ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဇူလိုင်လအတွင်း တနင်္သာရီတိုင်းမှ လူငယ် ၁၄၀ ကျော် စစ်မှုထမ်း စုဆောင်းခံရ

August 10, 2026

ပုံစာ - ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်ခဲ့သည့် စစ်မှုထမ်း အမှတ်စဉ် (၂၇) သင်တန်းသုံး ပစ္စည်းပေးအပ်ပွဲ။

စစ်အာဏာရှင်တပ်က စစ်မှုထမ်း အဓမ္မစုဆောင်းမှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ယခုနှစ် ဇူလိုင်လအတွင်း တနင်္သာရီတိုင်းမှ လူငယ်အမျိုးသား ၁၄၀ ကျော် စစ်မှုထမ်းစုဆောင်းခံရကြောင်း သိရသည်။

ဇူလိုင်လ ၃၁ ရက်တွင် စစ်မှုထမ်း အပတ်စဉ် (၂၇) သင်တန်းသို့ ပို့ဆောင်မည့် သင်တန်းသားများကို မြိတ်မြို့ရှိ စစ်အာဏာရှင်တပ် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တွင် သင်တန်းသုံး ပစ္စည်းများ ပေးအပ်ပွဲ ပြုလုပ်ခဲ့သည်။

စစ်အုပ်စုဘက်က ထုတ်ပြန်ထားသည့် သင်တန်းသုံး ပစ္စည်းပေးအပ်ပွဲ မှတ်တမ်းဓာတ်ပုံများအရ စစ်မှုထမ်း အပတ်စဉ် (၂၇) အတွက် တနင်္သာရီတိုင်းတွင် လူငယ် ၁၄၀ ကျော် စစ်မှုထမ်း သင်တန်းသားအဖြစ် စုဆောင်းခံထားရကြောင်း တွေ့ရသည်။

Dawei Watch က လက်လှမ်းမီးသမျှ ကောက်ယူရရှိသည့် စာရင်းအရ ထားဝယ်မြို့နှင့် သရက်ချောင်းမြို့တွင် ဇူလိုင်လအတွင်း လူငယ်အမျိုးသား ၁၆ ဦးထက်မနည်း အဓမ္မ စစ်မှုထမ်း စုဆောင်းခံရကြောင်း တွေ့ရသည်။

စစ်အာဏာရှင်တပ်က စစ်မှုထမ်းစုဆောင်းမှုများကို နေရာအနှံ့တွင် ပုံစံမျိုးစုံဖြင့် လုပ်ဆောင်နေခြင်းဖြစ်ရာ Dawei Watch အနေဖြင့် လက်လှမ်းမမီသော ဒေသများ၊ ဖြစ်စဉ်များလည်း အများအပြားရှိနေသည်။

စစ်မှုထမ်း အပတ်စဉ် (၂၆) သင်တန်းကို ပလောက်မြို့ရှိ အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် (၂၇) ကိုမူ မည်သည့်နေရာတွင် ဖွင့်လှစ်မည်ကို သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် မေလက စစ်မှုထမ်း အပတ်စဉ် (၂၅) သင်တန်းကိုမူ ကျွန်းစုမြို့နယ်မှ ရေတပ်လေ့ကျင့်ရေးတပ်တွင် ဖွင့်လှစ်ခဲ့ပြီး ယင်းအပတ်စဉ်၌ အဓမ္မ စုဆောင်းခံရသူ လူငယ်အမျိုးသား ၁၆၀ ကျော် စစ်သင်တန်း တက်ရောက်နေရဆဲ ဖြစ်သည်။

ဧပြီလကလည်း တနင်္သာရီတိုင်းတွင် လူငယ်အမျိုးသား ၁၂၀ ဦး စစ်မှုထမ်း အပတ်စဉ် (၂၄) အတွက် စုဆောင်းခံထားရသဖြင့် တနင်္သာရီတိုင်းတွင် လေးလအတွင်း လူငယ် ခြောက်ရာကျော် အဓမ္မ စစ်မှုထမ်း စုဆောင်းခံထားရပြီ ဖြစ်ကြောင်း စစ်အာဏာရှင်တပ်ဘက်က ထုတ်ပြန်သည့် မှတ်တမ်းဓာတ်ပုံများအရ သိရသည်။

ယနေ့ သြဂုတ်လ ၁၀ ရက်တွင် ရန်ကုန်တိုင်း မှော်ဘီရှိ အမှတ် ၄ အရာခံနှင့်အကြပ်ကြီး သင်တန်းကျောင်းတွင် အမျိုးသမီး စစ်မှုထမ်း အပတ်စဥ် ၁ ဖွင့်လှစ်မည်ဟု မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေး ဆိုင်ရာလေ့လာရေးအဖွဲ့က သတင်းဖော်ပြထားသည်။ သို့သော် Dawei Watch အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။