ပြည်ထောင်စုလမ်းမပေါ်ရှိ မြိတ်မြို့နယ် ကြေးနန်းတိုင်ရွာ စစ်ဆေးရေးဂိတ်နှင့် တနင်္သာရီမြို့နယ် ဇဝဲရွာ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများ တင်းကျပ်နေသဖြင့် ဒေသခံများဖြတ်သန်းသွားလာရန် စိုးရိမ်နေကြောင်း သိရသည်။
ယင်းဂိတ်များတွင် ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ မှတ်ပုံတင်စစ်ဆေးမှုများ တင်းတင်းကျပ်ကျပ် ပြုလုပ်နေကြောင်း တနင်္သာရီမြို့နယ်တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ဆိုသည်။
“အရင်က စစ်သားတွေပဲ စစ်တယ်။ အခုက စရဖ (စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့)တွေကိုယ်တိုင် သူတို့ဖုန်းမှာရှိတဲ့ပုံနဲ့ မှတ်ပုံတင်တွေပြခိုင်းပြီး တိုက်စစ်နေတယ်။ သူတို့ဘာလုပ်မှန်းမသိတော့ သွားလာရကြောက်နေရတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
၄င်းစစ်ဆေးရေးဂိတ်နှစ်ခုသည် ကားများနှင့် သုံးဘီးများကို ပိုမိုတင်းကျပ်စွာ စစ်ဆေးလျက်ရှိကြောင်းနှင့် ဆိုင်ကယ်ဖြင့် သွားလာသူများကို စစ်ဆေးမှု နည်းပါးကြောင်း ခရီးသွားတစ်ဦးက ဆိုသည်။
မှတ်ပုံတင်ပြခိုင်းပြီး တစ်ယောက်ချင်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ လူကို အဓိကစစ်ဆေးနေကြောင်း ၄င်းက ဆိုသည်။
“လူကိုပိုစစ်နေတယ်။ သွားနေလာနေကြသူတွေကို သိပ်မစစ်ဘူး။ ကျန်းမာရေးနဲ့ ဆေးခန်းသွားပြတောင် မှတ်ပုံတင်မရှိရင် သွားလာမရဲသူတွေ ရှိနေတယ်” ဟု အထက်ပါ ခရီးသွားက ပြောသည်။
ဇဝဲကျေးရွာသည် တနင်္သာရီပြည်ထောင်စုလမ်းမပေါ်တွင် ရှိပြီး ဇဝဲ-တကူလမ်းပိုင်းကို ဇဝဲလမ်းဆုံမှတစ်ဆင့် ဝင်ရောက်ရသည်။
ကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ်မှာ လူကိုဖမ်းဆီးခြင်းနှင့် ကုန်ပစ္စည်းသိမ်းဆည်းခြင်းများကို အဓိကလုပ်ဆောင်နေသည့် စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်တစ်ခု ဖြစ်သည်။







