ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စုတွင် စေတီတစ်ဆူ စိန်ဖူးတော် ဖြုတ်ခိုးခံရကြောင်း ဒေသခံများထံမှ သိရသည်။
ဂန့်ဂေါ်တောင်ရွာတွင် တည်ထားကိုးကွယ်သော ရှေးဟောင်းစေတီတစ်ဆူ၏ စိန်ဖူးတော် သြဂုတ်လ ၁၅ ရက်ညက ခိုးယူခံခဲ့ရကြောင်း ဒေသခံများကပြောသည်။
စေတီသည် ကျေးရွာနှင့် မလှမ်းမကမ်းတွင် တည်ရှိသော်လည်း စေတီဝန်းကျင်တွင် လူနေအိမ်မရှိကြောင်း ၎င်းတို့က ဆိုသည်။
ခိုးယူသူမှာ ဂန့်ဂေါ်တောင်ကျေးရွာနေသူပင်ဖြစ်ကြောင်း ဖြစ်စဥ်အားသိရှိသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
“ဘုရားပေါ်တက်ခိုးတုန်းက သံချွန်ချိတ်တွေနဲ့ ဒဏ်ရာရပြီး သွေးတွေကျန်ခဲ့တာကို ခြေရာခံပြီး သူခိုးကို ပြန်ဖမ်းမိသွားတယ်” ဟု ၎င်းက ပြောသည်။
ခိုးသူကိုမူ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များထံ အရေးယူနိုင်ရန် အပ်နှံလိုက်ကြောင်း ရွာသားများထံမှသိရသည် ။
စစ်အာဏာရှင်တပ်၏ မောရဝတီရေတပ်စခန်းဌာနချုပ်နှင့် အမှတ် ၂၇၃ ခြေလျင်တပ်ရင်းတို့ အခြေစိုက်သည့် ကံပေါက် ဒေသတွင် အာဏာသိမ်းကာလနောက်ပိုင်း ဖောက်ထွင်း ခိုးယူမှုများ များပြားလာသည်။
သုသာန်အုတ်ဂူတွင် မြှုပ်ထားသည့် သံလုံးမှစ၍ နေအိမ်များရှိ တန်ဖိုးကြီးပစ္စည်းများနှင့် ငွေကျပ်သိန်းရာဂဏန်းအထိ ဖောက်ထွင်း ခိုးယူမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းအပြင် စစ်အာဏာရှင်တပ်လက်အောက်ခံ နယ်မြေရဲစခန်း တစ်ခုလည်းရှိပြီး ခိုးမှုများကို စုံစမ်းဖော်ထုတ်ကာ ထိထိရောက်ရောက် အရေးယူနိုင်မှု မရှိကြောင်း ဒေသခံများက ပြောဆိုသည်။







