စစ်ရေး၊ စီးပွားရေးပါဝါနှင့် တန်ဖိုးထားမှုများအား အမေရိကန် တစ်ဦးတည်းချုပ်ကိုင်မှုအပေါ် မှီတည်ခဲ့သည့် ကမ္ဘာ့အစီအစဉ်သည် နိဂုံးသို့ ရောက်သွားပြီဖြစ်သည်။ သူချည်းမဟုတ်။ ဥရောပ၏ ရေရှည်တည်ငြိမ်မှုကိုပါ တစ်ပါတည်း ဆွဲခေါ်သွားသည်။ ကမ္ဘာကြီးသည် သိသိသာသာ ပိုမိုလှုပ်ခတ်လာသည်။ မသေချာမရေရာမှုများ ပိုမိုများပြားလာသည်။ မဝေးတော့သည့် အနာဂတ်သည်လည်း မတည်ငြိမ်မှုများ ဆထက်တိုး ဆောင်ကြဉ်းလာဦးမည် ဖြစ်လေသည်။
အတိတ်ကာလ၌ ကမ္ဘာ့အစီအစဉ်၏ ကောက်ကြောင်းများကို ထိပ်သီးစက်မှုနိုင်ငံများ စုစည်းထားသည့် G7 နှင့် G8 ပုံစံများတွင် ရှင်းလင်းစွာ တွေ့မြင်ခဲ့ရသည်။ ယခုအခါတွင်မူ တရုတ် ဦးဆောင်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၊ ရုရှား ဦးဆောင်သည့် ယူရေရှန်း စီးပွားရေးသမဂ္ဂနှင့် BRICS+ (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ အခြားအဖွဲ့ဝင် ခြောက်နိုင်ငံနှင့် မိတ်ဖက် ဆယ်နိုင်ငံ) ကဲ့သို့သော စင်ပြိုင် ပုံစံသစ်များ ပေါ်ပေါက်လာခဲ့ပြီ။ ထိုပုံစံသစ်များသည်လည်း ထွန်းသစ်စ စီးပွားရေးနိုင်ငံများဖြင့် အဓိက ဖွဲ့စည်းထားခြင်း ဖြစ်သည်။
အမေရိကန်၏ ဩဇာလွှမ်းမိုးမှုသည် အင်အားကြီးနိုင်ငံ အတော်များများအကြား ပဋိပက္ခနှင့် ပြိုင်ဆိုင်မှုအပေါ် အခြေခံသည့် ပုံစံသစ်တစ်ခုအတွက် လမ်းဖယ်ပေးလိုက်ရသည်။ ဤပုံစံသစ်တွင်ကား ပုံသေကားကျ ရေးဆွဲပြဋ္ဌာန်းထားသည့် စည်းမျဉ်းစည်းကမ်းများ မရှိတော့ပေ။ ထိုအစား စီးပွားရေး၊ နည်းပညာနှင့် စစ်ရေးအင်အားတို့သာ ရှိတော့သဖြင့် နျူကလီးယားအင်အားကြီးနိုင်ငံများ အကြား ပဋိပက္ခဖြစ်ပွားနိုင်ခြေ သာမက စစ်ပွဲအထိပင် ဖြစ်ပွားနိုင်ခြေ ပိုမိုကြီးမားလာသည်ဟု ဆိုရတော့မည် ဖြစ်သည်။
ဤအစီအစဉ်သစ်တွင် တည်ငြိမ်မှုမှလွဲ၍ ကျန်တာအကုန်ပါသည်။ ယူကရိန်းနှင့် ပါရှန်ပင်လယ်ကွေ့မှ စစ်ပွဲများ၊ အဆုံးသတ်ရန် မည်သူမျှ စိတ်ကူးမရှိကြတော့သည့် မြန်မာနိုင်ငံမှ ပြည်တွင်းစစ်၊ တရုတ်နှင့် ထိုင်ဝမ်အကြား သို့မဟုတ် ကိုရီးယားကျွန်းဆွယ်ပေါ်မှ တောက်လျှောက်ခြိမ်းခြောက်မှုများက ဤသည်ကို သက်သေပြနေသည်။
ထင်သာမြင်သာ စစ်ပွဲကြီးနှစ်ခုနှင့်အတူ အီရန်၏ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုတို့သည် ကမ္ဘာ့စီးပွားရေးကို အကြီးအကျယ် ရိုက်ခတ်ခဲ့ပြီ ဖြစ်သည်။ ရေနံ၊ ဓာတ်ငွေ့၊ ဓာတ်မြေဩဇာနှင့် အခြား အခြေခံကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်သွားပြီ။ ပဋိပက္ခနှစ်ခုလုံးတွင် လူအများအပြား သေဆုံးနေကြပြီး ပိုမိုဆိုးရွားလာနိုင်သည့် အန္တရာယ်လည်း ကြီးသထက် ကြီးလာလျက်ရှိသည်။
လူထု၏ အာရုံစိုက်မှုသည် ယူကရိန်းနှင့် အီရန်တို့ထံ အများဆုံးရောက်နေသည်ကတော့ မဆန်းလှ။ သို့သော် ထိုပဋိပက္ခများတွင် လက်ဝေခံစစ်ပွဲများ၏ စရိုက်လက္ခဏာများ ရှိနေသည်။ အကြောင်းမှာ ထိုစစ်ပွဲများ၏ မဟာဗျူဟာမြောက် သက်ရောက်မှုများကို နားလည်ရန်အတွက် ဆိုလျှင် လက်ရှိ ထိပ်သီးပါဝါဖြစ်သော အမေရိကန်နှင့် သူ့ကိုစိန်ခေါ်နေသူ ထွန်းသစ်စ တရုတ်တို့အကြား သမိုင်းဝင် အားပြိုင်မှုကို ထည့်မစဉ်းစား၍ မရနိုင်သောကြောင့် ဖြစ်သည်။ ပါရှန်ပင်လယ်ကွေ့တွင် ကြံရာမရ အရှုံးပေါ်နေသည့် အမေရိကန်က ကာလရှည်မိတ်ဆွေများနှင့် မဟာမိတ်များကို ပတ်ရမ်းနေချိန်၌ တရုတ်သည် အသံမထွက်ဘဲ ခပ်အေးအေးပင် အသာစီး ရယူလျက်ရှိသည်။
ဤအဆင့်မြင့် အာဏာလုပွဲသည် မည်သို့မျှ ထပ်တူမကျသည့် စနစ်နှစ်ခုအကြား အားပြိုင်ပွဲဖြစ်သလို ၂၁ ရာစုကိုလည်း ပုံဖော်ပေးမည်ဖြစ်သည်။ အမေရိကန် စျေးကွက်သည် လတ်တလောတွင် လက်တစ်ဆုပ်စာ နည်းပညာကုမ္ပဏီကြီးများ၏ ကြီးစိုးမှုနှင့် ကြုံနေရသော်ငြားလည်း သူ့စနစ်သည် ပြိုင်ဆိုင်မှုပြင်းထန်သည့် ဈေးကွက်စီးပွားရေးစနစ် ဖြစ်သလို နိုင်ငံသည်လည်း ကမ္ဘာ့ ဒီမိုကရေစီသက်တမ်း အရင့်ဆုံးနိုင်ငံ ဖြစ်သည်။
တစ်ဘက်တွင်ကား တရုတ်သည် အာဏာကုန်ရှိသော ပါတီတစ်ခုက ဗဟိုမှချုပ်ကိုင်ထားသည့် စနစ်ရှိသော နိုင်ငံဖြစ်သည်။ စီးပွားရေး၊ စစ်ရေးနှင့် လူ့အဖွဲ့အစည်းအပေါ် အကန့်အသတ်မဲ့ ထိန်းချုပ်ခွင့် ကျင့်သုံးနိုင်သည်။ မျိုးဆက်တစ်ခုအတွင်းမှာပင် တရုတ်သည် ဆင်းရဲနွမ်းပါးပြီး ဖွံ့ဖြိုးမှုနောက်ကျသော မျှော်လင့်ချက်မဲ့ နိုင်ငံတစ်ခုအဖြစ်မှ ကမ္ဘာ့အစီအစဉ်တွင် ထိပ်ဆုံးနေရာအတွက် လက်တွေ့ကျကျ ပြိုင်ဘက်တစ်ခုအဖြစ်သို့ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲနိုင်ခဲ့သည်။ မည်သည့်ဘက်ကပင်ကြည့်ကြည့် ဤသည်မှာ ဧရာမ အောင်မြင်မှုကြီး တစ်ရပ် ဖြစ်သည်။
တရုတ်ကွန်မြူနစ်ဝါဒ၏ စစ်မှန်သော ကွပ်ကဲမှုအတတ်ပညာသည် မော်စီတုန်း၏ ယဉ်ကျေးမှုတော်လှန်ရေး အရူးထမှု ပြီးသည့်နောက်တွင် ပေါ်ပေါက်လာခဲ့သည်။ အကန့်အသတ်မဲ့ အာဏာနှင့် ပါတီ၏ထိန်းချုပ်မှုကို ကိုင်စွဲထားသည့် တစ်ချိန်တည်း၌ တိန်ရှောင်ဖိန်သည် အစိုးရထိန်းချုပ်ထားသော ရှိရင်းစွဲ စီးပွားရေးအတွင်း၌ ပုဂ္ဂလိကကဏ္ဍကို မြန်မြန်ဆန်ဆန် ကြီးထွားဖွံ့ဖြိုးစေခဲ့သည်။
နောက်ဆုံးတွင် အဆိုပါ ဖွံ့ဖြိုးမှုသည် လုပ်ငန်းနယ်ပယ် အများအပြား၌ အမေရိကန်ကိုပင် ကျော်လွန်သွားခဲ့သည်။ ကြီးမားလှသော ပြည်တွင်းဈေးကွက်၏ အကူအညီဖြင့် ကွန်မြူနစ် စူပါအရင်းရှင်ဝါဒတစ်မျိုး ရလဒ်အဖြစ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အရင်းရှင်ဝါဒကို အစကတည်းက ဆန့်ကျင်ပြီး အယူဝါဒကို အဓိကဦးတည်သည့် စီမံကိန်းတစ်ခုဖြစ်ခဲ့သော ဆိုဗီယက်ပြည်ထောင်စု၏ မော်ဒယ်နှင့် တရုတ်နိုင်ငံ၏ မော်ဒယ်သည် လုံးလုံးလျားလျား ဆန့်ကျင်ဘက် ဖြစ်နေသည်။
တရုတ်တို့သည် သူတို့၏ ဇာစ်မြစ်ကို ထိန်းသိမ်းလိုသည့် တစ်ချိန်တည်း၌ သမိုင်းတွင် အအောင်မြင်ဆုံး အရင်းရှင်စီးပွားရေးစနစ်ကိုလည်း အတုယူလိုကြပြီး နှစ်ခုလုံးကို အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ကြသည်။ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေသော ဤဝိရောဓိပုံစံ ကိုင်တွယ်ချဉ်းကပ်မှုသည် အံ့သြဖွယ်ကောင်းအောင် အလုပ်ဖြစ်ခဲ့သလို ဆက်လက်၍လည်း အဆင်ချောနေဆဲ ဖြစ်သည်။
တရုတ်တို့၏ အောင်မြင်မှုသည် အကြောင်းရင်းများစွာပေါ်၌ မူတည်နေသည်။ ထိုအထဲတွင် စီးပွားရေးကို အကြီးအကျယ် ချဲ့ထွင်နိုင်အောင် အထောက်အကူပြုသည့် ပြည်တွင်းစျေးကွက်၊ အခြေခံ အဆောက်အဦများတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှုများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန် မြင့်တက်လာမှု၊ တိုးတက်လာသော မြို့ပြဖော်ဆောင်မှု၊ ပြည်တွင်းဈေးကွက် အကြိတ်အနယ် ပြိုင်ဆိုင်မှု၊ သုတေသနနှင့် ဖွံ့ဖြိုးရေးတွင် အစိုးရ၏ အမြောက်အမြား ရင်းနှီးမြှုပ်နှံမှုများ အစရှိသဖြင့် ပါဝင်သည်။
တရုတ်နိုင်ငံတော်သည် မဟာဗျူဟာမြောက် ရည်မှန်းချက်များအပေါ် အထူးအာရုံစိုက်ထားခဲ့သည်။ အထူးသဖြင့် စစ်တပ် တည်ဆောက်ရေးနှင့် ခေတ်မီစေရေး၊ ပြန်ပြည့်မြဲစွမ်းအင်နှင့် အေအိုင်ကဲ့သို့သော နည်းပညာများတွင် တစ်ကမ္ဘာလုံးကို စိုးမိုးရေးပြိုင်ပွဲ၌ အနိုင်ရရှိရေးတို့ ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ရေရှည်စီမံကိန်း ရေးဆွဲရာတွင် ကျွမ်းကျင်မှုနှင့် ထိပ်ဆုံးတွင်ဗိုလ်စွဲနိုင်ရေး သန္နိဋ္ဌာန်တို့က အံ့မခန်း အောင်မြင်သော ပူးတွဲစနစ်တစ်ခု ဖန်တီးပေးခဲ့သည်ကို မည်သူမျှ ငြင်းပယ်နိုင်မည် မဟုတ်ပေ။
ကမ္ဘာ့ပထမနေရာအတွက် တရုတ်၏ စိန်ခေါ်မှုကို အမေရိကန်တို့အနေဖြင့် ဆိုဗီယက်ပြည်ထောင်စုကို ဟန့်တားခဲ့သကဲ့သို့ ဟန့်တားနိုင်ဦးမည်လား ဟူသည်ကတော့ စောင့်ကြည့်ရမည်ဖြစ်သည်။ အဖြေသည် အမေရိကန်တို့ ကိုယ်တိုင် အတောင်အလက်စုံလင်အောင် ဖန်တီးခဲ့သော ဒီမိုကရက်တစ် အရင်းရှင်စနစ် မော်ဒယ်မှ ဆက်လက်သွေဖည်နေဦးမည်လား ဆိုသည်အပေါ် တစ်စိတ်တစ်ပိုင်း မူတည်ပါလိမ့်မည်။ လောလောလတ်လတ် မြင်နေရသော ပုဂ္ဂလိက နည်းပညာသူဌေးကြီးများ၏ အာဏာရှင်ဆန်သော အနည်းစုစိုးမိုးမှုနှင့် ခရိုနီဝါဒဘက်သို့ ယိုင်နဲ့သွားမှုသည် တရုတ်ကွန်မြူနစ်ပါတီအတွက် လက်ဆောင်တစ်ခုပင် ဖြစ်သည်။
ဤအဖြေသည် ထိုင်ဝမ်နှင့် ပတ်သက်၍ အကြမ်းနည်း သုံးလာအောင် သွေးဆောင်မှုကို တရုတ်ခေါင်းဆောင်ပိုင်းက တားဆီးနိုင်စွမ်း ရှိ၊မရှိ အပေါ်လည်း တစ်စိတ်တစ်ပိုင်း မူတည်ပါလိမ့်မည်။ တရုတ်တို့ အနေဖြင့် လက်ရှိအောင်မြင်နေသော ကိုယ်ပိုင်မော်ဒယ်ကိုသာ ဆက်လက်စွဲကိုင်ထားပါက ဘေကျင်း၏ ရည်မှန်းချက် အများစုကို ငြိမ်းချမ်းသော နည်းလမ်းများဖြင့် စွမ်းဆောင်နိုင်မည် ဖြစ်သည်။
သို့သော် ဘေကျင်းအနေဖြင့် သမိုင်းသည် တရုတ်ကွန်မြူနစ်ပါတီ နားလည်ထားသော နိယာမများအတိုင်း ဖြစ်ပျက်နေသည်ဟူသော ယုံမှားမှုကိုတော့ ရှောင်ရှားရမည်ဖြစ်သည်။ ထင်မှတ်မထားသော အရေးပေါ်ကိစ္စရပ်များနှင့် ညံ့ဖျင်းသော ဆုံးဖြတ်ချက်များသည် အမြဲတမ်း ဖြစ်ပွားနိုင်သလို ထိုအတွက် ပေးဆပ်ရမှုများမှာလည်း အလွန်ကြီးမားနိုင်သည်။ ဗလာဒီမာပူတင်နှင့် ဒေါ်နယ်ထရမ့်တို့ကိုသာ စောကြောကြည့်လိုက်ပါ။
ရည်ညွှန်း – Who will sit atop the next world order? by Joschka Fischer, PROJECT SYNDICATE
ဆောင်းပါးရှင် ဂျော့ရှကာဖစ်ရှာသည် ဂျာမနီနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ်အဖြစ် ၁၉၉၈ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သလို ဂျာမန်ဂရင်းပါတီကိုလည်း နှစ်ပေါင်း ၂၀ နီးပါး ဦးဆောင်ခဲ့သူ ဖြစ်သည်။
ရာဗီချန်ဒရာကူးမား – ဘာသာပြန်သည်။







