ရာသီဥတုဆိုးရွားပြီး လှိုင်းလေ ကြမ်းတမ်းပါက ခိုလှုံရန် သတ်မှတ်ပေးထားသည့် နေရာများတွင် ငါး၊ ပုစွန် ဝင်ရောက် ဖမ်းဆီးသည့် ကမ်းနီး၊ ကမ်းဝေးလှေများကို ဖမ်းဆီးမည်ဖြစ်ကြောင်း စစ်အုပ်စုလက်အောက်ခံ ငါးလုပ်ငန်းဦးစီးဌာနက ဇူလိုင်လ ၃၀ ရက်တွင် ထုတ်ပြန်သည်။
ထိုသို့ဖမ်းဆီးမည့် နေရာများအထဲ တနင်္သာရီတိုင်းတွင် လောင်းလုံးမြို့နယ်ရှိ လောင်းလုံးဘုတ်ကျွန်း၊ မောင်းမကန် ဘုတ်ကျွန်း၊ မြိတ်မြို့နယ်ရှိ တနင်္သာရီကျွန်း၊ ကျွန်းစုမြို့နယ်ရှိ ပြင်စဘုကျွန်း အနီးဝန်းကျင်ဒေသများ ပါဝင်သည်။
အဆိုပါနေရာများမှာ ကမ်းနီးဟု သတ်မှတ်ထားသည့်နေရာလည်းဖြစ်သည့်အပြင် ရေလုပ်သားများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ခိုလှုံရာနေဟုလည်း သတ်မှတ်ထားပြီး ငါးဖမ်းဆီးခွင့် မပြုထားပေ။
အဆိုပါကျွန်းများသည် ရာသီဥတုဆိုးရွားချိန် လှိုင်းဒဏ်၊ လေဒဏ် ခိုလှုံရန် သတ်မှတ်ပေးထားခြင်းသာဖြစ်ပြီး ရာသီဥတု ဆိုးရွားသည်ဟု အကြောင်းပြကာ ယင်းနေရာများတွင် ငါး၊ ပုစွန် ဖမ်းဆီးသည့် ကမ်းဝေး၊ ကမ်းနီးလှေများကို ဖမ်းဆီးမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်လာခြင်းဖြစ်သည်။
တိုင်းအတွင်းရှိ ရေလုပ်သားတို့ကမူ ကမ်းဝေးလှေများ ကမ်းနီးဝင်ဆွဲသည့်နေရာများမှာ ထိုနေရာများတွင် သာမကဘဲ နေရာတိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေပြီး ဖမ်းဆီးအရေးယူမှု မရှိကြောင်း ပြောဆိုကြသည်။
ယင်းအပြင် ကမ်းနီးလှေများမှာလည်း သတ်မှတ်ထားသည့် လှေအရွယ်အစား၊ အင်ဂျင်အရွယ်အစားထက် ကျော်လွန် လုပ်ကိုင်နေကြကြောင်း ရေလုပ်သားအသိုင်းအဝိုင်းထံမှ သိရသည်။
“ဖမ်းမယ်ဆိုရင် ဖမ်းလို့ရတဲ့နေရာတွေ အများကြီးပါ။ သူတို့ဌာနက ကုန်းပေါ်ကနေပြီး စာထုတ်တာတစ်ခုပဲ။ အဲဒီလောက်နဲ့ ဘာမှ အလုပ်မဖြစ်ဘူး။ တကယ် ဖမ်းမယ့် သူတွေက ရေထဲမှာ။ စစ်သင်္ဘောတွေကို အကုန်ပေးထားပြီးသား။ ဘယ်(စစ်)သင်္ဘောမှ သူတို့ပြောသလို လိုက်မလုပ်ဘူး” ဟု လုပ်သက် ၁၀ နှစ်ကျော်ရှိ ရေလုပ်သားတစ်ဦးက ပြောဆိုသည်။
ပင်လယ်ပြင်တွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာခြင်း၊ စက်သုံးဆီနှင့် အခြားကုန်ကျစရိတ်များ မြင့်တက်လာခြင်း၊ ရေလုပ်သား ရှားပါးသဖြင့် ဈေးကြီးပေး ငှားရမ်းနေရခြင်း၊ အခွန်အခအပြင် စစ်အာဏာရှင် ရေတပ်နှင့် အခြားဌာနဆိုင်ရာများကို လာဘ်ထိုးရခြင်း၊ အချို့နေရာများတွင် တော်လှန်ရေးအင်အားစုများကိုပါ အလှူငွေသဘော ငွေပေးဆောင်ရခြင်း စသည့် အခက်အခဲတို့နှင့်လည်း ရေလုပ်သားများ ရင်ဆိုင်နေကြရကြောင်း ပြောဆိုကြသည်။
“ပင်လယ်ထဲမှာ ဥပဒေမရှိဘူး။ စားသုံးစားပဲ ရှိတယ်။ လျင်တဲ့သူစား၊ ရဲတဲ့သူစား၊ ပေါင်းတတ်တဲ့သူစားပဲ” ဟု အထက်ပါ ရေလုပ်သားက ပြောဆိုသည်။
စစ်အုပ်စု ငါးလုပ်ငန်းဦးစီးဌာန ဖမ်းဆီးအရေးယူမည်ဟု ထုတ်ပြန်ချက်ထဲတွင် တနင်္သာရီတိုင်းအပါအဝင် မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်ရှိ ကျွန်းများလည်းပါဝင်ပြီး စုစုပေါင်း ၁၅ နေရာပါရှိသည်။







