ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတိုင်းထွက်ပုလဲ ရောင်းရငွေများ စစ်အုပ်စုထံ စီးဝင်ရန် ထိုင်း၊ ဂျပန်နှင့် ဟောင်ကောင်ကုမ္ပဏီများ ကူညီနေ

June 20, 2026

စစ်အုပ်စုသည် တနင်္သာရီတိုင်း မြိတ်ကျွန်းစုရှိ ပုလဲမွေးမြူရေးလုပ်ငန်းများမှ နှစ်စဉ် ကျပ်ငွေဘီလီယံချီ ရရှိနေပြီး ပုလဲလုပ်ငန်းများမှတစ်ဆင့် စစ်အုပ်စုထံ ဝင်ငွေစီးဆင်းသွားစေရန် ထိုင်း၊ ဂျပန်နှင့် ဟောင်ကောင် အခြေစိုက် ကုမ္ပဏီများက ပါဝင်ကူညီပေးလျက်ရှိဟု Justice For Myanmar (JFM) က ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ကနေဒါနိုင်ငံသား Pierre Hajjar အပါအဝင် မိသားစုဝင်လေးဦးသည် Belpearl ကုမ္ပဏီကွန်ရက်ကို ပိုင်ဆိုင်ပြီး တနင်္သာရီတိုင်းရှိ ရွှေကျွန်းနှင့် ဇာဒက်ငယ်ကျွန်းများတွင် ပုလဲမွေးမြူရေးကို လုပ်ကိုင်လျက်ရှိကြောင်း မတ်လက ထုတ်ပြန်သည့် Justice For Myanmar (JFM) အစီရင်ခံစာအရ သိရသည်။ ကနေဒါနိုင်ငံသည် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း (MPE) ကို ၂၀၂၁ ခုနှစ်ကတည်းက စီးပွားရေးဒဏ်ခတ် ပိတ်ဆို့အရေးယူထားသော နိုင်ငံတစ်ခုလည်း ဖြစ်သည်။

သို့သော် ကနေဒါနိုင်ငံသားလေးဦးပိုင် Belpearl ကုမ္ပဏီသည် စစ်အုပ်စုလက်အောက်ရှိ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း (MPE) နှင့် အကျိုးတူပူးပေါင်းကာ မြိတ်ကျွန်းစုတွင် ပုလဲမွေးမြူထုတ်လုပ်နေခြင်းဖြစ်သည်။ ထိုကဲ့သို့ ပုလဲထုတ်လုပ်မွေးမြူရန်အတွက် လိုအပ်သော ဝတ်ဆံများကို ထိုင်း၊ ဂျပန်နှင့် ဟောင်ကောင်နိုင်ငံတို့တွင် အခြေစိုက်ထားသော Belpearl ကုမ္ပဏီတို့က ကြားခံကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ဇွန်လ ၁၇ ရက်က ထုတ်ပြန်သည့် JFM အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့က မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း (MPE) အား ပိတ်ဆို့အရေးယူပြီးနောက်ပိုင်း Belpearl ကုမ္ပဏီသည် ထိုင်းနိုင်ငံတွင် BP Farms (Thailand) ကြားခံကုမ္ပဏီကို တည်ထောင်ခဲ့သည်။ ထိုင်းနိုင်ငံမှတစ်ဆင့် ဟောင်ကောင်မှ ပုလဲဝတ်ဆံများကို ဝယ်ယူကာ မြန်မာနိုင်ငံသို့ ပေးပို့နေခြင်းဖြစ်ကြောင်း JFM က ဆိုသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်စွဲပါ ပုလဲဝတ်ဆံဝယ်ယူရေးစာချုပ်ပါ အချက်အလက်များအရ ထိုင်းအခြေစိုက် BP Farms ကုမ္ပဏီသည် ဟောင်ကောင်အခြေစိုက် Belpearl (Hong Kong) နှင့် ဂျပန်နိုင်ငံအခြေစိုက် Belpearl Japan ကုမ္ပဏီတို့ထံမှ ပုလဲဝတ်ဆံများကို ဝယ်ယူပြီး၊ ထိုပစ္စည်းများကို ရန်ကုန်ရှိ Belpearl Myanmar ထံသို့ တိုက်ရိုက်ပေးပို့ကြောင်း JFM အစီရင်ခံစာတွင် ပါရှိသည်။

ထိုကဲ့သို့ ပုလဲဝတ်ဆံများ ဝယ်ယူရေးနှင့် ငွေပေးချေရေးဆိုင်ရာ ကိစ္စများကိုမူ ထိုင်းအခြေစိုက် BP Farms (Thailand) ကုမ္ပဏီသည် ကြားခံအဖွဲ့အစည်းတစ်ခုအနေဖြင့် ဆောင်ရွက်ပေးသည်ဟု ဆိုသည်။

Belpearl သည် မြန်မာ့ပုလဲများကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချသည့် လေလံလုပ်ငန်းတစ်ခုကိုလည်း ဟောင်ကောင်တွင် လုပ်ကိုင်လျက်ရှိသည်ဟု ဆိုသည်။

Belpearl ကုမ္ပဏီနှင့် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း (MPE) တို့သည် တနင်္သာရီတိုင်းတွင် ပုလဲမွေးမြူရေးလုပ်ငန်းမှ ရရှိလာသော အကျိုးအမြတ်ခွဲရေးစာချုပ် ချုပ်ဆိုထားပြီး ထိုစာချုပ်အရ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း (MPE) က ပုလဲ ၂၅ ရာခိုင်နှုန်းကို ရရှိနေကြောင်းလည်း JFM တွင် ဖော်ပြထားသည်။ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း (MPE) က ပုလဲများကို နေပြည်တော်ရှိ ကျောက်မျက်ပြပွဲများတွင် ရောင်းချကာ စစ်အုပ်စုအတွက် ဒေါ်လာသန်းပေါင်းများစွာ ရှာဖွေပေးနေကြောင်းလည်း ဖော်ပြထားသည်။

တနင်္သာရီတိုင်း မြိတ်ကျွန်းစုတွင် ပုလဲမွေးမြူရေးလုပ်ကွက်ပေါင်း ၁၂ ခုရှိပြီး စစ်အုပ်စုနှင့် အကျိုးတူဖက်စပ်ဆောင်ရွက်နေသည့် ပြည်ပကုမ္ပဏီ ၄ ခု၊ ပြည်တွင်းကုမ္ပဏီ ၇ ခုနှင့် နိုင်ငံပိုင်မွေးမြူရေးစခန်း ၁ ခု ရှိကြောင်း MMGGA Initiative အဖွဲ့က ၂၀၂၃ ခုနှစ်က ထုတ်ပြန်သော အစီရင်ခံစာတွင် ပါရှိသည်။

MMGGA Initiative သည် ဒေသတွင်းလူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုအတွက် အစဉ်တစိုက် လုပ်ကိုင်နေသူများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပြီး ယင်းအဖွဲ့က ၂၀၂၃ ခုနှစ်တွင် “အမေ့လျော့ခံတန်ဖိုးများနှင့် မြိတ်ကျွန်းစုရှိ ပုလဲလုပ်ကွက်များ” ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ဖူးသည်။

ထိုပုလဲမွေးမြူရေးလုပ်ငန်းများမှ နှစ်စဉ် မြန်မာကျပ်ငွေ ၁၆ ဘီလီယံကျော် စစ်ကောင်စီထံသို့ တိုက်ရိုက်စီးဆင်းလျက်ရှိနေပြီး လုပ်ကွက်အသစ်များလည်း ထပ်မံတိုးချဲ့လာနေကြောင်း MMGGA Initiative အဖွဲ့၏ အစီရင်ခံစာတွင် ပါရှိသည်။