ပုလောမြို့နယ်၊ ဘိုင်းပြင်ရွာတွင် ဒေသခံအမျိုးသားသုံးဦး စစ်အာဏာတပ်ကင်းလှည့်ကားနှင့် တိုးသဖြင့် ပစ်ခတ်ခံရရာ တစ်ဦးသေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။
ဇူလိုင်လ ၂၆ ရက် မွန်းလွဲ ၂ နာရီတွင် ဘိုင်းပြင်ရွာတွင် စားနပ်ရိက္ခာသွားယူစဉ် ကားဖြင့်ကင်းလှည့်လာသည့် စစ်အာဏာရှင်တပ်သားများနှင့် တိုးပြီး ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဘိုင်းပြင်ရွာသားတစ်ဦးနှင့် အခြားဒေသခံအမျိုးသားတစ်ဦးတို့မှာ ထွက်ပြေးလွတ်မြောက်လာပြီး ဇရပ်ဆိပ်ရွာခံ တစ်ဦးမှာ သေဆုံးကြောင်း လွတ်မြောက်လာသူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
သေဆုံးသွားသူသည် ဇရပ်ဆိပ်ရွာသားဖြစ်ပြီး အသက် ၃၀ နှစ်အရွယ်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“ကားနဲ့တိုးပြီး လိုက်ပစ်တယ်။ နောက်ကနေ လိုက်လာပြီး ပစ်သတ်လိုက်တယ်။ လယ်ကွင်းထဲမှာ သေသွားတယ်” ဟု အထက်ပါ နီးစပ်သူက ပြောသည်။
စစ်အာဏာရှင်တပ်သည် ဘိုင်းပြင်ရွာမှ ပြန်လည်ဆုတ်ခွာသွားသဖြင့် ရွာသားအချို့ နေအိမ်တွင် စားနပ်ရိက္ခာများ ဝင်ယူလေ့ရှိကြောင်း ဒေသခံများက ဆိုသည်။
ယခု ပစ်ခတ်ခံရသည့် အမျိုးသားသုံးဦးမှာလည်း ဘိုင်းပြင်ရွာသား၏ နေအိမ်တွင် စားနပ်ရိက္ခာသွားယူစဉ် စစ်ကြောင်းနှင့် တိုးခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသွားသူကို စစ်အာဏာရှင်တပ်သားများက ရွာထဲရှိ သရက်ပင်အောက်တွင် မြေမြှုပ်ထားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
“အလောင်းကို ရွာသားတွေ ဝိုင်းဖော်ပြီး ရွာသင်္ချိုင်းမှာ ပြန်မြှုပ်ပေးလိုက်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
သေဆုံးသွာသူ၏ ဦးခေါင်း၊ ချိုင်းနှင့် ပေါင်တို့တွင် ဒဏ်ရာများရထားကြောင်း Dawei Watch က မြင်တွေ့ခဲ့ရသည့် ဓာတ်ပုံမှတ်တမ်းများ၌ တွေ့ရသည်။
ဘိုင်းပြင်ရွာသည် မြိတ်-ထားဝယ်ပြည်ထောင်စုလမ်းပေါ်တွင် တည်ရှိပြီး ဇူလိုင်လအတွင်း စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေသဖြင့် ရွာသားများ တိမ်းရှောင်နေရသည်။







