မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ အကြီးမားဆုံး စက်မှုဇုန်တစ်ခုကို ထိုင်းနှင့် ဖက်စပ်လုပ်ကိုင်ရန် စီစဉ်ခဲ့ဖူးသည်။ ထိုအစီအစဉ်ကို ရပ်ဆိုင်းပြီးနောက် နှစ်ပေါင်းများစွာ အကြာ ယခုအချိန်တွင် မြန်မာသည် ဆိုခဲ့ပါ စီမံကိန်းကြီးကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေပြီဖြစ်သည်။ ဒေသတွင်း သင်္ဘောလမ်းကြောင်း ဖြတ်လမ်းအတွက် ရေနက်ဆိပ်ကမ်းတစ်ခုလည်း ပါဝင်မည့် ဤမဟာစီမံကိန်းသည် ယခုတစ်ကြိမ်၌ ရုရှား၏ ပါဝင်ပတ်သက်မှုနှင့်အတူ ဘန်ကောက်၏ စိတ်ပါဝင်စားမှု အသစ်ကိုလည်း ရရှိထားသည်။
မြန်မာနိုင်ငံတောင်ပိုင်းရှိ ထားဝယ် အထူးစီးပွားရေးဇုန် (SEZ) ကို လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ခန့်က စီမံကိန်း စတင်ရေးဆွဲစဉ်၌ အရှေ့တောင်အာရှ၏ တံခါးပေါက်ကြီးများထဲမှ အသစ်တစ်ခုအဖြစ် ပုံဖော်ခဲ့ခြင်း ဖြစ်သည်။
ဤစီမံကိန်းသည် ကျေးလက်ဒေသ ငါးဖမ်းကျွန်းဆွယ်တစ်ခု၏ တောင်ဘက်စွန်းတွင် တွဲခိုနေသည့် ဒေသန္တရ မြို့ငယ်တစ်ခုကို အန်ဒမန်ပင်လယ်ပြင်ရှိ ကမ္ဘာ့အဆင့်မီ ရေနက်ဆိပ်ကမ်းတစ်ခုအဖြစ် တည်ဆောက်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဆိပ်ကမ်းကိုလည်း အကြီးစား စက်မှုဇုန်ဖြင့် ဝန်းရံထားရန်အပြင် ထိုင်းနိုင်ငံ၏ အရှေ့ဘက် စီးပွားရေးစင်္ကြံ (EEC) တစ်လျှောက်ရှိ စက်မှုဇုန်ဗဟိုချက်အထိ ကုန်းလမ်း၊ ရထားလမ်းတို့ဖြင့် တိုက်ရိုက်ချိတ်ဆက်ရန်ပါ အစီအစဉ် ရှိခဲ့သည်။
စီမံကိန်း ရေးဆွဲသူများသည် အရှေ့ဖျားရှိ ဖနွမ်ပင်နှင့် ဟိုချီမင်းမြို့တော်အထိ တောက်လျှောက် တည်ရှိနေသည့် ကုန်ထုတ်လုပ်ရေး ဗဟိုချက်မ နေရာများကို အိန္ဒိယသမုဒ္ဒရာနှင့် ချိတ်ဆက်နိုင်မည်ဟု ရှုမြင်ခဲ့ကြသည်။ ဤနည်းအားဖြင့် မလက္ကာရေလက်ကြားကို ရှောင်ကွင်းနိုင်လျှင် အရှေ့တောင်အာရှ ကုန်းတွင်းပိုင်းနှင့် အနောက်ဘက်ရှိ ဈေးကွက်များအကြား ကုန်စည်စီးဆင်းမှုကို ရက်ပေါင်းများစွာ ပိုမိုမြန်ဆန်စေမည်ဟု ၎င်းတို့က ယူဆသည်။
မြန်မာနှင့်ထိုင်းသည် ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရန် နားလည်မှုစာချွန်လွှာကို ၂၀၀၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများ၊ အခြေခံအဆောက်အဦ လိုအပ်ချက်များနှင့် သဘောထားကွဲလွဲမှုများ ရှိခဲ့ပြီးနောက် ထိုင်းဦးဆောင်သော ပုဂ္ဂလိက လုပ်ငန်းစုတစ်ခု ရရှိထားသည့် ဖွံ့ဖြိုးရေး လုပ်ပိုင်ခွင့်ကို ၂၀၂၀ ပြည့်နှစ်တွင် ရုပ်သိမ်းခံခဲ့ရသည်။
နေပြည်တော်သည် ယခုအခါ အဆိုပါ စီမံကိန်းကို ပြန်စရန် တရားဝင် ကြိုးပမ်းနေသည်။ အဓိက တာဝန်ယူတည်ဆောက်မည့် လုပ်ငန်းစုကို လူသိရှင်ကြား ထုတ်မပြောသေးသော်လည်း ဤစီမံကိန်းသည် ရုရှားထံမှ စိတ်ပါဝင်စားမှုကိုပါ ရထားသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း၏ ပထဝီနယ်နိမိတ် သတ်မှတ်သည့် လုပ်ငန်းများ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဟု ပြီးခဲ့သော ဇူလိုင်လ၌ နေပြည်တော်က ပြောကြားခဲ့သည်။ ဤဆိပ်ကမ်း ပါဝင်သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်တစ်ခုကို မော်စကိုနှင့် နေပြည်တော်အကြား လက်မှတ်ရေးထိုးခဲ့ပြီးနောက် တစ်နှစ်ခွဲခန့်မရှိသေးမီ ဤသို့ပြောဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ရုရှား၏ ပါဝင်ပတ်သက်မှုသည် ရေနက်ဆိပ်ကမ်းသာ မကတော့ဘဲ ၆၆၀ မဂ္ဂါဝပ် ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံ၊ ရေနံချက်စက်ရုံနှင့် အခြား အကြီးစား စက်မှုလုပ်ငန်းများအတွက် အဆိုပြုချက်များအထိ လက်တံကျယ်လာနေသည်။
ထိုင်းနိုင်ငံသည်လည်း ထားဝယ်စီမံကိန်း၏ ကောင်းကျိုးများအပေါ် စိတ်ဝင်စားမှု အသစ်များ ပြသနေသည်။ ဝန်ကြီးချုပ် အနုတင်ချန်ဝီရာကူ၏ ဦးဆောင်မှုအောက်တွင် ထိုင်းနိုင်ငံနှင့် မြန်မာအာဏာပိုင်များအကြား ဆက်ဆံရေးသည် ပြီးခဲ့သော လများအတွင်း သိသိသာသာ နွေးထွေးလာခဲ့သည်။
မင်းအောင်လှိုင်သည် သမ္မတအဖြစ် သြဂုတ်လတွင် ထိုင်းနိုင်ငံသို့ ပထမဆုံး တရားဝင် သွားရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်အတွင်း အိမ်နီးချင်း နှစ်နိုင်ငံသည် ထားဝယ်အထိပေါက်မည့် သယ်ယူပို့ဆောင်ရေး စင်္ကြံအပါအဝင် ကုန်းလမ်း၊ ရေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ်ဖြတ်ကျော် ချိတ်ဆက်မှုများတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။ ထားဝယ်ဆိပ်ကမ်းသည် ကန်ချနဘူရီခရိုင်ရှိ ဖူနမ်ရွန် ထိုင်းနယ်စပ်ဂိတ်၏ အနောက်ဘက် ၁၄၀ ကီလိုမီတာခန့်တွင် တည်ရှိသည်။
“ကျွန်တော်တို့ရဲ့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံဟာ ယုံကြည်မှု၊ စိတ်ချရမှုနဲ့ နှစ်နိုင်ငံ ပြည်သူတွေရဲ့ အပြန်အလှန် အကျိုးစီးပွားပေါ်မှာ အခြေခံတဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်တစ်ခုအတွက် အသင့်ဖြစ်နေပါပြီ” ဟု အနုတင်က ပြောကြားခဲ့သည်။
မင်းအောင်လှိုင်သည် ဘန်ကောက်တွင် ကျင်းပသည့် စီးပွားရေး ဖိုရမ်တစ်ခုတွင်လည်း ထားဝယ် စီမံကိန်းကို တကူးတက ရည်ရွယ်၍ အားပေးမြှင့်တင်မှုများ ပြုလုပ်ခဲ့သည်။
ယခုကဲ့သို့ ဖြစ်ထွန်းပြောင်းလဲမှု အသစ်များ ရှိလာနေသော်လည်း လေ့လာသူများကမူ အထူးစီးပွားရေးဇုန် ပတ်ဝန်းကျင်ဒေသသည် လက်နက်ကိုင် ပဋိပက္ခများအတွင်း နစ်မြုပ်နေဆဲဖြစ်ကြောင်း ထောက်ပြကြသည်။ ရုရှား၏ စိတ်ဝင်စားမှုမျှနှင့် ဤစီမံကိန်း လက်တွေ့ အကောင်အထည် ပေါ်နိုင်ခြေအတွက် လုံလောက်ပါ့မလား၊ ထားဝယ်နှင့် ပြန်လည်ထိတွေ့ ဆက်ဆံမှုမှ ထိုင်းနိုင်ငံအနေဖြင့် မည်သည့်အကျိုးအမြတ် ရရှိမည်နည်း ဆိုသည်တို့ကိုလည်း သူတို့က မေးခွန်းထုတ်ကြသည်။
ပထဝီနိုင်ငံရေး ဟန်ချက်
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနှင့် ပြည်တွင်းစစ် စတင်ဖြစ်ပွားချိန်မှစ၍ နိုင်ငံတကာအလယ်တွင် အထီးကျန်လာသော မြန်မာအတွက် ရုရှားသည် အသုံးဝင်သော မဟာမိတ် ဖြစ်လာနေကြောင်း စင်ကာပူရှိ ISEAS-Yusof Ishak Institute မှ အကြီးတန်းသုတေသီ အီယန်စတိုရီက ပြောသည်။
မြန်မာနိုင်ငံ၏ တည်နေရာ၊ သယံဇာတများနှင့် စွမ်းအင်ဝယ်ယူသူ ဖြစ်လာနိုင်ခြေတို့ကြောင့် မော်စကိုသည် မြန်မာကို အရှေ့တောင်အာရှတွင် အလားအလာရှိသော မဟာမိတ်အဖြစ် သတ်မှတ်ထားကြောင်း အီယန်က ပြောသည်။
မြန်မာကလည်း သံတမန်ရေးရာ အသိအမှတ်ပြုမှု၊ စစ်ရေးကိရိယာများနှင့် နိုင်ငံ၏ စွမ်းအင်အကျပ်အတည်းကို ဖြေရှင်းရန် အကူအညီ ဟူသော အချက်သုံးချက်အတွက် ရုရှားကို အားကိုးနေသည်ဖြစ်ရာ ထားဝယ်တွင် ရင်းနှီးမြှုပ်နှံခြင်းသည် နှစ်နိုင်ငံအကြား စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ရေးကဏ္ဍတို့တွင် ပိုမိုအားကောင်းစေနိုင်သည် ဟုလည်း သူက ပြောသည်။
“ထားဝယ်ကို အားပြုပြီး ရုရှားဟာ အန်ဒမန်ပင်လယ်မှာ ခြေကုပ်ယူနိုင်မှာ ဖြစ်တဲ့အတွက် အိန္ဒိယသမုဒ္ဒရာနဲ့ မလက္ကာရေလက်ကြားကိုလည်း လက်လှမ်းမီသွားပါလိမ့်မယ်။ ထားဝယ်ဟာ ပစိဖိတ်နဲ့ အိန္ဒိယသမုဒ္ဒရာအကြား ဖြတ်သန်းသွားလာနေတဲ့ ရုရှား ရေငုပ်သင်္ဘောတွေအတွက် ကြားခံဆိပ်ကမ်းအဖြစ် အထူးအသုံးဝင်မှာ ဖြစ်ပါတယ်” ဟု သူကဆိုသည်။
ရုရှားသည် မြန်မာအတွက် ကုလသမဂ္ဂတွင် သံတမန်ဒိုင်းကာအဖြစ် ရှိနေသလို လုံခြုံရေးကောင်စီ အဖွဲ့ဝင် ဖြစ်နေသဖြင့် မြန်မာစစ်တပ်အပေါ် သက်ရောက်လာသည့် နိုင်ငံတကာ ဖိအားများကိုလည်း ခုခံပေးခဲ့ကြောင်း စတိုရီက ပြောသည်။
မော်စကိုသည် မြန်မာအတွက် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် ဒရုန်းများ ထောက်ပံ့ပေးခဲ့ပြီး နေပြည်တော်တွင် အသေးစား နျူကလီးယား အဏုမြူဓာတ်ပေါင်းဖိုတစ်လုံး တည်ဆောက်ပေးမည်ဟုလည်း ကတိပြုထားကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ အစီရင်ခံစာ တစ်ရပ်အရ သိရသည်။ လတ်တလောတွင်မူ မြန်မာနိုင်ငံ၌ မော်စကို၏ အကြီးစားစီမံကိန်းများ မရှိသေးပေ။
မြန်မာစစ်ဗိုလ်ချုပ်ကြီးများကလည်း အပြန်အလှန်အားဖြင့် ရုရှား၏ ယူကရိန်းကျူးကျော်မှုကို အားပေးခဲ့ကြပြီး အပိုပစ္စည်းများနှင့် ခဲယမ်းမီးကျောက်များပါ ရုရှားကို ထောက်ပံ့ပေးခဲ့သည်။
သို့သော် အငြင်းပွားဖွယ် ရွေးကောက်ပွဲများဖြင့် တက်လာသော မြန်မာအစိုးရသည် ပြင်းထန်သော ဘဏ္ဍာရေး အကျပ်အတည်းများနှင့် နိုင်ငံတကာအလယ် အထီးကျန်မှုများကို ရင်ဆိုင်နေရဆဲဖြစ်သည်။
အရေးပါသော နိုင်ငံတကာ ကုမ္ပဏီများသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်ထွက်သွားကြသည်။ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ၊ ပိုမိုဆိုးရွားလာသော ပဋိပက္ခများနှင့် ပိုမိုခက်ခဲလာသော စီးပွားရေးပတ်ဝန်းကျင် တို့ကြောင့် မြန်မာပြည်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် ၇၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ISP-Myanmar ၏ အချက်အလက်များအရ သိရသည်။
သို့သော်လည်း မြန်မာသည် ထိုင်းနှင့် တရုတ်တို့ထံ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ နိုင်ငံခြားငွေ အမြောက်အမြား ရရှိနေဆဲ ဖြစ်သည်။ ၂၀၂၁ နှင့် ၂၀၂၅ ခုနှစ်အကြား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အသစ်များ၏ ထက်ဝက်နီးပါးသည် တရုတ်တို့လက်ထဲတွင် ရှိကြောင်း ISP က ထုတ်ပြန်ထားသည်။
တရုတ်၏ စီးပွားရေးသြဇာ အပေါ် ယခုကဲ့သို့ မှီခိုနေရသဖြင့် ထားဝယ် စီမံကိန်းသို့ ရုရှားကို ဖိတ်ခေါ်ခြင်းသည် စီးပွားရေးတန်ဖိုးထက် ပထဝီနိုင်ငံရေးသဘော ပိုဆန်ပြီး အဓိကအားဖြင့် နိုင်ငံခြားဆက်ဆံရေးကို အပြန်အလှန် ထိန်းညှိရန် ဖြစ်သည်ဟု ထိုင်းအရပ်ဘက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ETOs Watch Coalition ၏ ညှိနှိုင်းရေးမှူး တီရာချိုင် ဆန်ဂျာရွန်ကီသာဝန်က ပြောကြားသည်။
“ရုရှားကို ဆွဲသွင်းတာဟာ တရုတ်သြဇာကို ပြန်ညှိဖို့၊ မြန်မာဟာ အကြီးစား ရင်းနှီးမြှုပ်နှံမှုတွေအတွက် လမ်းဖွင့်ထားဆဲဖြစ်တယ်ဆိုတာ ကမ္ဘာကို အချက်ပြဖို့အတွက် ပထဝီနိုင်ငံရေးအရ လုပ်ဆောင်ချက်တစ်ခုအဖြစ် ရှုမြင်ကြပါတယ်” ဟု သူက ဆိုသည်။
အချို့သော လေ့လာသူများကမူ ရုရှားအနေဖြင့် မူလ မှန်းဆထားသည့် ပမာဏအတိုင်း စီမံကိန်းတစ်ခုလုံးကို လက်တွေ့ တည်ဆောက်နိုင်ပါ့မလား ဆိုသည်ကို သံသယရှိကြသည်။
ထားဝယ်ဆိပ်ကမ်းကို သာမန်ဆိပ်ကမ်းတစ်ခု အဆင့်ထက် ကျော်လွန်၍ မြှင့်တင်နိုင်ခြေသည် လက်တွေ့တွင် ဘဏ္ဍာရေးအပေါ် မူတည်သလို အခြေခံအဆောက်အဦ၊ စက်မှုလုပ်ငန်း၊ လော့ဂျစ်စတစ်၊ လမ်းပန်းဆက်သွယ်ရေး အစရှိသော ပိုမိုကျယ်ပြန့်သည့် ဂေဟစနစ်တစ်ရပ်ဖြင့် ချိတ်ဆက် ဆောင်ရွက်နိုင်စွမ်း အပေါ်တွင်လည်း မူတည်နေသည်ဟု မြန်မာ့စီးပွားရေး မူဝါဒရေးရာ အရာရှိဟောင်း တစ်ယောက်က ပြောကြားသည်။
“ဒီတော့ အဓိက မေးခွန်းက ရုရှားဟာ ထားဝယ်မှာ မဟာဗျူဟာမြောက် စိတ်ဝင်စားမှု ရှိ၊ မရှိ ဆိုတာလောက်တင် မဟုတ်တော့ဘူး။ စီမံကိန်းကို ပိုမိုကျယ်ပြန့်ပြီး စီးပွားရေးအရ ရေရှည်တည်တံ့အောင် လုပ်ဖို့ လိုအပ်တဲ့ ဘဏ္ဍာရေး အတိုင်းအတာ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ နည်းပညာဆိုင်ရာ မိတ်ဖက်တွေနဲ့ ထောက်ပံ့ရေး စက်မှုလုပ်ငန်းတွေကို စည်းရုံးနိုင်မလားဆိုတာပဲ ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ အဆိုပါအရာရှိဟောင်းက ဆိုသည်။
စီမံကိန်း တည်ရှိရာဒေသနှင့် အလှမ်းကွာဝေးခြင်း၊ ထားဝယ်ရှိ စီးပွားရေး လုပ်ဆောင်ချက်များအပေါ် စိစစ်မှုများ မလွဲမသွေ ရှိလာနိုင်ခြင်း တို့ကြောင့် ရုရှားကဏ္ဍသည် လက်တွေ့နှင့် အလှမ်းဝေးနေသည့်သဘော ရှိသည်ဟု ဘန်ကောက်ရှိ ထမ်မာဆတ် တက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ လော့ဂျစ်စတစ်နှင့် သယ်ယူပို့ဆောင်ရေး ဌာန၏ ပါမောက္ခ ရုသ်ဘာနွမ်ယုံက ပြောကြားသည်။
“နိုင်ငံရေးအရ စိတ်ဝင်စားမှု ဒါမှမဟုတ် သံတမန်ရေးရာ ကြေညာချက်ကို ဘဏ်ဘက်က လက်ခံနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု ကတိကဝတ်နဲ့ ရောထွေး မယူဆသင့်ပါဘူး” ဟု သူကဆိုသည်။
ပဋိပက္ခကြားမှ စီးပွားရေးစင်္ကြံ
မြန်မာနိုင်ငံ၏ အန်ဒမန်ကမ်းရိုးတန်း တစ်ကြောကို ပဋိပက္ခများက လွှမ်းမိုးခြယ်လှယ်ထားဆဲ ဖြစ်သည်။
မြန်မာသည် အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ထားသော နေရာများကို အတင်းအဓမ္မ နယ်မြေရှင်းလင်းရန်အတွက် ဇူလိုင်လမှစ၍ တပ်ဖွဲ့ဝင် ရာပေါင်းများစွာကို စေလွှတ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဩဂုတ် ၂၁ ရက်တွင် ဖော်ပြခဲ့သည်။ စစ်တပ် တပ်ဖွဲ့ဝင်များသည် ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ပတ်ပတ်လည်ရှိ မြေယာများကိုလည်း စည်းတားထားကြောင်း တော်လှန်ရေး ရဲဘော်များ၏ ပြောကြားချက်၊ ဤအရေးနှင့် ပတ်သက်၍ တိုက်ရိုက် သိရှိထားသူ ဒေသခံ တက်ကြွလှုပ်ရှားသူ တစ်ဦး၏ ပြောကြားချက်တို့အရ သိရသည်။
၂၀၂၅ ခုနှစ် အကုန်တွင် ထွက်ရှိခဲ့သည့် ETOs Watch ၏ အစီရင်ခံစာတစ်ခု၌လည်း ထားဝယ် အထူးစီးပွားရေးဇုန်အတွင်းရှိ ရုံးအဆောက်အအုံများ လူသူကင်းမဲ့နေခြင်း၊ ကမ်းခြေများ ဟာလာဟင်းလင်း ဖြစ်နေခြင်း၊ စစ်တပ်နှင့် ဒေသခံ တော်လှန်ရေးအဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းတို့ ရှိကြောင်း ဖော်ပြထားသည်။
အဆိုပါ ဒေသသို့ အပြင်လူများ ဝင်ရောက်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း တီရာချိုင်၏ ပြောကြားချက်အရ သိရသည်။ ဒေသခံများသည်လည်း လက်နက်ကိုင်အသီးသီးက ထိန်းချုပ်ထားသည့် သက်ဆိုင်ရာ နယ်မြေထဲ၌သာ လုံခြုံမှုရှိသည်ဟု ပြောဆိုကြကြောင်း အဆိုပါဒေသတွင် ပုံမှန်အဆက်အသွယ်များ ရှိထားသူ တီရာချိုင်က ပြောသည်။
“သူတို့ရဲ့ လတ်တလော ဦးစားပေးကတော့ အသက်ရှင်သန်ရေးပါပဲ။ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ထွက်ပြေးပြီး တောအုပ်တွေထဲမှာ ယာယီနေမယ်၊ ဒါမှမဟုတ် ထိုင်းနယ်စပ်အနီးမှာ ခိုလှုံမယ်” ဟု ၎င်းက ပြောသည်။
“ဘယ်လို ဖွံ့ဖြိုးတိုးတက်မှုမျိုးမဆို နယ်မြေ စိုးမိုးမှု ပိုင်ပိုင်နိုင်နိုင် လိုအပ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ဒါကို မလုပ်နိုင်ကြဘူး။ ဒီတော့ ဒီဒေသကိုလည်း လုံခြုံမှု မပေးနိုင်ဘူး၊ ရင်းနှီးမြှုပ်နှံမှု အသစ်တွေအတွက်လည်း ပြင်ဆင်မထားနိုင်ကြဘူး” ဟု တီရာချိုင်က ပြောကြားသည်။ ထို့ကြောင့် စီမံကိန်း ပြန်လည်စတင်ရန်မှာ လတ်တလောတွင် မဖြစ်နိုင်ကြောင်း အရပ်ဘက် လူမှုအဖွဲ့အစည်း ကွန်ရက်များနှင့် နေရပ်စွန့်ခွာရသည့် ဒေသခံများက ၎င်းအား ပြောကြားခဲ့ကြောင်း တီရာချိုင်က ဆိုသည်။
ထားဝယ်နှင့် ထိုင်းကို ချိတ်ဆက်ပေးသည့် လမ်းကြောင်းသည်လည်း တော်လှန်ရေး အဖွဲ့များ၏ ထိန်းချုပ်နယ်မြေများကို ဖြတ်သွားရမည် ဖြစ်သည်။
မြန်မာ့စီးပွားရေးမူဝါဒ အရာရှိဟောင်းက ထိုင်းနိုင်ငံသည် ထားဝယ်၏ ရှေ့အလားအလာအတွက် အလွန်အရေးကြီးသည်ဟု ဆိုသည်။ ရေရှည်လုံခြုံမှု မရှိပါက ရင်းနှီးမြှုပ်နှံသူများသည် အခြေခံအဆောက်အဦများ ဆယ်စုနှစ်များစွာ ဆက်လက် လည်ပတ်နိုင်မည်ဟု ယုံကြည်မည် မဟုတ်ကြောင်းလည်း သူကပြောသည်။
ဤအချက်များနှင့် လက်ရှိ အရဲစွန့်ရမှုများကြောင့် ထားဝယ် စီမံကိန်းသည် အစိုးရ ကျောထောက်နောက်ခံပြုထားသည့် ရင်းနှီးမြှုပ်နှံသူများ အတွက်သာ ဖြစ်နိုင်ခြေရှိနိုင်သည်ဟု ယူဆသူက ISEAS-Yusof Ishak Institute ၏ မြန်မာလေ့လာရေး အစီအစဉ်မှ ဧည့်သုတေသီ ဂျက်ရစ်ဘစ်ဆင်ဂါ ဖြစ်သည်။
ကုန်စည်ကူးသန်းရေး ဗဟိုချက် တစ်ခုအတွက် စီးပွားရေးဆိုင်ရာ အကြောင်းရင်း ရှိခဲ့သည်ဆိုဦး။ ဤဒေသတွင် ရင်းနှီးမြှုပ်နှံမှု အခင်းအကျင်းသည် ပြီးခဲ့သော နှစ်များအတွင်း စိန်ခေါ်မှုများနှင့်အတူ ပိုပိုရှုပ်ထွေးလာသည်ဖြစ်ရာ ရှေ့ဆက်ရန် ခက်ခဲလိမ့်မည်ဟု ဘစ်ဆင်ဂါက ယူဆသည်။
“လက်ရှိ စစ်အစိုးရဟာ စီးပွားရေးအခင်းအကျင်း တိုးတက်ကောင်းမွန်ရေး၊ စွန့်စားရမှု လျှော့ချရေး ဒါမှမဟုတ် ခန့်မှန်းတွက်ဆနိုင်မှု အားကောင်းစေရေးအတွက် ခြေလှမ်းတွေ ကောင်းကောင်းကန်းကန်း မလှမ်းရသေးပါဘူး” ဟုလည်း သူကဆိုသည်။
ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်မှုကို တောက်လျှောက် ဆန့်ကျင်လာကြသည့် အလေ့အထကလည်း ကျန်ရှိနေဆဲဖြစ်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနှင့် ထိုနောက်ပိုင်း အကြမ်းပတမ်းဖြစ်ရပ်များ မတိုင်မီကပင် ထားဝယ်စီမံကိန်းသည် ဒေသခံ အသိုင်းအဝိုင်း၏ ကန့်ကွက်မှုများနှင့် လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ကြန့်ကြာနေခဲ့ပြီး ဖြစ်သည်။
စီစဉ်ထားသည့် ဧရာမစီမံကိန်းတွင် လမ်းများနှင့် ရေကာတာများကဲ့သို့ နောက်ဆက်တွဲ စီမံကိန်း အများအပြား ပါဝင်ပြီး ၎င်းတို့အတွက် ဒေသခံများကို နေရာရွှေ့ပြောင်းစေသည်များ ရှိခဲ့သည်။ မြေယာဆိုင်ရာ ရပိုင်ခွင့်စာချုပ်များမှာ အတိအကျ သတ်မှတ်ဖော်ပြထားသည်မျိုး မရှိသလို နေအိမ်အဆောက်အအုံနှင့် မြေယာများ ဆုံးရှုံးရမှုအတွက် လျော်ကြေးငွေမှာလည်း အနည်းအကျဉ်းမျှသာ ရခဲ့သည်ဟု ဒေသခံများက စောဒက တက်ခဲ့ကြသည်။
ဤသည်က ထားဝယ်နှင့် ထိုင်းနိုင်ငံကို ချိတ်ဆက်ထားသည့် လမ်းကြောင်းတလျှောက်တွင် ဒေသခံများ၏ ဆန္ဒပြမှုများနှင့် လမ်းပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်စေခဲ့သည်။
“နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ လတ်တလော လုံခြုံရေးအန္တရာယ်တွေကြောင့်ပဲ စီမံကိန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် ကိစ္စရပ်တွေကို ဘာတစ်ခုမှ မဖြေရှင်းနိုင်ဘဲ ဖြစ်နေရတယ်” ဟု တီရာချိုင်က ပြောသည်။
ဒေသတွင်း စီးပွားရေးစင်္ကြံတစ်ခု ဖြစ်လာနိုင်သလား
ထိုင်းဘုရင်များနှင့် အစိုးရများသည် နိုင်ငံ၏ ထူးခြားသော ပထဝီအနေအထားကို အသုံးချရန်နှင့် မလေးကျွန်းဆွယ်၏ အကျဉ်းဆုံး အစိတ်အပိုင်းဖြစ်သော ကရာအစ္စသာမု (Kra Isthmus) မှတစ်ဆင့် ဖြတ်လမ်းတစ်ခု ဖောက်လုပ်ရန် နည်းလမ်းများကို ၁၇ ရာစုကတည်းက စိတ်ကူးခဲ့ကြသည်။
ကမ္ဘာကြီး၏ အခြားတစ်နေရာရှိ စူးအက်တူးမြောင်းနှင့် ပနားမားတူးမြောင်းတို့၏ အောင်မြင်မှုသည် သင်္ဘောများနှင့် ကုန်စည်များကို ပိတ်ဆို့နေလေ့ရှိသည့် မလက္ကာ ရေလက်ကြား ခရီးရှည်ကို ရှောင်ကွင်းနိုင်မည့် ကုန်သွယ်ရေး လမ်းကြောင်းသစ်တစ်ခုအတွက် အားတက်စရာ ဖြစ်စေခဲ့သည်။ ဤစိတ်ကူးသည် ပြီးခဲ့သော နှစ်များအတွင်း ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရနောင်းနှင့် ချုံဖွန်ခရိုင်တို့ အကြား ကုန်းလမ်းနှင့် ရထားလမ်းတို့သုံးကာ ထိုင်းပင်လယ်ကွေ့နှင့် အန်ဒမန်ပင်လယ်ရှိ ဆိပ်ကမ်းသစ်များကို ချိတ်ဆက်ပေးမည့် မြေသားတံတားစီမံကိန်း (Land Bridge) အဆိုပြုချက်ပေါ်တွင် အာရုံကျနေခဲ့သည်။
အမေရိကန်ဒေါ်လာ ဘီလျံ ၃၀ အထိ ကုန်ကျနိုင်သည့် လန်းဘရစ်ကို တည်ဆောက်နိုင်လျှင် စင်္ကာပူကို ကွေ့ပတ်သွားလာရမှုကို ရှောင်ရှားနိုင်မည် ဖြစ်ရာ သင်္ဘောများအနေဖြင့် ၉ ရက်အထိ အချိန် လျော့နည်းသက်သာစေနိုင်ကြောင်း ထောက်ခံသူများက ကတိပေးခဲ့ကြသည်။
သို့သော် ဇူလိုင်လနှောင်းပိုင်းတွင် အဆိုပါ စီမံကိန်းကြီးကို ဆိုင်းငံ့ထားလိုက်ပြီ ဖြစ်သည်။ အစိုးရက ပြန်လည်သုံးသပ်ခဲ့ရာတွင် စီမံကိန်း၏ စီးပွားရေးအလားအလာသည် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပြီး ဘဏ္ဍာရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အန္တရာယ်များကိုလည်း သတိပြုစရာ ဖြစ်ခဲ့သည်။
ဝန်ကြီးအနုတင်ကမူ စီမံကိန်းကို လုံးလုံး စွန့်လွှတ်လိုက်ခြင်း မဟုတ်ဘဲ နောက်ပိုင်းတွင် ပြန်လည် အသက်သွင်းနိုင်ကြောင်း ပြောထားသည်။
ထားဝယ်သည် ဆိုခဲ့ပါ လမ်းဘရစ်စီမံကိန်း၏ မြောက်ဘက် ကီလိုမီတာ ၅၀၀ အကွာတွင် တည်ရှိသည်။ ထားဝယ်စီမံကိန်းသည် အန်ဒမန်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာ ကုန်သွယ်ရေး လမ်းကြောင်းများကို ဥရောပ၊ တောင်အာရှ၊ အရှေ့အလယ်ပိုင်းတို့သို့ စီးပွားရေးအရ တိုက်ရိုက်လက်လှမ်းမီမည့် နည်းလမ်းတစ်ခုအဖြစ် ပေါ်ထွက်လာခြင်း ဖြစ်သည်။
လန်းဘရစ်စီမံကိန်းကို ထိုင်းနိုင်ငံတောင်ပိုင်း၏ တစ်ဖက်တစ်ချက်စီရှိ သင်္ဘောများအကြား ကုန်စည် ရွှေ့ပြောင်းပေးသည့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခုအဖြစ် အဓိက ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။ ထားဝယ်စီမံကိန်းမှာမူ ထိုင်းစက်မှုလုပ်ငန်းများအား ကမ္ဘာ့ဈေးကွက်ကြီးများသို့ ပိုမိုမြန်ဆန်စွာ ဝင်ရောက်ခွင့်ပေးမည့် အကြီးစား စက်မှုစီမံကိန်း ဖြစ်သည်။
ကာလရှည်ကြာ ချောင်ထိုးထားသော မြေသားတံတားစီမံကိန်းနှင့် ယခုလတ်တလော ဆွေးနွေးမှုများ ရှိလာသည့် ထားဝယ်စီမံကိန်းအကြား တိုက်ရိုက်ဆက်နွယ်မှုများကို သတိပြုစိစစ်ရန်တော့ လိုမည်ဟု ပါမောက္ခ ရုသ်ဘာနွမ်ယုံက ထောက်ပြသည်။
“အချိန်ကိုက်ဖြစ်လာတာကတော့ ထူးဆန်းနေတယ်” ဟုသူက ဆိုသလို ယခုလအတွင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်၏ မော်စကို ခရီးစဉ်နှင့် ဆက်စက်၍ စီးပွားရေး ရလဒ်တစ်ခုအဖြစ် သတင်းထုတ်ပြန်လာခြင်း ဖြစ်နိုင်သည်ဟုလည်း သူက ယူဆသည်။
“ထားဝယ်ဟာ ကြေညာလို့ကောင်းတဲ့ ကိစ္စရပ်တစ်ခုပါ။ ဒါပေမဲ့ ကြေညာချက်တစ်ခုတည်းနဲ့တော့ ဒီစီမံကိန်းရဲ့ နောက်ကွယ်က စီးပွားရေးနဲ့ လော့ဂျစ်စတစ် ပြဿနာတွေကို မဖြေရှင်းနိုင်ပါဘူး” ဟု သူကဆိုသည်။
ထားဝယ်သည် အန်ဒမန်ကမ်းရိုးတန်းကို ထိုင်းနိုင်ငံ၏ EEC သာမက စက်မှုလုပ်ငန်း ကွန်ရက်များနှင့်ပါ ချိတ်ဆက်ပေးနိုင်သည်အထိ နယ်စပ်တလျှောက်တွင် အခြေခံအဆောက်အဦများ ပိုမိုတိုးတက်လာနေသည်။ အထူးသဖြင့် ထိုင်းဘက်ရှိ ချာချွန်းဆောင်၊ ချွန်ဘူရီနှင့် ရယောင်းခရိုင်များနှင့် ပိုမိုချိတ်ဆက်နိုင်မည့် အနေအထား ဖြစ်သည်။ ထိုအထဲတွင် ဖူနမ်ရွန်ရှိ နယ်စပ် ချိတ်ဆက်မှုများအပြင် လတ်တလော တည်ဆောက်ပြီးစီးသွားသည့် M81 မော်တော်ကားလမ်းတို့လည်း ပါဝင်သည်။
သို့သော်လည်း ထားဝယ်စီမံကိန်းသည် စီးပွားရေး သို့မဟုတ် ထောက်ပံ့ပို့ဆောင်ရေးရှုထောင့်မှ ကြည့်လျှင် ထိုင်းနိုင်ငံ၏ လိုအင်ဖြင့် မောင်းနှင်သည့် စီမံကိန်းတစ်ရပ်အဖြစ် ဘယ်တုန်းကမှ မရှိခဲ့ဟု ရုသ်ဘာနွမ်ယုံက မှတ်ချက်ပြုသည်။
“‘သူတစ်ပါး နှာခေါင်းနဲ့ အသက်ရှူတယ် ဆိုတဲ့ ထိုင်းစကားပုံတစ်ခု ရှိတယ်။ ခုအဆိုပြုထားတဲ့ စီမံကိန်းကိုလည်း ဒီအတိုင်းပဲ ကျွန်တော်မြင်တယ်။ ထိုင်းနိုင်ငံဟာ ဘယ်တုန်းကမှ တိတိပပ မသတ်မှတ်ခဲ့ရတဲ့ ဝယ်လိုအားတစ်ခုကို ဖြည့်ဆည်းဖို့တွက် တခြားနိုင်ငံတစ်ခုရဲ့ အခြေခံအဆောက်အဦ၊ မူဝါဒနဲ့ လုပ်ငန်းလည်ပတ်မှု အခြေအနေတွေအပေါ် မှီခိုနေရလိမ့်မယ်” ဟု ပါမောက္ခရုသ်က ဆိုသည်။
ထားဝယ်စီမံကိန်းကို မူလ ရေးဆွဲသူများသည် ထိုင်းနိုင်ငံ၏ အကျိုးစီးပွားများအပြင် စီမံကိန်းကို တောင်ပိုင်း စီးပွားရေး စင်္ကြံကိုပါ အကောင်အထည်ဖော်ပြီး ထားဝယ်-ဘန်ကောက်-ဖနွမ်းပင်-ဟိုချီမင်းစီးတီး အထိ လမ်းကြောင်း ဖန်တီးရန် သေသေချာချာ ရေးဆွဲခဲ့ကြသည်။ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားရှိ ကုန်ထုတ်လုပ်မှု ကွန်ရက်များသည် အရှေ့ဘက်သို့ မျက်နှာမူထားသော ဆိပ်ကမ်းများနှင့် မလက္ကာရေလက်ကြားကို အသုံးပြုရသည့် ရေလမ်းကြောင်းအရှည်များ ကိုချည်း အားကိုးနေရခြင်းထက် ထိုင်းနိုင်ငံမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာ ဆိပ်ကမ်းသို့ ကုန်းလမ်းကြောင်းသုံးကာ ဝင်ရောက်နိုင်မည် ဆိုသော အကြောင်းပြချက်ဖြင့် ဖြစ်သည်။
ဤနည်းလမ်းက အိန္ဒိယ၊ တောင်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပသို့ ပို့ဆောင်မည့် ကုန်စည်များအတွက် သယ်ယူပို့ဆောင်ချိန်ကို လျှော့ချပေးနိုင်ပြီး ရေကြောင်းသွားလာရေး ပိတ်ဆို့မှု သို့မဟုတ် အနှောင့်အယှက်များနှင့် ကြုံတွေ့ရချိန်တွင် ရွေးချယ်စရာ လမ်းကြောင်းသစ်အဖြစ် ပံ့ပိုးပေးနိုင်ကြောင်း ထိုင်းအခြေစိုက် မဲခေါင်အင်စတီကျု၏ အထူးစီမံကိန်းများနှင့် သယံဇာတ စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူး Madhurjya Dutta က ပြောကြားသည်။
“ဒါပေမဲ့ ဒီအားသာချက်ကို နယ်မြေဒေသ အကွာအဝေး တစ်ခုတည်းနဲ့ တိုင်းတာလို့တော့ မရဘူး။ ကုန်းလမ်း သယ်ယူပို့ဆောင်ရေး၊ နယ်စပ်ဖြတ်ကျော် လုပ်ထုံးလုပ်နည်း၊ ဆိပ်ကမ်းကို ထိထိရောက်ရောက် အသုံးပြုနိုင်စွမ်း၊ သင်္ဘောထွက်ခွာတဲ့ ကြိမ်နှုန်း၊ ထောက်ပံ့ပို့ဆောင်ရေးပိုင်းဆိုင်ရာ စုစုပေါင်းကုန်ကျစရိတ်တို့အပြင် အိမ်ပေါက်စေ့ ပို့ဆောင်ရေး အနေအထားကအစ ထည့်တွက် အကဲဖြတ်သင့်ပါတယ်” ဟု သူကပြောသည်။
ထားဝယ်စီမံကိန်းကို တည်ရှိပြီးသား ဆိပ်ကမ်းများနှင့် ရေလမ်းကြောင်းများအတွက် အစားထိုးမှုတစ်ရပ် ဆိုသည်ထက် ဖြည့်စွက်ပေါင်းစပ်ပေးသည့် အရာအဖြစ် ရှုမြင်သင့်ကြောင်းလည်း သူက စောဒကတက်သည်။ ဤစီမံကိန်း ပိုမိုဖွံ့ဖြိုး တိုးတက်ပြီး ဒေသတွင်း ကုန်ထုတ်လုပ်ရေးနှင့် ဆင့်ကဲတန်ဖိုး (Value-Chain) ကွန်ရက်၏ အစိတ်အပိုင်း တစ်ရပ် ဖြစ်လာပါက ထိုင်း-မြန်မာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအဆင့်မျှသာ မကတော့ဘဲ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် ကဲ့သို့သော နိုင်ငံများအတွက်ပါ ပိုမိုအကျိုးရှိလာနိုင်သည်ဟုလည်း သူက ယူဆသည်။
ကမ္ဘောဒီးယားအတွက်ဆိုလျှင် အနောက်ဘက် ဈေးကွက်များအတွက် သီးသန့် ရွေးချယ်ထားသော စိုက်ပျိုးရေး၊ ပြုပြင်ပြီးကုန်စည်နှင့် စက်ရုံထုတ်ကုန်စည်များ တင်ပို့ရန် တံခါးပေါက်တစ်ခု ရရှိနိုင်သည်။ ဗီယက်နမ်တောင်ပိုင်းသည်လည်း ကမ္ဘောဒီးယားနှင့် ထိုင်းတို့မှတစ်ဆင့် ချိတ်ဆက်ထားသော သီးသန့် ထောက်ပံ့ရေး ကွင်းဆက်များအတွက် လော့ဂျစ်စတစ်ပိုင်းဆိုင်ရာ ရွေးချယ်စရာများ ရရှိလာမည်ဖြစ်သည်။
“အရေးကြီးတာက ကမ္ဘောဒီးယား ဒါမှမဟုတ် ဗီယက်နမ်က ကုန်စည်အားလုံး ထားဝယ်ဆီ ပြောင်းရွှေ့ဖို့ မလိုတဲ့အချက်ပါ။ စီးပွားရေး လုပ်ငန်းတွေအတွက် အပိုဆောင်း ယှဉ်ပြိုင်မှု အခွင့်အလမ်းတွေ ပေးနိုင်စွမ်းရှိနေခြင်းက သူ့ရဲ့တန်ဖိုး ဖြစ်ပါတယ်” ဟု Madhurjya Dutta က ပြောသည်။
မြန်မာအစိုးရကသာ ဒေသတွင်း အခြားပလေယာများအပေါ် အားကိုးမနေဘဲ ကိုယ်ပိုင် စက်မှု၊ ကုန်သွယ်ရေးနှင့် လော့ဂျစ်စတစ် နယ်ပယ်များ လုပ်ပြနိုင်မည် ဆိုပါက ထားဝယ်သည် မြန်မာ၏ နိုင်ငံတော်အဆင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတစ်ခု ဖြစ်လာနိုင်သည်ဟု ပါမောက္ခရုသ်က ယူဆသည်။
သို့သော်လည်း ထိုကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်မှုသည် “ထိုင်းနိုင်ငံအတွက် လိုအပ်တဲ့ အခြေခံအဆောက်အဦအဖြစ် တင်ပြတာနဲ့တော့ အများကြီး ကွာခြားပါတယ်” ဟု သူကဆိုသည်။
“အန္တရာယ်ကတော့ လန်းဘရစ်စီမံကိန်းမှာ တွေ့ခဲ့ရတဲ့ အမှားအတိုင်း ထပ်မံ ကျူးလွန်မိမယ့် လုပ်ရပ်ပါပဲ။ ဆွဲဆောင်မှုရှိတဲ့ စီမံကိန်းကြီး တစ်ခုနဲ့ အရင်စမယ်၊ ပြီးတော့မှ ဒီလုပ်ရပ် မှန်ကန်ကြောင်း ပြသဖို့အတွက် လိုအပ်တဲ့ ဝယ်လိုအားနဲ့ သက်သေအထောက်အထားတွေ လိုက်ရှာတာမျိုး ဖြစ်ပါတယ်” ဟု သူက ဖြည့်စွက်ပြောကြားသည်။
ETOs Watch Coalition ၏ ညှိနှိုင်းရေးမှူး တီရာချိုင်၏ အမြင်ကတော့ တစ်မျိုးဖြစ်သည်။ လန်းဘရစ် စီမံကိန်းထဲတွင် အဆိုပြုထားသလိုမျိုး ရနောင်းခရိုင်တွင် ကိုယ်ပိုင် ကမ်းရိုးတန်း စက်မှုဗဟိုချက် ထူထောင်ရေး ရည်ရွယ်ချက်ကို ထိုင်းနိုင်ငံ ပြင်ပရှိ ထားဝယ်သို့ နေရာရွှေ့ပြောင်းလိုက်ခြင်းသည် ထိုင်းနိုင်ငံကြုံရမည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်ကို နောက်တစ်နိုင်ငံသို့ ပခုံးပြောင်း လွှဲပေးလိုက်သည့်သဘော ဖြစ်နေသည်ဟု သူက ယူဆသည်။
“အမျိုးသားရေး ရှုထောင့်ကကြည့်ရင် ပြည်ပမှာ စက်မှုလုပ်ငန်း ဗဟိုချက်မ နေရာတစ်ခု တည်ဆောက်ခြင်းဖြင့် ထိုင်းပြည်တွင်းမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရိုက်ခတ်မှုတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်” ဟု တီရာချိုင်က ထောက်ပြသည်။
ပါမောက္ခရုသ်ကလည်း ဤအချက်ကို သဘောတူသည်။ စီမံကိန်းနှင့် ပတ်သက်သည့် စက်မှုလုပ်ငန်းများသည် မြန်မာဘက်ခြမ်းတွင် တည်ရှိမည် ဖြစ်သည့်အတွက် ပတ်ဝန်းကျင် ညစ်ညမ်းမှုများနှင့် စွန့်ပစ်ပစ္စည်းများသည် မြန်မာနိုင်ငံထဲတွင်သာ ရှိနေမည်ဖြစ်ရာ ခရီးသွားလုပ်ငန်းအတွက် ထိုင်းနိုင်ငံ၏ အန်ဒမန်ကမ်းရိုးတန်း ထိန်းသိမ်းမှု ကိုလည်း အထောက်အကူ ဖြစ်စေမည်ဟု သူက မှတ်ချက်ပြုသည်။
“ဒါဟာ အဖွဲ့အစည်းတချို့အတွက် နိုင်ငံရေးအရ ဆွဲဆောင်မှု ရှိနိုင်ပေမဲ့ အချုပ်အခြာအာဏာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု၊ ကုန်ကျစရိတ်နဲ့ အကျိုးကျေးဇူးတွေ မျှမျှတတ ခွဲဝေမှုတို့အပေါ် ကြီးမားတဲ့မေးခွန်းတွေ ထွက်ပေါ်လာစေပါတယ်” ဟု ရုသ်က ဆိုသည်။
တီရာချိုင်ကလည်း မြန်မာစစ်အစိုးရ၏ ခေါင်းဆောင်များ၊ စစ်တပ်ထိန်းချုပ်ထားသည့် စီးပွားရေးလုပ်ငန်းများနှင့် အချို့သော ကဏ္ဍကြီးများသည် ပစ်မှတ်ထားအရေးယူမှုများ ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်နေရသည်ဖြစ်ရာ ၎င်းတို့နှင့် စီးပွားရေးလုပ်ကိုင်ခြင်းသည် ထိုင်းနိုင်ငံအတွက် အန္တရာယ်မကင်းဟု ယူဆသည်။
ထိုင်းနိုင်ငံသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (OECD) သို့ ဝင်ရောက်ရန် တရားဝင် လျှောက်ထားသည်။ OECD သည် ချမ်းသာသော စီးပွားရေးနိုင်ငံ အများစုပါဝင်သည့် သြဇာညောင်းသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အဖွဲ့ဝင်အဖြစ် လျှောက်ထားသည့် လုပ်ငန်းစဉ်တွင်လည်း အုပ်ချုပ်ရေး၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုရှိသော စီးပွားရေး ကျင့်ဝတ်များ အပါအဝင် ကဏ္ဍများကို စိစစ်စစ်ဆေးခံရမည် ဖြစ်သည်။ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် စီးပွားရေးအရ မည်သို့ အသေးစိတ် ပူးပေါင်းလုပ်ဆောင်မည် ဆိုသည်ကို ဤလုပ်ငန်းစဉ်က စစ်ဆေးမှုများ ရှိလာနိုင်သည်။
အနုတင်အစိုးရသည် အိမ်နီးချင်း စစ်အစိုးရအား စီးပွားရေး မိတ်ဖက်အဖြစ် ပိုမိုဆက်ဆံလာပြီး အာဆီယံ လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံ၏ “တန်းတူညီမျှ အပြည့်အဝပါဝင်ခွင့်”ကို ထောက်ခံကြောင်းလည်း ဩဂုတ်လ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တီရာချိုင်ကတော့ အဆိုပါ လမ်းကြောင်းနှစ်ခုသည် တင်းမာမှု ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း စောဒကတက်သည်။
“ပိတ်ဆို့ အရေးယူခံထားရတဲ့ စစ်အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်တယ် ဆိုမှတော့ ရင်းနှီးမြှုပ်နှံမှုတွေဟာလည်း ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မလွဲသာမရှောင်သာ ဆက်နွယ်ပတ်သက်နေတော့မှာပေါ့” ဟု သူက မှတ်ချက်ပြုသည်။
ရာဗီချန်ဒရာကူးမား ဘာသာပြန်ဆိုသည်။
ရည်ညွှန်း – Myanmar’s Dawei port megaproject could offer a regional shipping shortcut, but viability doubts linger by Jack Board, CNA







