ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘုတ်ပြင်းဂေါက်ကွင်းအတွင်းရှိ ရေအိုင်တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

July 16, 2026

ပုံစာ - ဘုတ်ပြင်းဂေါက်ကွင်းအတွင်း ရေနစ်သေဆုံးသူ ရုပ်အလောင်းအား ဆေးရုံသို့ သယ်ဆောင်နေစဉ်။ ဓာတ်ပုံ - ဇမ္ဗူမေတ္တာကျန်းမာရေးကူညီမှုအသင်း

ဘုတ်ပြင်းမြို့၊ ဂေါက်ကွင်းအတွင်းရှိ ရေအိုင်ငယ်တစ်ခုတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံးနေကြောင်း မြို့ခံများထံမှ သိရသည်။

ဇူလိုင်လ ၁၅ ရက် ညနေပိုင်းတွင် ရေနစ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ၏ အချက်အလက်ကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ အသက် ၅၀ ခန့် အမျိုးသားတစ်ဦးအဖြစ်သာ သိရသေးကြောင်း ကူညီပေးခဲ့သည့် မြို့ခံတစ်ဦးက ပြောသည်။

“ဂေါက်ကွင်းမှာ ရေအိုင်တစ်ခုရှိတယ်။ ကန်စွန်းပင်လေးတွေ ပေါက်နေတဲ့ ရေအိုင်ထဲ ရေနစ်နေတာ၊ ဘယ်လိုဖြစ်တာလဲတော့ မသိဘူး။ ရေနစ်နေတာမြင်မှ ရပ်ကွက်လူကြီးတွေနဲ့ ပရဟိတအဖွဲ့တွေက သယ်သွားတယ်” ဟု ၎င်းက ပြောဆိုသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ဘုတ်ပြင်းဆေးရုံသို့ ဇမ္ဗူမေတ္တာကျန်းမာရေးကူညီမှုအသင်းက ပို့ဆောင်ပေးခဲ့သည်။

ဇူလိုင်လ ၁၄ ရက်ကလည်း လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း လောင်းလုံးဒေသခံများထံမှ သိရသည်။

တနင်္သာရီတိုင်းသို့ မုတ်သုန်စတင်ဝင်ရောက်ခဲ့သည့် မေလလယ်မှစ၍ ယခုဇူလိုင်လလယ်အထိ ကာလအတွင်း ထားဝယ်၊ မြိတ် နှင့် ကော့သောင်းခရိုင်တို့တွင် ရေနစ်သေဆုံးသူ ၁၀ ဦးအထိ ရှိခဲ့ကြောင်း Dawei Watch က စုစည်းထားသည့် အချက်အလက်များအရ သိရသည်။

ဇူလိုင်လ ဒုတိယအပတ်မှစ၍ တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်များ၌ မိုးကြီးနေပြီး ရပ်ကွက်၊ ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။

မိုးကာလတွင် ရေကြီးရေလျှံမှုများနှင့်အတူ ရေနစ်ခြင်း၊ ဓာတ်လိုက်ခြင်း၊ မြွေကိုက်ခံရခြင်း စသည့်အန္တရာယ်များ ဖြစ်ပွားနိုင်သဖြင့် ရေကြီးရေလျှံကာ ရေလွှမ်းထားသည့်နေရာများကို လမ်းလျှောက်ခြင်း၊ ယာဉ်ဖြင့် ဖြတ်သန်းခြင်းမပြုလုပ်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (မြန်မာနိုင်ငံ) ၏ လူမှုကွန်ရက်စာမျက်နှာကလည်း သတိပေးထားသည်။

ပုံစာ – ဘုတ်ပြင်းဂေါက်ကွင်းအတွင်း ရေနစ်သေဆုံးသူ ရုပ်အလောင်းအား ဆေးရုံသို့ သယ်ဆောင်နေစဉ်။

ဓာတ်ပုံ – ဇမ္ဗူမေတ္တာကျန်းမာရေးကူညီမှုအသင်း