တနင်္သာရီတိုင်းသို့ မုတ်သုန်လေ စတင်ဝင်ရောက်ခဲ့သည့် မေလလယ်မှ ယခုဇွန်လအထိ မိုးဦးကျကာလ၌ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ရေနစ်သေဆုံးသူ ခုနစ်ဦးအထိ ရှိသည်။
ဇွန်လ ၁၇ ရက်က ထားဝယ်မြို့နယ် ၊ အရှေ့တောဒေသရှိ ရေကန် (သတ္တုတွင်းကျင်းဟောင်း) တစ်ခုတွင် အသက် ၃၀ အရွယ် ပကာရီရွာသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း အရှေ့တောဒေသခံများက ပြောသည်။
မိသားစုဝင်အချို့ နှင့်အတူ ရေကန်ရှိရာသို့ သွားရောက်လှည့်ပတ်ကြစဉ် ရေနစ်ခြင်းဖြစ်ကြောင်း ဖြစ်စဥ်အားသိရှိသည့် ဒေသခံတစ်ဦးက ဆိုသည်။
မေလကလည်း သရက်ချောင်းမြို့နယ်တွင် အသက် ၅ နှစ်အရွယ် ကျောင်းသားနှစ်ဦးနှင့် လောင်းလုံးမြို့နယ်တွင် ဆယ်ကျော်သက်အရွယ် ကျောင်းသားနှစ်ဦး ကျေးရွာပတ်ဝန်းကျင် လယ်ကွင်းပြင်နှင့် ရေအိုင်များတွင် ရေကစားစဉ် ရေနစ်သေဆုံးခဲ့ကြသည်။
မြိတ်မြို့တွင်မူ မေလ ၁၈ ရက်တွင် ဓနိတောအစပ်တစ်နေရာ၌ စိတ်ကျန်းမာရေးမကောင်းသည့် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးခဲ့သလို ပုလောမြို့နယ်အတွင်းရှိ ကျောက်လိပ်ရေတံခွန်တွင်လည်း မေလ ၂၇ ရက်က ရေသွားကစားသည့် အသက် ၂၂ အရွယ် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးခဲ့သည်။
အထက်ပါအရေအတွက်သည် Dawei Watch က လက်လှမ်းမီသမျှ စုစည်းထားသည့် အချက်အလက်သာဖြစ်သည်။
တနင်္သာရီတိုင်းသည် မိုးများသည့် ဒေသဖြစ်ပြီး မိုးရာသီတွင် ရေတံခွန်၊ ရေချောင်း၊ ရေအိုင်များသို့ သွားရောက် လည်ပတ်သူများသည်။
ယင်းသို့ လည်ပတ်စဉ် နှစ်စဥ် ရေနစ်သေဆုံးမှုများ ရှိသဖြင့် သွားရောက်လည်ပတ်သူများအနေဖြင့် ဂရုစိုက်၍ သွားလာသင့်ကြောင်း ဒေသခံများက တိုက်တွန်းကြသည်။
မိုးကာလတွင် ရေကြီးရေလျှံမှုများနှင့်အတူ ရေနစ်ခြင်း၊ ဓာတ်လိုက်ခြင်း၊ မြွေကိုက်ခံရခြင်း စသည့် အန္တရာယ်များ ဖြစ်ပွား နိုင်သဖြင့် ရေကြီးရေလျှံကာ ရေလွှမ်းထားသည့်နေရာများကို လမ်းလျှောက်ခြင်း၊ ယာဥ်တစ်ခုခုဖြင့် ဖြတ်သန်ခြင်း မပြုလုပ်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (မြန်မာနိုင်ငံ) က သတိပေးထားသည်။







