်နှာတွင် ဓားဒဏ်ရာ၊ ခန္ဓာကိုယ်အနှံ့ ညိုမည်းစွဲဒဏ်ရာ လက်နှစ်ဖက် တုတ်နှောင် ခံထားရသည့်နေရာတို့တွင် ဒဏ်ရာများကို တွေ့ရသည်။
စောခူဖောမှာ ဆေးဝါးကုသမှုခံယူနေရကြောင်း ဖြစ်စဉ်ကို သိရှိသည့် ဒေသခံတစ်ဦးက ဆိုသည်။
ရှင်မုတ္ထီးရွာက ဆံသဆရာ ကိုနောင်မှာလည်း ကျောကုန်းကို တူဖြင့်ထုခံရခြင်း၊ ခန္ဓာကိုယ်အနှံ့ ရိုက်နှက် ကန်ကျောက် ခံရခြင်း၊ နားကို ရိုက်နှက်ထားသဖြင့် နားကောင်းစွာ မကြားတော့ခြင်း၊ နားရွက်ကို ဓားဖြင့်လှီး ခံရခြင်းစသဖြင့် ညှင်းပန်းနှိပ်စက်ခံထားရကြေင်း ၎င်းက ပြောဆိုသည်။
“သူ့ကိုလည်း ခါးတွေ ရိုက်ချိုးထားတယ်။ နားတွေလည်း မကြားတော့ဘူး။ အဲဒီလူကအခု ရူးကြောင်ကြောင်ဖြစ်နေတယ်” ဟု အထက်ပါဒေသခံက ပြောသည်။
ကင်းရှေ့ရွာသား ဦးစိုးထွန်းကိုလည်း ဖမ်းဆီးထားသူများရှေ့တွင် စစ်ကြောင်းက သတ်ဖြတ်ခဲ့ကြောင်း လွတ်လာသူအချို့၏ ပြောဆိုချက်ကို အခြေခံကာ ဒေသခံအချို့က ဆိုသည်။
စစ်ကြောင်းတွင် ဖမ်းဆီးခံရသူအချို့ကို ဆရာတော်တစ်ပါးက လာရောက်ထုတ်ယူခဲ့ရပြီး အချို့မှာ ပိုက်ဆံပေး၍ ပြန်ထုတ်ခဲ့ရကြောင်း ဒေသခံအချို့က ပြောဆိုသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်းများ ပြန်လည်ထွက်ခွာသွားပြီဖြစ်သော်လည်း ဒေသခံအားလုံး ရွာကို ပြန်မရောက်သေးကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ကြောင့် ဖမ်းဆီးခံရသူ အားလုံးပြန်လည်လွတ်မြောက်လာခြင်း ရှိမရှိကိုမူ အတိအကျ မသိရသေးကြောင်း ၎င်းတို့က ဆိုသည်။







