ခမောက်ကြီးမြို့၊ နမ္မနွယ်ရွာရှိ ပျူစောထီးခေါင်းဆောင် ကိုသက်ဦး၏နေအိမ်ကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ရာ ကျည်ဆန်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့်နှစ်က သေဆုံးသွားသည့် နမ္မနွယ်ရွာမှ ပျူစောထီးခေါင်းဆောင် ကိုသက်ဦး၏နေအိမ်ကို ဇူလိုင်လ ၃၀ ရက်နေ့က ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ ဝင်ရောက်စစ်ဆေးရာ ကျည်ဆန်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သိမ်းဆည်းရမိသည့် ပစ္စည်းများမှာ M16 ကျည်ဘောက် နှစ်ခုနှင့် ကျည် ၇၂ တောင့်၊ 9mm ကျည်ဘောက် တစ်ခု၊ တူမီးသေနတ် တစ်လက်၊ ပွိုင့်တူးတူး လက်လုပ်သေနတ် တစ်လက်နှင့် ကျည် ၅၀ တောင့်၊ လက်ထိပ် သုံးခု၊ ဆက်သွယ်ရေးစက် လေးလုံး၊ စစ်အာဏာရှင်တပ် ယူနီဖောင်း ၂၅ စုံနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရကြောင်း ဖော်ပြထားသည်။
ကိုသက်ဦး၏နေအိမ်ကို ဝင်ရောက်စစ်ဆေးချိန်တွင် အိမ်အတွင်း၌ သူ၏ဇနီးနှင့် သမီး၊ သမက်တို့ ရှိနေပြီး ၎င်းတို့သုံးဦးကို ဘာမှမလုပ်ခဲ့ကြောင်း တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ပစ်ခတ်မှုတော့ မရှိပါဘူး။ အိမ်ထဲ လူရှိတယ်။ ဘာမှမလုပ်ဘူး။ ကိုသက်ဦးက သေသွားပြီလေ” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၄ ရက် နံနက် ၈ နာရီတွင် လုံးဖောကျေးရွာအတွင်းသို့ တော်လှန်ရေးတပ်များ ရှောင်တခင် ဝင်ရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ပျူစောထီးခေါင်းဆောင် ကိုအေးစိုးတို့ကို ဖမ်းဆီးလာပြီးနောက် လုံးဖောကျေးရွာအလွန် လမ်းပိုင်းတစ်နေရာတွင် ပျူစောထီးခေါင်းဆောင် ကိုသက်ဦးပါ တွေ့ရှိသဖြင့် ဖမ်းဆီးလိုက်ကြောင်း ကော့သောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် မွန်းလွဲ ၁၂ နာရီခန့်တွင် လမ်းခုလပ်တစ်နေရာ၌ နေ့လယ်စာစားစဉ် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ပြန်လည်ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးစဉ် သုံးဦးလုံး သေဆုံးသွားကြောင်း ဖော်ပြထားသည်။







