ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအုပ်စု၊ မလိဝမ်းချောင်းဝ (ဒေသအခေါ်) သို့ လှေ ၂ စီးဖြင့် ဝင်လာသည့် စစ်အာရှင်တပ်သားများကို တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားကြောင်း ထုတ်ပြန်ချက်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
စစ်အာဏာရှင်တပ်က ကော့သောင်းမြို့မှ မလိဝမ်းကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးရန် လှေကြီး ၂ စီးဖြင့် မလိဝမ်းချောင်းဝသို့ ရောက်လာပြီး အသင့်ပါလာသော လှေငယ် ၂ စီးဖြင့် ကမ်းကပ်ရန် ပြင်ဆင်နေစဉ် ဩဂုတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီတွင် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်အာဏာရှင်တပ်သားများသည် မလိဝမ်းချောင်းဝသို့ ရောက်စဉ် မလိဝမ်းတိုက်ဖြူ (ဒေသအခေါ်) ဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ကမ်းတက်စစ်ကြောင်းထိုးရန် ပြင်ဆင်နေချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်အာရှင်တပ်က ခန့်မှန်းအင်အား ၅၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး တော်လှန်ရေးတပ်များ စောင့်ကြိုတိုက်ခိုက်ရာ ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်က ကော့သောင်းမြို့ဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း ကော့သောင်းခရိုင် သတင်းတာဝန်ခံက ဆိုသည်။
“အရင်ကဆို လှေဆိပ်ကနေ တက်တယ်။ အခုက လှေဆိပ်က မတက်ဘဲ ချောင်းဝမှာ လှေကြီးရပ်ပြီး လှေငယ်တွေနဲ့ တက်ဖို့လုပ်တယ်။ ကမ်းတက်ချိန် ဝိုင်းပစ်လိုက်တယ်” ဟု အထက်ပါ သတင်းတာဝန်ခံက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုတွင် စစ်အာဏာရှင်တပ်၏ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ဝင် ကိုကျော်မင်းနိုင် သေဆုံးပြီး တပ်သား မောင်ဇော်လည်း ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တော်လှန်ရေးတပ်ဘက်မှ တနင်္သာရီတိုင်း (ပကဖ) တိုက်ခိုက်ရေးတပ်ရင်းနှင့် ကော့သောင်းမြို့နယ် (ပကဖ) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။







