ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကမ်းဝေးငါးဖမ်းလှေများ ကမ်းနီးဝင်ဖမ်းမှု ပိုအတင့်ရဲလာသဖြင့် ဒေသခံကမ်းနီးငါးဖမ်းလှေများအခက်တွေ့

July 26, 2026

ကမ်းဝေးငါးဖမ်းလှေကြီးများသည် ပိုမိုအတင့်ရဲလာပြီး ကျွန်းစုပင်လယ်ပြင်ရှိ ကျေးရွာများအနီးအထိ ငါးဝင်ဖမ်းမှုကြောင့် ကမ်းနီးငါးဖမ်းလှေငယ်များ ပိုမိုအခက်တွေ့လာကြောင်း ဒေသခံများထံမှ သိရသည်။

ဝါတန်းနှင့် ဝါလတ်လှေကြီးများသည် ယခုနှစ် ငါးဖမ်းရာသီမှစတင်ကာ ကျေးရွာအနီးအနားအထိ ဝင်ဖမ်းနေကြသော်လည်း စစ်အာဏာရှင်တပ် စစ်သင်္ဘောများက ဖမ်းဆီးအရေးယူခြင်းမရှိကြောင်း ကမ်းနီးရေလုပ်သားအချို့က ပြောသည်။

ထိုသို့ ကမ်းဝေးလှေကြီးများ ကမ်းနီး ငါးဝင်ဖမ်းမှုသည် ယခင်ခေတ်အဆက်ဆက်ကတည်းက ရှိခဲ့သော်လည်း လက်ရှိ ငါးဖမ်းရာသီ ပြန်ဖွင့်ချိန်ဖြစ်သည့် ဇွန်လမှစကာ ဝင်ရောက်ဖမ်းဆီးမှု အကြိမ်ရေပိုမိုများပြားလာကြောင်း ၎င်းတို့က ဆိုသည်။

ထိုသို့ ကမ်းနီးဝင်ဖမ်းကြသည့်အတွက် ဒေသခံလှေငယ်များက ငါးဖမ်းဆီးရမိခြင်းမရှိတော့သဖြင့် ဝမ်းစာရေးအတွက် အခက်တွေ့လာရကြောင်း ကျွန်းစုမြိုနယ် ရေကန်တောင်ကျေးရွာနေ ဒေသခံတစ်ဦးက ဆိုသည်။

“တစ်ခါတလေ တစ်ရွာလုံး ငါးမရတဲ့နေ့တွေရှိတယ်။ စားဝတ်နေရေး တော်တော်ဒုက္ခရောက်တယ်။ ဘယ်သူ့ကို တိုင်ရမှန်းလည်း မသိဘူး။ စစ်သင်္ဘောတွေကလည်း မြင်နေရက်နဲ့ ဘာမှမပြောဘူးဆိုတော့ သူတို့ခွင့်ပြုချက် ရထားသလားပေါ့” ဟု ၎င်းက ပြောသည်။

ဝါတန်းလှေဟု ခေါ်သည့် ဝိုင်းကြီးချုပ်လှေကြီးများရှိ ငါးဖမ်းပိုက်သည် ရေအောက်အထိ ပေရာချီနက်ပြီး အကျယ်အဝန်းအားဖြင့် ဘောလုံးကွင်း နှစ်ကွင်းခန့်ကျယ်ဝန်းသည်။

ဝါးလတ်လှေခေါ် ဒရွတ်ဆွဲလှေကြီးများရှိ ငါးဖမ်းပိုက်က ပင်လယ်ကြမ်းပြင်အထိ ပိုက်ချကာ ဒရွတ်ဆွဲဖမ်းဆီးသည်။

ထို့ကြောင့် အထက်ပါ ငါးဖမ်းလှေကြီးများကို ကမ်းနီးတွင် ငါးဖမ်းခွင့်တားမြစ်ထားခြင်းဖြစ်သည်။

အထက်ပါ ကမ်းဝေးငါးဖမ်းလှေကြီးများက ငါးဖမ်းပိုက်မျိုးစုံဖြင့် ကမ်းနီးဧရိယာတွင် မကြာခဏ လာရောက်ဖမ်းဆီး ကြသဖြင့် ကမ်းနီးရေလုပ်သားများ ငါးဖမ်းဆီးရရှိမှုနည်းသွားခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ် ကံမော်ရွာနေ ရေလုပ်သား တစ်ဦးက ဆိုသည်။

“သူတို့မှာက ပိုက်တွေစုံတယ် စက်ကိရိယာတွေစုံတယ်ဆိုတော့ သူတို့ဖမ်းလိုက်ရင် ရွာနားမှာ ငါးတွေ မကျန်‌တော့ဘူး။ ကမ်းနီး လာဖမ်းတာက အရင်ကတည်းကရှိတယ်ဆိုပေမယ့် အခုအခြေအနေတွေက ပိုဆိုးလာတယ်”ဟု ၎င်းက ပြောသည်။

ကမ်းဝေး ငါးဖမ်းလှေများအနေဖြင့် ကမ်းနီးတွင် ဝင်ရောက်ဖမ်းဆီး နေသော်လည်း ဖမ်းဆီးခြင်း၊ တားမြစ်ခြင်းမရှိသဖြင့် ပိုအတင့်ရဲလာခြင်းဖြစ်ကြောင်း ဒေသခံကမ်းနီးရေလုပ်သားများက ပြောဆိုကြသည်။

တနင်္သာရီတိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ဝန်းကျင်ရှိပြီး ကမ်းနီးငါးဖမ်းလှေ ထောင်ပေါင်းများစွာရှိသည်။