ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတိုင်းတွင် သြဂုတ်လကုန်အထိ မိုးဆက်ကြီးမည်

August 26, 2026

ပုံစာ - တနင်္သာရီမြစ်ရေ အခြေအနေကို သြဂုတ်လ ၂၅ ရက်က တွေ့မြင်ရစဥ်။

တနင်္သာရီတိုင်းတွင် ယခုသြဂုတ်လကုန်အထိ မိုးဆက်ကြီးနေမည်ဖြစ်ကြောင်း စစ်အစိုးရ၏ မိုးလေဝသနှင့် ဇလဗေညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

နိုင်ငံအဝှမ်း သြဂုတ်လ ၃၁ ရက်အထိ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန် ၊ မန္တလေး၊ ပဲခူးတိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန်၊ ရခိုင် နှင့် ရှမ်း (အရှေ့ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ဆိုသည်။

မုတ်သုံလေ အားကောင်းခြင်းအပြင် တရုတ်နိုင်ငံ၊ ကွမ်ရှီး ပြည်နယ်တောင်ပိုင်း ကမ်းရိုးတန်းဒေသများကို စတင်ဖြတ်ကျော် လျက်ရှိသော အပူပိုင်းမုန်တိုင်း “နာရာ” (NARRA) ထံမှ ပြတ်ထွက်လာသော တိမ်တိုက်များအရှိန်ကြောင့် မိုးကြီးနေခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

သို့သော် ယနေ့ နေ့လယ် ၁၂နာရီခွဲအချိန် တိုင်းထွာချက်များအရ “နာရာ” (NARRA) သည် မုန်တိုင်းငယ် အဖြစ်သို့ အားလျော့သွားခဲ့ပြီဖြစ်ကြောင်း မိုးဇလက သတင်းထုတ်ပြန်သည်။

တနင်္သာရီတိုင်းတွင် သြဂုတ်လဆန်းကတည်းက မိုးကြီးနေပြီး တတိယအပတ်မှစကာ နေရာအချို့ ရေကြီးရေလျှံ နေကြောင်း ဒေသခံများထံမှ သိရသည် ။ သို့သော် နေ့ရပ်ရွှေ့ပြောင်းရသည့် အခြေအနေထိ မရောက်သေးပေ။

ယနေ့ သြဂုတ်လ ၂၆ ရက်တွင် ထားဝယ်မြို့၏ မိုးရေချိန်မှာ ၅ ဒသမ ၁၂ လက်မရှိကြောင်း မိုးဇလက ဖော်ပြသည်။

သြဂုတ်လ ၁၇ ရက်ကတည်းက ရေတက်နေသည့် တနင်္သာရီမြစ်ရေသည်လည်း စိုးရိမ်ရေအမှတ် ရေအမြင့် ၁၇ ပေဝန်းကျင်၌ ဆက်ရှိနေပြီး မြေနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်နေဆဲဖြစ်ကြောင်း မြို့ခံများက ပြောသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်း၊ ရေကြီး ရေလျှံခြင်း များဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက သတိပေးသည်။

ယခု သြဂုတ်လနောက်ဆုံး ရက်သတ္တပတ်အတွင်း မွန်၊ ကရင်၊ တနင်္သာရီ နှင့် ချင်းဒေသတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရေကြီးရေလျှံခြင်း၊ ကမ်းပါးပြိုမြေပြိုခြင်းဖြစ်ပေါ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူမှုရေးရာ အလုပ်သမား နှင့် လူသားချင်းစာနာထောက်ရေးဝန်ကြီးဌာန၏ တစ်ပတ်တာကြိုတင် မိုးလေဝသခန့်မှန်းချက်တွင် သတိပေးဖော်ပြသည်။