နွေရာသီက ကွမ်းသီးခြောက်ဈေးကောင်း မရသဖြင့် သိုလှောင်ထားရာ လက်ရှိတွင်လည်း ဈေးမတက်သဖြင့် အခက်ကြုံနေကြကြောင်း ထားဝယ်အရှေ့တောဒေသနေ ကွမ်းသီးခြံရှင်အချို့က ပြောသည်။
မိုးရာသီတွင် ဈေးတက်နိုင်သည်ဟု ယူဆကာ ကွမ်းသီးခြောက်ထွက်သည့် နွေရာသီတွင် မရောင်းခဲ့ဘဲ သိုလှောင်ထားကြခြင်းဖြစ်ကြောင်း ခြံရှင်အချို့က ဆိုသည်။
ကွမ်းသီးခြောက်များကို မိမိနေအိမ်တွင် သိုလှောင်ထားခြင်းမဟုတ်ဘဲ ချိတ်ဆက်ထားသည့် ပွဲရုံများကို တင်ပို့ကာ အဆိုပါပွဲရုံတွင်ပင် သိုလှောင်ထားကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် နွေရာသီက ကွမ်းသီးခြောက်တစ်ပိဿာလျှင် ကျပ်တစ်သောင်းမှ တစ်သောင်းခွဲကျပ်ကြား ပေါက်ဈေးရှိခဲ့ကြောင်း ခြံရှင်အချို့ထံမှ သိရသည်။
လက်ရှိ မိုးရာသီတွင်လည်း ကွမ်းသီးခြောက် တစ်ပိဿာလျှင် ကျပ်တစ်သောင်းဝန်းကျင်သာ ဈေးပေါက်နေကြောင်း ၎င်းတို့က ပြောဆိုသည်။
ဈေးတက်လာနိုင်သည်ဟု မျှော်လင့်ပြီး သိုလှောင်ထားသော်လည်း ဈေးအပြောင်းအလဲမရှိသည့်အတွက် စားဝတ်နေရေး အခက်ကြုံနေရကြောင်း ခြံပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။
“အခြေခံစားသောက်ကုန်တွေက အားလုံးစျေးတက်ပြီး ကွမ်းသီးစျေးကကျနေတော့ အစ်မတို့မှာ စားဝတ်နေရေး ကျပ်တည်းတာပေါ့။ အစ်မတို့မှာက ကွမ်းသီးတစ်ခုပဲ (ကွမ်းသီးခြံလုပ်ငန်း) ဝင်ငွေရှိတာလေ။ တစ်ခါတလေ စိတ်ဓာတ် ကျလာရင်လည်း စဥ်းစားမိတယ်။ ဒီခြံကို သတ္တုတူးဖော်သူတွေဆီပဲ ရောင်းပစ်လိုက်ရမလားလို့” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်နှစ်ကမူ ကွမ်းသီးခြောက်တစ်ပိဿာလျှင် ကျပ်တစ်သောင်းနှင့် ကျပ်တစ်သောင်းခွဲဝန်းကျင် ဈေးပေါက်ခဲ့ပြီး မိုးရာသီရောက်ချိန်တွင် ကျပ်နှစ်သောင်းခွဲအထိ ဈေးမြောက်သွားခဲ့ကြောင်း တောင်သူအချို့ထံမှ သိရသည်။
“ပုံမှန်ဆို မိုးရာသီမှာ ကွမ်းသီးခြောက်စျေးတက်လေ့ရှိတယ်။ အဲဒါကြောင့် မရောင်းသေးဘဲ သိုထားကြတာ။ ဒီနှစ်က ပြောင်းပြန်ဖြစ်နေတယ်။ နွေ(ရာသီ) တုန်းကလောက်တောင် စျေးမရဘူး” ဟု ကွမ်းသီးခြောက်သိုလှောင်ထားသည့် ခြံရှင် အခြားတစ်ဦးက ပြောသည်။
ကွမ်းသီးခြောက်ရာသီမှာ နိုဝင်ဘာလဝန်းကျင်တွင် စတင်ပြီး မတ်လဝန်းကျင်တွင် ပြီးဆုံးလေ့ရှိသည်။
ယခုနှစ်ကွမ်းသီးရာသီတွင် ကွမ်းသီးအထွက်များခဲ့ပြီး နွေရာသီက သိုလှောင်ထားသည့် ကုန်များကျန်နေသေးသဖြင့် ထပ်မဝယ်ကြသေး၍ စျေးမတက်သေးဘဲ ငြိမ်နေခြင်းဖြစ်နိုင်ကြောင်း မော်လမြိုင်မြို့ရှိ ကွမ်းသီးပွဲရုံပိုင်ရှင်တစ်ဦး ပြောသည်။
“ကိုးလပိုင်းလောက် ရောက်ရင်တော့ စျေးတက်လာမယ်လို့ ခန့်မှန်းတယ်။ အဲဒီအချိန်လောက်ဆို နွေကတည်းက ဝယ်လက်တွေ သိုထားတာတွေ ကုန်လောက်ပြီ။ ကွမ်းသီးခြောက်အသစ်လည်း ထွက်မလာသေးဘူးဆိုတော့ စျေးတက်လာလိမ့်မယ်။ အများကြီးတော့ မဟုတ်ဘူး။ (တစ်ပိဿာကို) တစ်ထောင်၊ နှစ်ထောင်လောက်ပေါ့” ဟု ၎င်းက ဆိုသည်။
ကွမ်းသီးခြောက်ဈေးကောင်းမရဖြစ်နေချိန်တွင် ခြံရှင်းခဈေးက မြင့်တက်နေပြီး မြက်ခုတ်စက်ရော လူပါငှားရမ်းပါက တစ်ရက်လျှင် ကျပ်ခြောက်သောင်းခွဲဈေးရှိကာ လူသီးသန့်ငှားရမ်းပါက ကျပ်လေးသောင်းခွဲပေးရကြောင်း ကွမ်းခြံပိုင်ရှင်တစ်ဦးက ဆိုသည်။
“ခြံတောရှင်းခတွေက စျေးအရမ်းမြင့်တယ်။ ကွမ်းသီးစျေးက တစ်ပိဿာမှ တစ်သောင်း (ကျပ်) ဝန်းကျင်ဆိုတော့ လူမငှားနိုင်ဘူးလေ။ တစ်နှစ်တစ်ကြိမ် ခုတ်နိုင်ဖို့တောင် အနိုင်နိုင်ပဲ” ဟု ၎င်းက ပြောသည်။
ကွမ်းသီးပင်များကို ထားဝယ်အရှေ့တောအပါအဝင် တနင်္သာရီတိုင်းအတွင်းရှိ နေရာအနှံ့တွင် စီးပွားဖြစ် စိုက်ပျိုးကြသည်။







