ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အုပ်စုက ကော့သောင်း-ရနောင်း နယ်စပ်တွင် စစ်ဆေးမှု ပိုတင်းကျပ်လာ

July 27, 2026

Photo: Dawei Watch

ကော့သောင်း-ရနောင်း နယ်စပ်ဖြတ်သန်းရာတွင် မြန်မာဘက်က စစ်ဆေးမှုပိုမိုတင်းကျပ်လာကြောင်း မြန်မာနိုင်ငံသား ခရီးသွားအချို့ထံမှ သိရသည်။

ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ကော့သောင်းမှ ရနောင်းဘက်သွားပါက စစ်အုပ်စု လက်အောက်ခံ ရဲများနှင့် လဝကဝန်ထမ်းများက အသေးစိတ်စစ်ဆေးနေကြောင်း မြန်မာနိုင်ငံသားအချို့က ဆိုသည်။

ယခင်က ကော့သောင်းမှ ရနောင်းသို့သွားရာတွင် စမတ်ကတ် (UID) တောင်းယူစစ်ဆေးခြင်းနှင့် အိမ်ထောင်စုစာရင်း ရှိ မရှိ မေးမြန်းခြင်းသာ ရှိခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ဇူလိုင်လ အစောပိုင်းမှစကာ မှတ်ပုံတင် သို့မဟုတ် စမတ်ကတ်တောင်းယူကာ ကွန်ပျူတာဖြင့်စစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက် ဖောင်ဖြည့်ခိုင်းခြင်း၊ နိုင်ငံ့ဝန်ထမ်းလုပ်ဖူးခြင်း ရှိ၊ မရှိ၊ သွားရောက်သည့်အကြောင်းအရင်း စသည့် အသေးစိတ်အချက်အလက်များကို မေးမြန်းနေသည်။

အထက်ပါအချက်များကို ကော့သောင်းမြို့ ကမ်းနားလမ်းရှိ ရုံးတွင် ဖြတ်သန်းခွင့်တံဆိပ်တုံးထုချိန် စစ်ဆေးမေးမြန်းနေခြင်းဖြစ်ကြောင်း ကြုံတွေ့ရသူများက ပြောသည်။

ယင်းကဲ့သို့ စစ်ဆေးမှုများကို ၁၄ ရက်နေထိုင်ခွင့်ရှိသည့် ကော့သောင်းစာအုပ် ခေါ် Border Pass ဖြင့် သွားလာသူများအပြင် ခုနစ်ရက်သက်တမ်းရှိ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် လုပ်သူများကိုပါ စစ်ဆေးခြင်းဖြစ်ကြောင်း အထက်ပါ သွားလာနေသူများက ဆိုသည်။

“အဲလိုမျိုး နယ်စပ်ဖြတ်ကျော်ရေးဂိတ်မှာ စစ်ဆေးခံရတာ ဒါပထမဦးဆုံးပဲ။ တစ်ခါမှ မကြုံဖူးဘူး။ လန့်သွားတာပဲ။ ပြီးတော့ CDM ဝန်ထမ်းတွေဖြစ်နေရင် စာအုပ်မလုပ်ပေးဘူး။ မိန်းကလေးဆို အိမ်ပြန်လွှတ်တယ်။ ယောက်ျားလေးဆို ဖမ်းပြီး စစ်မှုထမ်းဖို့ခေါ်သွားတယ်” ဟု ကိုယ်တိုင်ကြုံရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ကော့သောင်းစာအုပ်ဟုခေါ်သည့် Border Pass ကို သာမန်အားဖြင့် ကော့သောင်းမြို့နယ် အိမ်ထောင်စုစာရင်းရှိသူများကို လုပ်ပေးခြင်းဖြစ်သည်။

ထိုကဲ့သို့ စစ်အုပ်စုလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ၏ စစ်ဆေးမှုတင်းကျပ်ခြင်းကြောင့် စိုးရိမ်နေရကြောင်း ကိုယ်တိုင်ကြုံရသည့် နောက်ထပ်အမျိုးသမီးတစ်ဦးက ဆိုသည်။

“အရင်တုန်းကဆို ဘာမှ ပြောစရာမလိုဘဲ လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်။ အခုက ဟိုမေးလိုက် ဒီမေးလိုက် မှတ်ပုံတင်စစ်လိုက်နဲ့ စိတ်ထဲ တစ်မျိုးကြီးပဲ။ တစ်ယောက်ထဲဆို သွားမလုပ်ရဲသလို ကြောက်နေရသလို ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းသားအချို့က ကော့သောင်းစာအုပ်ဖြင့် ရနောင်းဘက်ခြမ်းတွင် နေထိုင်ကြပြီး ၁၄ ရက်တစ်ကြိမ် ကော့သောင်းဘက်ပြန်ကူးကာ တံဆိပ်တုံးထုပြီး နောက်တစ်ကြိမ် ပြန်ဝင်လာလေ့ရှိသည်။