ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတိုင်းရှိ ရှောင်ကွင်း ကုန်သွယ်လမ်းကြောင်းများကို စစ်ဆေးတင်းကျပ်မည်ဟု စစ်အစိုးရပြော

August 17, 2026

တနင်္သာရီတိုင်းရှိ ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့နယ်များတွင် ရှောင်ကွင်းကုန်သွယ်လမ်းကြောင်းများကို စစ်ဆေးတင်းကျပ်မည်ဖြစ်ကြောင်း တိုင်းစစ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးရန်ကြီးအောင်က ပြောသည်။

ဩဂုတ်လ ၁၄ ရက်က ပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့အစည်းအဝေးတွင် အဆိုပါအထူးအဖွဲ့၏ ဥက္ကဋ္ဌလည်းဖြစ်သူ၎င်းက ပြောဆိုခြင်းဖြစ်သည်။

တနင်္သာရီတိုင်းထဲသို့ တရားမဝင်ကုန်ပစ္စည်းများ ရေလမ်း၊ ကုန်းလမ်းတို့မှတစ်ဆင့် နည်းလမ်းအမျိုးမျိုးဖြင့် ဝင်ထွက်လျက်ရှိကြောင်း ဗိုလ်မှူးကြီးရန်ကြီးအောင်က ဆိုသည်။

ယင်းအပြင် ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့နယ်တို့တွင်လည်း ရှောင်ကွင်းကုန်သွယ်လမ်းကြောင်းများရှိနေပြီး ထိုနေရာများကို စစ်ဆေးတင်းကျပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

နယ်စပ်မှ တနင်္သာရီတိုင်းသို့ စားသောက်ကုန်ပစ္စည်းများ သယ်ယူရောင်းချနေသူ လုပ်ငန်းရှင်တစ်ဦးကမူ ထိုရှောင်ကွင်း ကုန်သွယ်လမ်းကြောင်းများမှာ စစ်အာဏာရှင်တပ်အပါအဝင် လက်နက်ကိုင်အဖွဲ့များအတွက် ငွေတွင်းသဖွယ်ဖြစ်နေသဖြင့် ဟန်ပြအနေဖြင့်သာ ဖမ်းဆီးအရေးယူနိုင်မည်ဖြစ်ပြီး ရေရှည်အလုပ်မဖြစ်နိုင်ကြောင်း ပြောသည်။

“ရှောင်ကွင်းလမ်းတို့၊ တရားမဝင်လမ်းကြောင်းတို့ဆိုတာ ဒီအတိုင်းသွားလို့ရတာ မဟုတ်ဘူး။ ရေလောင်းပြီးမှ သွားလို့ရတာ။ အဲဒီလမ်းမှာရှိတဲ့ အဖွဲ့တိုင်းကို ပေးကမ်းပြီးမှ သွားလို့ရကြတာ။ (ဖမ်းဆီးမယ့်) စီမံချက်ရှိရင်တော့ ခဏတော့ ပိတ်တာတွေဖြစ်မယ်။ ပြီးရင် ပြန်ရသွားကြတာချည်းပဲ” ဟု ၎င်းက ဆိုသည်။

တိုင်းစစ်အစိုးရကမူ တရားမဝင်လမ်းကြောင်းမှ ကား၊ ဆိုင်ကယ်၊ စက်သုံးဆီ၊ စားသုံးဆီ၊ ခဲမဖြူ၊ ဓာတ်သတ္တုများ သယ်ဆောင်ရောင်းချမှု၊ မူးယစ်ဆေးဝါးများကို အဓိက စစ်ဆေးတင်းကျပ်မည့်အကြောင်း ပြောဆိုခဲ့သည်။

တရားမဝင်ကုန်ပစ္စည်းများ တင်သွင်းလာခြင်းများအား သတင်းပေးသူများအား ဆုချီးမြှင့်သည့် စနစ်ကိုလည်း ကျင့်သုံးလျက်ရှိကြောင်း ဗိုလ်မှူးကြီးရန်ကြီးအောင်က ပြောသည်။