ထိုင်းနိုင်ငံ ဖစ်စနူလို့ခရိုင်တွင် ပစ်ကပ်ကား ၁၀ ဖြင့် တရားမဝင် လာရောက်သော မြန်မာနိုင်ငံသား ၁၄၅ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ မေလ ၈ ရက် နံနက်ပိုင်းက ဖရွန်ဖိရမ်ဒေသ အမှတ် ၁၁ အဝေးပြေး လမ်းမကြီးပေါ်တွင် ရဲတပ်ဖွဲ့က ကြိုတင် သတင်းရရှိ၍ ဂိတ်ချစစ်ဆေးနေစဉ် ပစ်ကပ်ကား ၁၀ စီးခန့်က တန်းစီ၍ မောင်းလာခဲ့ကြောင်း ဆိုသည်။
ရပ်တန့်စစ်ဆေးခံရန် ရဲတပ်ဖွဲ့က အချက်ပြရာ ကားများသည် ဂငယ်ကွေ့ပြန်ကွေ့ပြီး လမ်းဘေးရှိ တောနှင့် လယ်တောထဲသို့ မောင်းပြေးခဲ့ကြကြောင်း ဖော်ပြသည်။
ရဲတပ်ဖွဲ့ပေါင်းစုံက နောက်ကလိုက်လံ၍ ညလုံးပေါက် ရှာဖွေခဲ့သောအခါ ပစ်ကပ်ကား ၁၀ စီးကို တွေ့ရှိခဲ့ပြီး အနီးရှိ တောထဲတွင် မြန်မာနိုင်ငံသား ၁၄၅ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားအားလုံးကို ဖရွန်ဖိရန်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ပြီး အချက်အလက်များကို စစ်ဆေးရာ အသက် ၁၈ နှစ်မှ ၂၃ နှစ်အရွယ် လူငယ်များဖြစ်ကြောင်း ဆိုသည်။
မြန်မာနိုင်ငံသားများတွင် နိုင်ငံကူးလက်မှတ် သို့မဟုတ် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရဘဲ အားလုံးသည် ချင်းရိုင်ခရိုင် မယ်ဆိုင်ဒေသသို့ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ဖြင့် ဝင်လာကြသူများဖြစ်ကြောင်း ဖော်ပြသည်။
အားလုံးသည် ဘန်ကောက်နှင့် ထိုင်းနိုင်ငံအလယ်ပိုင်းဒေသများတွင် အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားများကို ဘတ် ၂၀၀၀၀ အထိ ပေးချေပြီး ဝင်ရောက်လာခဲ့ကြကြောင်း ဖော်ပြသည်။
ကားသမားအားလုံးသည်လည်း မြန်မာနိုင်ငံသားများဖြစ်ပြီး ထိုင်းဘာသာစကားကို ပြောဆိုနိုင်ကြကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများကို ဖစ်စနူလို့ခရိုင်သို့ ယာယီပို့ဆောင်ပေးရမည်ဖြစ်ပြီး ယင်းနေရာမှတစ်ဆင့် မြန်မာနိုင်ငံသားများ သွားလိုသော အခြားနေရာများသို့ ခွဲ၍ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း ကားသမားများက ထွက်ဆိုထားသည်။
လက်ရှိတွင် ကားသမားများ၏ မိုဘိုင်းဖုန်းများကို သိမ်းဆည်းပြီး လူမှောင်ခိုပို့ဆောင်သော ကွန်ရက်တစ်ခုလုံးကို ရှာဖွေဖော်ထုတ် ဖမ်းဆီးမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကိုမူ ဥပဒေအရ အရေးယူပြီး နေရပ်ပြန်ပို့မည်ဖြစ်ကြောင်း ဖော်ပြသည်။



