မြိတ်မြို့တွင် စက်သုံးဆီဈေး ကျဆင်းနေသော်လည်း သုံးရေနှင့် သောက်ရေသန့်ဈေးနှုန်းများ ကျဆင်းခြင်း မရှိဘဲ အရင်အတိုင်းသာ ဆက်လက်ရောင်းချနေကြောင်း မြို့ခံအချို့ထံမှ သိရသည်။
စက်သုံးဆီဈေး မတက်မီက ရေတစ်ယူနစ်လျှင် ကျပ် ၂,၀၀၀ ဝန်းကျင် ရှိခဲ့ရာမှ မတ်လအတွင်း ဆီဈေးတက်လာချိန်တွင် ရေတစ်ယူနစ်လျှင် ကျပ် ၅,၀၀၀ အထိ ဈေးတက်သွားခဲ့သည်။
သောက်ရေသန့်ဈေးလည်း တက်သွားပြီး ၂၀ လီတာဝင် ဘူးကြီးတစ်ဘူးကို ကျပ် ၁,၀၀၀ မှ ကျပ် ၂,၀၀၀ အထိ ဈေးတက်သွားကြောင်း မြို့ခံအချို့က ဆိုသည်။
စက်သုံးဆီဈေး တက်ချိန်က ဒီဇယ်ဆီတစ်လီတာလျှင် ကျပ် ၆,၀၀၀ ဝန်းကျင် ဈေးရှိခဲ့သော်လည်း လက်ရှိတွင် ကျပ် ၄,၀၀၀ ကျော် ဈေးပေါက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
လက်ရှိတွင် မိုးရာသီရောက်ရှိနေပြီဖြစ်သော်လည်း ရေဈေးနှုန်း မကျဘဲ ဖြစ်နေကြောင်း မြိတ်တောင်ရပ်ကွက်တွင် နေထိုင်သည့် မြို့ခံတစ်ဦးက ဆိုသည်။
“ရေဈေးက ကျသင့်နေပြီ မဟုတ်လား။ ဆီဈေးကျနေပြီဆိုရင်တောင်မှ နွေရာသီရေရှားချိန်ဆို ဈေးတက်နေတာက ကိစ္စမရှိဘူး။ အခုဟာက ဆီဈေးကလည်း ကျသင့်သလောက် ကျနေပြီကို ပြန်ချပေးသင့်ပါပြီ။ ပြောရင်လည်း မသိချင်ယောင်ဆောင်၊ ကြိုက်မှသုံး ပုံစံမျိုးနဲ့” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စက်သုံးဆီဈေး ပြန်ကျနေချိန်နှင့် လျှပ်စစ်မီတာခဈေးပါ ကျလာပြီဖြစ်သည့်အတွက် ရေဈေးနှုန်းကိုလည်း ချပေးသင့်ကြောင်း မြစ်ငယ်ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
စက်သုံးဆီဈေး အဆမတန် တက်ခဲ့သည့် မတ်လက မြိတ်မြို့၏ လျှပ်စစ်မီတာခမှာ တစ်ယူနစ်လျှင် ၂,၀၂၅ ကျပ်အထိ မြင့်တက်သွားပြီးနောက် ဇူလိုင်လတွင် ၁,၇၃၄ ကျပ်နှင့် လက်ရှိတွင် ၁,၃၉၆ ကျပ် ကောက်ခံနေကြောင်း မြို့ခံအချို့ထံမှ သိရသည်။
“မီး (မီတာခ) ဈေးတောင် ကျနေတာ နှစ်လရှိပြီ။ ရေဈေးလည်း ချပေးသင့်ပါပြီ” ဟု မြစ်ငယ်ရပ်ကွက်နေ အထက်ပါအမျိုးသမီးက ပြောသည်။
မြိတ်မြို့တွင် ဌာနဆိုင်ရာ ရေပေးဝေရေးစနစ် မရှိဘဲ ပုဂ္ဂလိကပိုင် အဝီစီတွင်းများဖြင့် ရပ်ကွက်အလိုက် တစ်ပိုင်တစ်နိုင် ရောင်းချနေကြခြင်းဖြစ်သည်။







