တနင်္သာရီမြို့နယ်၊ ဆင်ခေါင်းရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများသည် ရွာသားဆယ်ချီကို ဖမ်းဆီးခဲ့ပြီး အချို့မှာ ပြန်လည် မလွတ်မြောက်သေးကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
သြဂုတ်လ ၂၃ ရက်တွင် ဆင်ခေါင်းရွာ၊ ဆင်ခေါင်းဘုရားတောင်တွင် တပ်စွဲထားသည့် စစ်အာဏာရှင် တပ်သားများသည် ဘုရားတောင်ရှေ့လမ်းတွင် ဖြတ်သန်းသွားလာသည့် ရွာသားအားလုံးကို ဖမ်းဆီးခဲ့ပြီး ၂၄ ရက် နေ့လယ်တွင် အချို့ကို ပြန်လွှတ်လိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဖြတ်သွားတဲ့ ရွာသားတွေဖမ်းပြီး ဆင်ခေါင်းတောင်မှာ ထားထားတယ်။ တစ်ညထားပြီးတာနဲ့ ပြန်လွှတ်လိုက်တယ်။ တချို့လူတွေကို ပြန်မလွတ်သေးဘူး” ဟု ၎င်းက ဆိုသည်။
စစ်အာဏာရှင်တပ်သားများသည် ဆင်ခေါင်းရွာမှ အနီးဝန်းကျင်ရှိ ကျွဲထိန်းကုန်းရွာကို စစ်ကြောင်းထိုးလာသဖြင့် ဩဂုတ်လ ၂၄ ရက် ညနေ ၃ နာရီတွင် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
“တိုက်ပွဲမဖြစ်ခင် ရွာသားအချို့ကို ပြန်လွှတ်လိုက်တယ်။ ပြီးတာနဲ့ စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးလာတယ်။ (ကျွဲထိန်းကုန်း) ရွာနားမှာ တိုက်ပွဲဖြစ်ကြတယ်။ ထိခိုက်မှုက သူတို့ဘက်က ရှိတယ်” ဟု ၎င်းက ပြောသည်။
ဆင်ခေါင်းရွာအနီးဝန်းကျင်ရှိ ရွာသားအများစု ဖမ်းဆီးခံရပြီး ဖမ်းဆီးခံရသည့် အကြောင်းအရင်းနှင့် ဆက်လက်ဖမ်းဆီးခံထားရသူ ဦးရေအတိအကျတို့ကိုမူ မသိရသေးကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောဆိုသည်။
ရွာသားအချို့မှာ ယနေ့ သြဂုတ်လ ၂၅ ရက် နေ့လယ်ပိုင်းအထိ ပြန်မလွှတ်သေးကြောင်း ဆိုသည်။







