စစ်အာဏာရှင်တပ် ၅၈၂ တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သားတစ်ဦးကို ကော့သောင်းမြို့နယ်အတွင်းရှိ လမ်းပိုင်းတစ်နေရာတွင် တော်လှန်ရေးတပ်များက ဖမ်းဆီးရမိကြောင်း တော်လှန်ရေးတပ်၏ ထုတ်ပြန်ချက်နှင့် တပ်ဖွဲ့ဝင်များထံမှ သိရသည်။
ဇူလိုင်လ ၁၉ရက်က ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တနင်္သာရီတိုင်း တိုက်ခိုက်ရေးတပ်ရင်းတို့က နယ်မြေရှင်းလင်းနေစဉ် အသက် ၂၅ နှစ်အရွယ် စစ်မှုထမ်းတပ်သားတစ်ဦးကို ဖမ်းမိခြင်းဖြစ်ပြီး ထိန်းသိမ်းထားကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါလူငယ်အမျိုးသားသည် ယမုံနာကျေးရွာအနီး စိတ်ကြွဆေးပြား ဝယ်စဉ် စစ်အာဏာရှင်တပ်၏ ဖမ်းဆီးခြင်း ခံရကြောင်း ဆိုသည်။
ယင်းနောက် ၂၀၂၄ ခုနှစ်က ပလောက်မြို့ရှိ တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် ဖွင့်လှစ်ခဲ့သည့် စစ်မှုထမ်းအပတ်စဉ် (၅) တွင် စစ်သင်တန်း သုံးလကြာ တက်ရောက်ခဲ့ရကြောင်း ဖော်ပြသည်။
သင်တန်းပြီးနောက် ကရင်ပြည်နယ်သို့ ပို့ဆောင်ခံရပြီး ယင်းမှတစ်ဆင့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခံရကာ ၂၀၂၅ခုနှစ် ဇွန်လ လဆန်းပိုင်းတွင် ကော့သောင်းမြို့နယ် ၅၈၂တပ်ရင်းသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါတပ်သားသည် ၅၈၂တပ်ရင်းတွင် စစ်မှုထမ်းနေသည့် ကာလအတွင်း နှစ်ကြိမ်ထွက်ပြေးရာ အိမ်သို့ရောက်စဥ် အမေဖြစ်သူက စစ်အာဏာရှင်တပ်က အရေးယူမည်ကို ကြောက်သဖြင့် စစ်အာဏာရှင်တပ်ထံပြန်ပို့ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ဆေးဝယ်ရင်း ဖမ်းပြီး စစ်မှုထမ်းထဲပါသွားတယ်။ ပြန်လိုက်ထုတ်လည်း မရဘူး။ သုံးကြိမ်မြောက်မှ လွတ်သွားတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။
အဆိုပါ တပ်သားတွင် လက်နက်ယူဆောင်လာခြင်းမရှိကြောင်း ၎င်းက ဆိုသည်။
ဇူလိုင်လ ၅ရက်ကလည်း ကော့သောင်းမြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့က အသက်၂၅နှစ်အရွယ် ကော့သောင်းမြို့ခံ တပ်ဖွဲ့ဝင်တစ်ဦးသည် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ခိုလှုံခဲ့သည်။







