ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်-မြိတ်-ကော့သောင်း စပိဘုတ်ခရီးစဉ်များ လကုန်အထိ ရပ်နားမည်

August 21, 2026

ထားဝယ်-မြိတ်-ကော့သောင်းမြို့များသို့ နေ့စဉ် ပြေးဆွဲနေသည့် စပိဘုတ်ခရီးစဉ်များအားလုံး ယနေ့မှစ၍ လကုန်အထိ ရပ်နားထားမည်ဖြစ်ကြောင်း စပိဘုတ်ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ထားဝယ်-မြိတ်-ကော့သောင်းမြို့များသို့ အသွားအပြန် ပြေးဆွဲနေသည့် စပိဘုတ်များအားလုံးကို ဩဂုတ်လ ၂၁ ရက်မှစ၍ ၃၁ ရက်နေ့အထိ ခေတ္တရပ်ဆိုင်းထားရန် စပိဘုတ်လုပ်ငန်းရှင်များအသင်းက ဩဂုတ်လ ၂၀ ရက် ရက်စွဲဖြင့် စာပို့အကြောင်းကြားထားကြောင်း စပိဘုတ်အမြန်ရေယာဉ် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ဟုတ်ကဲ့ လကုန်အထိ နားရမှာပါ၊ ကျွန်တော်တို့ကို စာပို့ထားတာက ဒေသဆိုင်ရာ အာဏာပိုင်ရဲ့ ညွှန်ကြားချက်အရဆိုပြီး ပါတယ်။ ဘာကြောင့်လဲဆိုတာ ရေးမထားဘူး” ဟု ၎င်းက ပြောသည်။

စပိဘုတ်ခရီးစဉ်များ ယာယီရပ်နားရခြင်းမှာ ယခုလက်ရှိ မြန်မာ့ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် ရာသီဥတုအခြေအနေကြောင့် ဖြစ်ကြောင်း အခြား စပိဘုတ်အမြန်ရေယာဉ်ငယ် ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

“အခုက လှိုင်းက ခေါင်းကျော်နေတယ်။ ရာသီဥတုအခြေအနေကြောင့်ပါ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ဩဂုတ်လ ၂၆ ရက်နှင့် ၂၇ ရက် နှစ်ရက်တွင်မူ ရာသီဥတုအခြေအနေ ပုံမှန်ပြန်ဖြစ်လာနိုင်၍ အခြေအနေစောင့်ကြည့်ကာ ပြေးဆွဲပေးမည်ဟု အထက်ပါ အမျိုးသားက ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် တိုင်းထွားချက်အရ ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေသည်ဟု ဆိုသည်။

မြန်မာ့ပင်လယ်ပြင် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဟု ဆိုသည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၁ ပေမှ ၁၃ ပေခန့် ရှိနိုင်ကြောင်း မိုးဇလက သတိပေးထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့တွင်လည်း မြိတ်မြို့မှ ထားဝယ်မြို့သို့ ခရီးသည် ၁၉ ဦး လိုက်ပါလာသည့် စပိဘုတ်အမြန်ရေယာဉ်ငယ်တစ်စီးသည် ရှင်မော်ငူ၏ အရှေ့မြောက်ဘက်၊ ကျောက်နီမော်ကျေးရွာ၏ အရှေ့တောင်ဘက်တွင်ရှိသော မီးပြကျွန်းမှ ရေမိုင်လေးဖာလုံခန့်အကွာ ထားဝယ်မြစ်ဝတွင် ရေဝင်ခဲ့ခြင်းကြောင့် ကမ်းကပ်ပြီး အရေးပေါ်အကူအညီများ တောင်းခံခဲ့ရသေးသည်။