ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တိတ်တဆိတ်ထွက်သွားတဲ့ ပုရွက်ဆိတ်လေးတွေ

July 26, 2026

“ပုရွက်ဆိပ်လေးတွေ”တဲ့။

မသိလိုက်ဘူး။ သူတို့နေထိုင်တဲ့ရွာတွေက ရွာသားတွေရော၊ နည်းအမျိုးမျိုးနဲ့ သူတို့ကိုသိတဲ့သူတွေရော သူတို့ဟာ ပုရွက်ဆိတ်လေးတွေဆိုတာ မသိလိုက်ကြဘူး။ မသိဆို အချိန်အများစုမှာ သူတို့ ရှိနေမှန်းတောင် သတိမထားမိကြဘူး။

ရွာထဲမှာ သူတို့ရှိနေရင် သူတို့ဆီက ကိုက်ခဲဖျားနာဆေးဝါးတွေ ရတယ်၊ သွေးတိုးကျဆေး၊ ဓားရှဒူးကွဲ သွေးထွက်သံယို အရေးပေါ်ဆို သူတို့လာကြပြီ။ သူတို့ဆီ သွားရပြီ။

သူတို့ကလည်း ဘယ်သူဘယ်ဝါ မမေး။ အနာနဲ့ဆေးပဲ တည့်အောင်ပေးကြ။ ဘာကြေးညာကြေး တပြားမှ မပေးရတော့ ရွာသားတွေက သဘောကျ။ ရွာထဲက စစ်ရှောင် CDM ကျောင်းသားတွေ အရေးဆို တိုးတိုးလေးနဲ့ ရှေ့ဆုံးက တွေ့ရ။

ဟိုရွာဒီရွာက စစ်ရှောင်တွေအရေးဆို ဆိုင်ကယ်အဟောင်းလေးကိုယ်စီနဲ့ ဟိုပြေးကူ ဒီပြေးလှူ။ ရွာသားတွေ၊ သူတို့ကို ခင်မင်သူတွေ မသိလိုက်ဘဲ ဟိုလိုက်ကူ ဒီလိုက်မျှမှုတွေလည်း ဒုနဲ့ဒေး ရှိနေနိုင်တဲ့ ပုရွက်ဆိတ်လေးတွေ။

ဝေလာဝေး၊ လိုင်းပေါ်မှာ ဆောက်ကြွားကြွား အလှူခံဖို့၊ ရွာထဲမှာ မော်ကြွားကြွား လမ်းသလားဖို့ ဝေလာဝေး။ ရှိနေမှန်းတောင် မသိအောင် အသံတိတ်လှတဲ့ နာမည်နဲ့ လိုက်ဖက်လှတဲ့ ပုရွက်ဆိတ်လေးတွေ။ ဘယ်ရွာသား၊ ဘယ်အဖွဲ့အစည်း၊ ဘယ်သူ့ဆီကမှ ဘာမှ မတောင်းဆို။
ဘာပေးသွားတယ်ပဲရှိခဲ့တဲ့ ပုရွက်ဆိတ်လေးတွေ။ မျက်နှာနိမ့်နိမ့်၊ အပြုံးချိုချို၊ တည်တည်ကြည်ကြည်နဲ့ လူငယ်လေးတွေ၊ ရွာသားတွေ ဘယ်နေရာ ချထားထား ဘယ်တော့မှ အတွန့်မတက်၊ အလွယ်ရတဲ့ မှိုတွေ မျှစ်တွေတောင် မပူဆာတတ်သူတွေ။

မနက်မှာ လိုက်ကူစရာရှိကူ၊ ခရီးထွက်စရာရှိထွက် ရွာပြန်ရောက်ရင် ခြင်းလုံးခတ်ရင်ခတ်မယ်၊ ချောင်းရေချိုးရင်ချိုးမယ်၊ မလိုအပ်ချိန်မှာ ရှိနေမှန်းတောင်မှ မသိလိုက်အောင် နေတတ်ကြသူတွေ။
သူတို့ယုံကြည်ရာဆီ အဲလို ချီတက်ခဲ့တာ ကြာပြီပဲလေ။

ကြာပြီဆို ထားဝယ် အရှေ့တောဒေသကို ခြေကုပ်ယူပြီး သူတို့တတ်စွမ်းသလောက် လှုပ်ရှားနေခဲ့တာ နွေဦးတော်လှန်ရေးအစကတည်းကပါပဲ။ ထားဝယ်ခရိုင်ထဲ သူတို့ လှည့်လည်ဝေမျှမှုက တကယ့်ကို လူမသိသူမသိ အသံတိတ်လှလေတော့ သတိထားမိသူ အနည်းသား။

၂၀၂၄ ဒီဇင်ဘာမှာ The Ants Humanitarian Tanintharyi ကို လူငယ် ငါးဦးနဲ့ ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းတော့လည်း တိုးတိုးလေး။ ဘယ်မီဒီယာမှာမှ တခုတ်တရ မဖော်ပြ။ ဘယ်ဆယ်လီတွေရဲ့ ဝန်းရံမှုမှ မခံရ။

သူတို့ခရီးကို နာမည်နဲ့လိုက်အောင် ပုရွက်ဆိတ်တို့ထုံး နှလုံးမူပြီး တိတ်တ်တ်လေးလျှောက်နေခဲ့သူတွေ။

သရက်ချောင်းကစစ်ရှောင် CDM ကျောင်းသားမိခင်အမတစ်ယောက်က ပြောတယ်။

“အာသာတို့ ဒီလ မလာသေးလို့၊ လာရင် ကလေးမုန့် တစ်လ တစ်သောင်းစီ ရကြမှာတဲ့။
ငယ်ငယ်ရွယ်ရွယ်နဲ့ လူကြီးလေးလို နေတတ်တဲ့ “အသာ” ဆိုတဲ့ ပုရွက်ဆိတ်လေးဟာ သူ့နာမည်ကို မှားခေါ်ရင် မကြိုက်တတ်ဘူးတဲ့။

အခုတော့ သူ မကြိုက်ကြောင်း မပြောနိုင်တော့ဘူး။ CDM ကျောင်းသားတွေကိုလည်း လစဉ် ‌မုန့်ဖိုး တစ်သောင်းစီ လာမပေးနိုင်တော့ဘူး။

ဒီအတူပဲ..သူတို့ဟာ ရွာသားတွေကို ဆေးမကုပေးနိုင်တော့ဘူး။ စစ်ရှောင်ကျောင်းတွေအတွက် သင်ထောက်ကူနဲ့ လိုအပ်တာတွေ မဝေမျှနိုင်တော့ဘူး။ နောက်ထပ်ပေါ်လာမယ့် ထားဝယ်ဒေသက စစ်ရှောင်တွေဆီ သူတို့ဆိုင်ကယ်အိုလေးနဲ့ မသွားရောက်နိုင်တော့ဘူး။

သူတို့ထုံးစံအတိုင်း တိတ်တိတ်လေး ထွက်ခွာသွားကြပြီး။

ခေတ်ဝန်ကိုထမ်းပြီး ဘယ်သူ့ကိုမှ ဒုက္ခမပေး၊ သုခပဲ ပေးခဲ့ပြီး နုတ်မဆက်ဘဲ တိုးတိုးလေး ထွက်သွားကြလေပြီ။ ပုရွက်ဆိတ်လေးတွေဟာ သူတို့တနိုင်ဝန်အစာချီပိုးပြီး ရေနက်ဆိပ်ကမ်းက စစ်ရှောင်တွေဆီ သွားမျှဝေရာ လမ်းခုလပ်မှာ ကျဆုံးကုန်ကြလေပြီ။

ဒီသတင်းကို ကြားချိန်မှာ ထားဝယ်ဒေသက သူတို့ကိုသိသူချစ်သူ ရွာသားရွာသူအားလုံးတိတ်ဆိတ်၊ တချို့က မျက်ရည်နဲ့ အံကြိတ်။

လူ‌အတော်များများဟာ တည်ရှိချိန်မှာ အလေးထားရကောင်းမှန်း၊ တခုတ်တရ အရေးတယူပြုဖို့ မေ့နေတတ်ပြီး မရှိတော့ချိန်မှ တန်းဖို့သိ နှမြောတသ ဖြစ်တတ်ကြတာ ဓမ္မတာပါပဲလေ။

ပုရွက်ဆိတ်လေးတွေ သစ်ရွက်ကြွေအောက်မှာ မြေခရှာကြပြီ။ သူ့တို့ခြေရာနင်းမယ့် လူငယ်ပုရွက်ဆိတ်လသစ်လေးတွေ ရှိနေဦးမှာ၊ ထပ်ပေါ်လာကြဦးမှာ သေချာပါတယ်။

ဒါပေမယ့် လိုအပ်တဲ့ရပ်ဝန်းတစ်ခုအတွက် ရှိမှန်းတောင်မသိအောင် တိုးတိတ်တိတ် ရှိနေပေးခဲ့တဲ့ ‘အသာ’နဲ့ ပုရွက်ဆိတ်လေး သုံးကောင်ကိုတော့ သူတို့နဲ့ ပတ်သက်ခဲ့ဖူးသူတိုင်း နှမျော တသနေကြမှာပါပဲ။

ဘယ်သူ့ကိုမှ ဘယ်တုန်းကမှ ဆိုးယုတ်စေအောင်မဆိုထား စိတ်ကသိကအောက်ဖြစ်အောင်တောင် မလုပ်ဖူးခဲ့ကြသူလေးတွေဟာ ကောင်းရာသုဂတိ လားမှာ သေချာပါရဲ့။

ဒါပေမယ့် သေမင်းဟာ အကောင်းကြိုက်တယ်ဆိုတဲ့ အတိုင်းပါပဲ။

လက်နက်ဆိုလို့ အပ်တောင်မှ ဆေးထိုးအပ်ပဲ ကိုင်ကြတဲ့ အဖြူထည်လေးတွေမှ၊ ရန်သူကိုတောင် ယုတ်မာဖို့ စိတ်ကူးအကြံထုတ်ဖူးမှာမဟုတ်တဲ့ ဒီပုရွက်ဆိတ်လေးတွေမှ ဒီအဖြစ်ဆိုးကို ငယ်ငယ်ရွယ်ရွယ်နဲ့ ကြုံရလေခြင်းလေ။

ကြေပါစေတော့ ပုရွက်ဆိတ်လေးတွေရေ။ ဝဋ်ရှိခဲ့ရင် ခတ်သိမ်းဝဋ်တို့ ဒီမျှနဲ့ ကြေကြပါစေတော့။
မင်းတို့ တာဝန်ကြေခဲ့ကြပါပြီကွယ်။

မင်းတို့ကိုချစ်တဲ့ ရဲ‌ေဘာ်ရဲဖက်တွေနဲ့ ရွာသားတွေကတော့ မင်းတို့ရဲ့ အပြုံးချိုချိုလေးတွေကို မမြင်ကြရတော့ဘူးဘူးပေါ့။

မင်းတို့ရေချိုးနေကြ‌ ချောင်းရေချိုးဆိပ်လေးမှာ မင်းတို့ရဲ့ ရွှင်ကြည်တဲ့ရယ်သံ လွင်လွင်လေးတွေ လွင့်ပျံ့နေဦးမှာပါ။

ပုရွက်ဆိတ်လေးတွေရေ.. တချိန်မှာတော့ မင်းတို့ဖြစ်တည်မှုကို နှောင်းလူတွေ သတိတရရှိနေအောင် ကျန်‌တော်လှန်သူတွေက စွမ်းဆောင်နိုင်ကြမှာပါကွာ။

မင်းခ