ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ချင်းမိုင်တွင် ဦးခေါင်ခွံကွဲသည်အထိ နှိပ်စက်ခံရသော မြန်မာဆင်ထိန်း တစ်လကြာအထိ သတိမရသေး

August 17, 2026

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့တွင် ဦးခေါင်ခွံကွဲသည်အထိ နှိပ်စက်ခံရသော မြန်မာနိုင်ငံသား ဆင်ထိန်းသည် အချိန် တစ်လကြာသည်အထိ သတိမရသေးကြောင်း ဆင်ထိန်းသိမ်းရေးစခန်း တည်ထောင်သူက လူမှုကွန်ရက်တွင် ရေးသားထားသည်။

မြန်မာဆင်ထိန်း ကိုထွန်းအီးသည် ဆင်ထိန်းသိမ်းရေးစခန်း (Elephant Nature Park) တွင် လုပ်ကိုင်နေသူဖြစ်သည်။

ပြီးခဲ့သော ဇူလိုင်လလယ်အတည်းက ချင်းမိုင်မြို့ လန်းနားဆေးရုံကြီးတွင် ကုသမှု ခံယူနေရသော ကိုထွန်းအီးသည် ဩဂုတ်လ ၁၅ ရက်အထိ သတိပြန်လည် မရရှိသေးဘဲ ကိုမာဝင်နေသေးကြောင်း တည်ထောင်သူက ရေးသားထားသည်။

“အချိန် တစ်ညတည်းနဲ့ သူနဲ့ သူ့မိသားစုဘဝကြီးက ပြောင်းလဲသွားခဲ့တယ်။ သူ့အနာဂတ်ကို ကျွန်မတို့ မသိနိုင်ဘူး။ သူပြန်နိုးလာမှာလား။ ပြန်နိုးလာရင်ကော ပုံမှန် အလုပ်လုပ်နိုင်မှာလား” ဟု တည်ထောင်သူက Facebook ပေါ်တွင် ရေးသားထားသည်။

လက်ရှိတွင် မြန်မာဆင်ထိန်း ကိုထွန်းအီး၏ ဇနီးနှင့် ကလေးများသည် သတိရလာမည့်အချိန်ကို စောင့်မျှော်နေကြောင်း ရေးသားသည်။

ဇူလိုင်လ ၁၄ ရက်က မြန်မာဆင်ထိန်းသည် မိသားစုနှင့်တွေ့ဆုံပြီး ဆိုင်ကယ်ဖြင့်လာစဉ် လမ်းရှိ စစ်ဆေးရေးဂိတ်မှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် နောက်တစ်ရက် နံနက် လမ်းဘေးတွင် သတိမေ့မြောနေသည်ကို ပြန်တွေ့ခဲ့သည်။

ကိုထွန်းအီးသည် ရိုက်နှက်ခံရမှုကြောင့် မျက်နှာတစ်ခုလုံး ရောင်ကိုင်းနေပြီး ပါးစပ်၊ နှာခေါင်း၊ နားများထဲမှ သွေးများ ထွက်နေကာ အသက်ရှူရခက်နေသည့်ပုံစံဖြစ်နေပြီး နီးစပ်ရာဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ကြသည်။

လန်းနားဆေးရုံကြီးသို့ ချက်ချင်း လွှဲပြောင်းကုသခဲ့သော်လည်း ဖမ်းဆီးခံရစဉ် ဦးခေါင်းကို ထိုးကြိတ်ခံရသဖြင့် ဦးခေါင်းခွံကွဲပြီး ကိုမာဝင်သွားခဲ့ကာ အချိန်တစ်လကြာအထိ သတိမရရှိသေးကြောင်း တည်ထောင်သူက ရေးသားထားသည်။

ကိုထွန်းအီးကို ရိုက်နှက်နှိပ်စက်ခဲ့သည့် မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင် ငါးဦးကို အာဏာအလွဲ သုံးစားလုပ်မှုဖြင့် အမှုဖွင့်ထားသည်။

လက်ရှိတွင် မြန်မာဆင်ထိန်းနှင့် မိသားစုဝင်များအတွက် တရားမျှတမှု ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း တည်ထောင်သူက ရေးသားသည်။