ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်က ကွင်းသစ်ရွာစာသင်ကျောင်းကို ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်

July 20, 2026

Photo - KNU-MTD

တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု၊ ကွင်းသစ်ရွာ စာသင်ကျောင်းကို စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းဖြင့် ဗုံးချတိုက်ခိုက်သဖြင့် ကျောင်းဆောင်ထိခိုက်ပျက်စီးကြောင်း KNU နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဇူလိုင်လ ၁၇ ရက် ညနေ ၃ နာရီကျော်တွင် ညောင်ပင်ကွင်းရွာအခြေစိုက် စစ်အာဏာရှင်တပ် အမှတ်-၅၆၁ ခြေမြန်တပ်ရင်းက ကာမီကာဇေ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ကွင်းသစ်ရွာ (အ.မ.က) စာသင်ကျောင်း ထိခိုက်ပျက်စီးကြောင်း မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသားစည်းရုံးက ထုတ်ပြန်သည်။

စာသင်ကျောင်း အဆောက်အအုံ အနည်းငယ်ပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ကျောင်းသားတွေ အိမ်ပြန်ကုန်လို့ ထိခိုက်မှု မရှိဘူး။ ကျောင်းသားတွေ ကျောင်းထဲ ရှိနေချိန်မဟုတ်လို့ တော်သေးတယ်” ဟု ၎င်းက ပြောသည်။

ခမရ-၅၆၁ တပ်ရင်းနှင့် တစ်ရွာကျော်တွင် ရှိသည့် ကွင်းသစ်ရွာကို တော်လှန်‌ရေးတပ်များက ထိန်းချုပ်ထားသည်။ ခမရ-၅၆၁ တပ်ရင်းနှင့် ကွင်းသစ်ရွာကြားတွင် မုတ်ဆိတ်ကွင်းရွာရှိသည်။

“ဒရုန်းတစ်စင်း လာတယ်။ ကျောင်းရှေ့မှာကျပြီး ပေါက်ကွဲသွားတယ်။ ကျောင်းနံရံတွေ အစစင်ပြီး နည်းနည်းပျက်စီး သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ကာမီကာဇေမှာ ဒရုန်းကို ပျက်စီးဆုံးရှုံးခံပြီး ဝင်ရောက်တိုက်ခိုက်သည့် ဒရုန်းအမျိုးအစားဖြစ်ပြီး အသေခံဒရုန်းဟု လူသိများသည်။

ဇူလိုင်လ ၁၀ ရက်တွင် တနင်္သာရီမြို့နယ်ထဲက ထုံနွယ်ရွာစာသင်ကျောင်းကိုလည်း စစ်အာဏာရှင်တပ် အမှတ်-၃၀၆ အမြောက်တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကျောင်းအနီး ကျရောက်ပေါက်ကွဲပြီး အသက် ငါးနှစ်ခန့် ကလေးနှစ်ဦး ဒဏ်ရာရခဲ့သည်။