ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေဖြူတွင် နှစ်ရက်ဆက်တိုက်ခိုက်ခံရသည့် စစ်ကြောင်းပြန်ဆုတ်

August 25, 2026

ထားဝယ်​ရေနက်ဆိပ်ကမ်းရှိ လမ်းပိုင်း (ဒေသအ​ခေါ် ရှမ်းလမ်း)တစ်​နေရာ Photo - Dawei Watch

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသအတွင်း စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်အား တော်လှန်ရေးတပ်တို့က နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကြောင်း ‌ပြန်လည်ဆုတ်ခွာသွားကြောင်း ဒေသခံများက ပြောသည်။

အင်အား ၆ဝ ဝန်းကျင်ခန့်ရှိသည့် စစ်ကြောင်းသည် ရေဖြူမြို့ဘက်မှ ဝက်ချောင်းကျေးရွာသို့ စစ်ကြောင်း ထိုးလာစဉ် ဩဂုတ်လ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် တော်လှန်ရေးပူးပေါင်းတပ်တို့က နှစ်ရက်ဆက် တိုက်ခိုက် ခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“အင်အားလည်း နည်းတော့ သူတို (စစ်အာဏာရှင်တပ်စစ်ကြောင်း) က တိုးမပေါက်ဘူး။ ပြန်ဆုတ်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။

ထိုစစ်ကြောင်းသည် ဩဂုတ်လ ၂၂ ရက် ညတွင် ပြန်လည်ဆုတ်ခွာသွားကာ ထားဝယ် ရေနက်ဆိပ်ကမ်းယာယီတပ်စခန်းတွင် ရှိသည့် တပ်ဖွဲ့နှင့် သွားရောက် ပူးပေါင်းထားကြောင်း စစ်ဘေးရှောင် ဒေသခံတစ်ဦးက ပြောသည်။

“ဒေသခံ ခရီးသွားတွေကို ရှမ်းလမ်းဆုံမှာ ထွက်ထွက်စစ်နေတာတော့ ရှိတယ်” ၎င်း ဆိုသည်။

ရှမ်းလမ်းဆုံသည် ရေဖြူမြို့မှ ထားဝယ်အထူးစီးပွားရေးဇုန်သို့ လာသည့် လမ်းတွင်ရှိပြီး ရေနက်ဆိပ်ကမ်း ရုံးအနီးတွင် တည်ရှိသည်။ အဆိုပါ လမ်းဆုံတွင် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ စစ်ဆေးလေ့ရှိကြောင်း ဆိုသည်။

စစ်ကြောင်းပြန်ထွက်သွားသောကြောင့် ဝက်ချောင်း၊ ခမောင်း‌ချောင်း၊ ဧကနိ စသည့် ကျေးရွာများမှ ဒေသခံ ပြည်သူအချို့သည်ဩဂုတ်လ ၂၄ ရက်ကစပြီး နေအိမ်သို့ ပြန်လာကြကြောင်း စစ်ဘေးရှောင်အချို့မှာ အခြေအနေစောင့်ကြည့်ကာ နီးစပ်ရာ တိမ်းရှောင်နေထိုင်နေကြရဆဲ ဖြစ်ကြောင်း စစ်ဘေးရှောင်ဒေသခံများထံမှ သိရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းယာယီတပ်စခန်းတွင် စစ်အင်အား နှစ်ရာဝန်းကျင်ခန့် ရှိနေသဖြင့် အချိန်မရွေး စစ်ကြောင်းပြန်ထိုးလာနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ဘေးရှောင် ဒေသခံပြည်သူများ နေရပ်ပြန်နေထိုင်ကြသော်လည်း မိုး အဆက်မပြတ်ရွာသွန်းပြီး ဒေသအတွင်း ရေကြီးရေလျှံသဖြင့် သွားရေးလာရေးနှင့် နေထိုင်စားသောက်ရေး အခက်တွေ့လျက်ရှိကြောင်း ဒေသခံ စစ်ဘေးရှောင်များက ပြောသည်။

Photo – Dawei Watch

ထားဝယ်​ရေနက်ဆိပ်ကမ်းရှိ လမ်းပိုင်း (ဒေသအ​ခေါ် ရှမ်းလမ်း)တစ်​နေရာ