ဇွန်လနှောင်းပိုင်းကတည်းက စဖတ်ပြီး မပြီးနိုင်မပြတ်နိုင်ဖြစ်နေသော Yuval ၏ ထူထူထဲထဲ ဆေပီယန်စ် (Sapiens) စာအုပ်သည် ဩဂုတ်လအစတွင်မှပြီးသည်။ ထိုစာအုပ်ကို ညီနောင်(Humber) က ဘာသာပြန်ဆိုပါသည်။ ၎င်းအပြီး နောက်တစ်အုပ်အနေဖြင့် ခင်ခင်ထူး၏ “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ဖတ်ကာ ကိုကျီးညိုနှင့် မခင်နှောင်းတို့ နှစ်ဦးသားဘဝအတွက် မျက်ရည်စို့ရသည်။
Yuval ၏ ဆေပီယန်စ်မတိုင်မီက Jared Diamond ၏ “သေနတ်များ ရောဂါပိုးများနှင့် သံမဏိ – လူ့အဖွဲ့အစည်းတို့၏ ကံကြမ္မာများ” ကို ဖတ်ဖြစ်သည်။ ထိုစာအုပ်ကိုလည်း ညီနောင်(Humber) ကပဲ ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ ထိုနှစ်အုပ် Sapiens နှင့် Guns, Germs & Steel တို့မှ လူသားမျိုးနွယ်၏ သိမှုဆိုင်ရာတိုးတက်ပြောင်းလဲမှုများ၊ ကိုးကွယ်ယုံကြည်မှုများကို ဖတ်မှတ်ခဲ့ရပြီး ခင်ခင်ထူး၏ ကိုကြီးကျော်နတ် ကိုးကွယ်မှုကို ကျောရိုးပြုထားသော ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ် ဝတ္ထုကိုဖတ်ရတော့မှ လူသားတို့၏ ယုံကြည်သက်ဝင်မှု အင်အားကို ပို၍အလေးအနက်ထား တွေးစိတ်ဝင်မိသည်။ ကိုကြီးကျော်နတ်ကိုးကွယ်မှုသည် ကျနော်နှင့် သိပ်မစိမ်းလှသော်လည်း သည်လောက်ပင် အရိုးခိုက်အောင် ယုံကြည်ကိုးကွယ်သူများ ရှိပါလားဟူ၍ကတော့ သည်စာအုပ်ဖတ်မှ သိကာ အံ့ဩရသည်။
သည်နောက် မောင်လေးတင့်၏ “ထားဝယ်မှတ်စု (အေဒီ ၇၅၀-၁၉၄၈)” ကို ဖတ်သည်။ လေ့လာသင်ယူစရာများပါဘိ။ ထားဝယ်နှင့်ပတ်သက်၍ ကျွန်တော်သိနေမြင်နေ ကြားနေရသမျှ မြင်ကွင်းအပေါင်းကား သိပ်သေးနုပ်သိမ်ငယ်သေးသည်ဟု ကိုယ့်ကိုယ်ကို ကောက်ချက်ချမိသည်။
မကြာသေးမီက ထားဝယ်စကားပြော အသံထွက်ကိုအခြေခံပြီး စကားလုံးအရေးအသားဖြင့် ထုတ်ဝေသော “ခေရာ” အွန်လိုင်းစာစောင်ထွက်တော့ ထားဝယ်တွေမှာ စာပေ ရှိ၊ မရှိကစလို့ ထားဝယ်စာပေအကြောင်း ငြင်းကြခုန်ကြ ဝေဖန်ထောက်ပြနေကြသည်ကို တွေ့ရသည်။ အချို့သူများကလည်း သဒ္ဒါစည်းစနစ်မရှိဘဲ ထိုကဲ့သို့ရေးသားခြင်းမျိုးကို လက်မခံနိုင်ဖြစ်နေသည်ကို တွေ့ရသည်။ ထိုမြင်ကွင်းကို ဖော်ပြခဲ့ပါ Jared Diamond ၏ Guns, Germs & Steel စာအုပ်ပါ “စိတ်ကူး၊ ပုံဖော်၊ ကူးယူကြသော သင်္ကေတများနဲ့ အက္ခရာများ” ဟူသော အခန်းနှင့် မောင်လေးတင့်၏ ထားဝယ်မှတ်စု၊ ခေရာစာစောင်တို့ကို ဖတ်ရတော့ ဆက်စပ်တွေးတောစရာများ မဆုံးနိုင်ဖြစ်ရသည်။
ကျွန်တော့်မိတ်ဆွေတစ်ဦးကတော့ဖြင့် ကျွန်တော့်ကို သည်လိုဆိုခဲ့ဖူးပါသည်။ “ထားဝယ်တွေမှာက စာပေဟာ မရှိလို့ မရေးတာလား၊ မရေးလို့ မရှိတာလား။ ကျနော်ကတော့ ဒုတိယတစ်ခုကိုရွေးတယ်။ ထားဝယ်တွေမှာ ဟိုးအရင်ကတည်းက စာပေဆိုတာမရှိခဲ့ဘူးဆိုတာနဲ့ ဘယ်တော့မှ မရှိရတော့ဘူးတဲ့လား။ မရှိရင် ဖန်တီးရတာသာပဲ။ ဒီလိုရေးရင်း ဖန်တီးရင်းနဲ့မှ စာပေတစ်ခုဟာ မွေးဖွားလာမှာပေါ့” ဟုဆိုပါ၏။
Jared Diamond ကတော့ သူ၏ Gun, Germs & Steel စာအုပ်တွင် သည်လိုဆိုပါသည်။ “ကမ္ဘာပေါ်မှာ အမှီအခိုကင်းရှင်းစွာနဲ့ပေါ်ထွန်းခဲ့တယ်လို့ အသေအချာပြောဆိုနိုင်တဲ့ စာရေးစနစ် ၂ ခုပဲ ရှိပါတယ်။ ဘီစီ ၃,၀၀၀ မတိုင်ခင် ဆူမာရီးယားနဲ့ ဘီစီ ၆,၀၀၀ မတိုင်ခင် မက္ကဆီကိုဒေသတွေမှာ ဖြစ်ပါတယ်။ ဘီစီ ၃,၀၀၀ လောက်က အီဂျစ်တို့ရဲ့ စာရေးနည်းစနစ်နဲ့ ဘီစီ ၁,၃၀၀ လောက်က တရုတ်တို့ရဲ့ စာရေးနည်းစနစ်ဟာလည်း အမှီအခိုကင်းရှင်းစွာနဲ့ ပေါ်ထွန်းခဲ့ပုံရပေမယ့် ကျန်တဲ့ စာရေးနည်းစနစ်တွေကတော့ အရပ်ဒေသတစ်ခုမှာရှိနှင့်ပြီးသား စနစ်တစ်မျိုးမျိုးကို ငှားယူ၊ ဆင့်ပွား၊ ပြောင်းလဲ ဒါမှမဟုတ် မှီငြမ်းပြီး ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။” တဲ့။
Charles Darwin, Wallace တို့၏ ဆင့်ကဲပြောင်းလဲခြင်းသီအိုရီများနှင့် Yuval ၏ တင်ပြချက်များအရဆိုလျှင် စာပေမှမဟုတ်ပါ၊ ဇီဝဗေဒအရ လူဝံမျိုးနွယ်စုဝင်ဖြစ်သော ဟိုမိုဆေပီယန်စ် လူသားတို့၏ ယဥ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများ၊ ကိုးကွယ်ယုံကြည်မှုများ၊ အယူဝါဒများ၊ ဥပဒေများ၊ စည်းမျဥ်းစည်းကမ်းများ၊ ကော်ပိုရေးရှင်းကြီးများနှင့် နိုင်ငံတော်၊ လူမျိုး၊ ငွေကြေး၊ မျိုးဇာတ်အနိမ့်အမြင့် အစသဖြင့် အရာအားလုံးသည် မရှိသည်ကိုအရှိ၊ မဟုတ်သည်ကိုအဟုတ် ဖန်တီးထားပြီး အားလုံးကလည်း ထိုဖန်တီးချက်များကို ရည်ရွယ်ချက်ရှိရှိ သဘောတူ လက်ခံထားသည်ချည်းသာ။
သက်ရှိမျိုးစိတ် သန်းပေါင်းများစွာထဲတွင် သည်လိုမျိုး ဒြပ်မဲ့အဆောက်အအုံကြီးများကို ဖန်တီးတည်ဆောက်တတ်သောကြောင့်ပင် ယခင်ကအစာကွင်းဆက်ထဲတွင် သိပ်မထူးခြားလှသည့် သာမညောင်ည လူသားများသည် ယခုအခါ ကမ္ဘာမြေ၏ အရှင်သခင်များဖြစ်လာပြီး ဂေဟစနစ်တစ်ခုလုံးကို ခြိမ်းခြောက်လာနိုင်သည်။ ထိုသို့ ဖန်တီးတတ်သည်ကပင် အစာကွင်းဆက်၏ ရာဇပုလ္လင်ပေါ်တွင် မိန့်မိန့်ကြီးထိုင်နေနိုင်သော လူသားမျိုးနွယ် ဟိုမိုဆေပီယန်စ်တို့၏ ထူးခြားချက်ဖြစ်သည်ဟု Yuval က ဆိုပါသည်။
သည်လိုတွေးရင်းနှင့် ကျွန်တော့်စိတ်များက ထားဝယ်၏ မိုးစက်မှုန်များအကြား၊ ပင်လယ်လှိုင်းလေတို့အကြား ပြန်လည်လွင့်မျောသွားသည်။ လူသားတို့၏ ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားဆိုသည်မှာ ရှေးဦးကတည်းက ပြီးပြည့်စုံစွာ ရှိနှင့်ခဲ့ကြသည်မဟုတ်။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ယုံကြည်မှု၊ အမှတ်သညာနှင့် မမောနိုင်မပန်းနိုင်အောင် ရေးသားလက်ဆင့်ကမ်းခဲ့ကြသော ကျွန်တော်တို့ ဘိုးဘေးမျိုးဆက်များ၏ လက်ရာများကြောင့်သာ တဖြည်းဖြည်းချင်း ပေါ်ပေါက်လာခဲ့ကြခြင်းဖြစ်သည်။
စကားလုံး၊ ဝါကျဖွဲ့စည်းပုံ စည်းစနစ်ဖြစ်သော သဒ္ဒါကြောင့် စာပေရေးသားမှု ရှိလာခြင်းမဟုတ်ဘဲ၊ စာပေရေးသားမှုရှိသောကြောင့်ပင် သဒ္ဒါဟူသည် ရှိလာရပါသည်။ ဆိုလိုသည်မှာ စာပေကို သဒ္ဒါက မွေးဖွားပေးသည်မဟုတ်။ စာပေနှင့် ဘာသာစကားတို့ ရှင်သန်ကြီးထွားလာသည်နှင့်အမျှ သဒ္ဒါဆိုသည်မှာလည်း ထိုဖြစ်စဉ်ကို ဖော်ထုတ်ရှင်းလင်းရန်၊ ရှုပ်ထွေးမှုမဖြစ်စေရန် လိုအပ်ချက်အရ ဖန်တီးပေါ်ထွန်းလာရခြင်း ဖြစ်ပါသည်။
ထားဝယ်စာပေလည်း ထိုသို့ပင် ဖြစ်မည်ထင်သည်။ ထားဝယ်စာပေ ရှိသည်၊ မရှိသည် အပထား။ ထိုကဲ့သို့ အငြင်းပွားနေခြင်းထက် “ဘယ်လိုဖြစ်လာမလဲ” ဟူသော မေးခွန်းက ပို၍အရေးကြီးသည်။ ထားဝယ်စာပေသည် ယခုမှ စတင်ပြုစုစမ်းသပ်စ အချိန်ဖြစ်၍ သဒ္ဒါစည်းမျဉ်း တင်းကျပ်မှုထက် မှတ်တမ်းတင် ရေးသားမှုက အရင်လိုအပ်သည်ဟု တွေးမိသည်။
အကြောင်းမှာ ရေးသားထားသော မှတ်တမ်းများရှိမှသာ ထိုဘာသာစကား၏ အသုံးအနှုန်း၊ ဝါကျဖွဲ့စည်းပုံနှင့် သဒ္ဒါစည်းမျဉ်းတို့ကို နောက်ပိုင်းတွင် လေ့လာဖော်ထုတ်နိုင်မည်ဖြစ်သောကြောင့်ပင်။ မှတ်တမ်းမရှိသော ဘာသာစကားသည် သုတေသနပြုရန် အကိုးအကားမရှိသကဲ့သို့၊ သဒ္ဒါစည်းစနစ်များ တည်ဆောက်ရန်လည်း ခက်လိမ့်မည်၊ အကိုးအကားမရှိ ဖြစ်လိမ့်မည်ဟု တွေးမိသည်။ ယခုအသံထွက်ကို အခြေခံရေးသားနေမှုသည် နောင်တစ်ချိန်တွင် စာပေတစ်ခု သဒ္ဒါနည်းကျကျ စည်းစနစ်ကျစွာ ပေါ်ထွက်လာနိုင်ရန် အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်လိမ့်မည်ဟု ယုံကြည်မိသည်။
ဥပမာ လွန်ခဲ့သော နှစ်ပေါင်း ၉၀ ကျော် ၁၉၃၂ ခုနှစ်က ဆရာကြီးဦးဖေမောင်တင်သည် “ထားဝယ်ဒေသန္တရစကား” ဟူသောစာတမ်းကိုကို ရေးသားပြုစု၍ မြန်မာနိုင်ငံ သုတေသနအသင်းတွင် တင်သွင်းခဲ့ဖူးပါသည်။ ထိုကျေးဇူးကြောင့်ပင် ယနေ့ချိန်ခါတွင် ကျနော်တို့သည် ထားဝယ်စကားနှင့် ဗမာစကား၊ ယော၊ ရခိုင်၊ အင်းသား စသည့် ဘာသာစကားတို့အကြား ကွဲပြားမှုများကို နှိုင်းယှဉ်လေ့လာခွင့် ရနေကြသည် မဟုတ်ပါလား။ ဘာသာဗေဒပညာရှင်များ၊ သဒ္ဒဗေဒပညာရှင်များနှင့် သမိုင်းပညာရှင်များအတွက် လေ့လာစံပြုစရာ အကိုးအကားများ အမွေခံရသည် မဟုတ်ပါလား။
ဘာမှမရှိခြင်းထက်စာလျှင်တော့ အသံထွက်ကိုအခြေခံကာ ရေးသားမှတ်တမ်းတင်ခြင်းသည် ကောင်းမွန်သောအရွေ့တစ်ခုပင် ဖြစ်ပါသည်။ ဤသည်နှင့် Jared Diamond တို့၏ တင်ပြချက်တို့ကို နှိုင်းယှဉ်ထောက်ရှုခြင်းဖြင့် ထားဝယ်စကားလုံးများကို အသံထွက်အခြေခံ၍ ရေးသားရာတွင် မြန်မာအက္ခရာ၊ ဗျည်း၊ သရများကို အခြေခံ၍ ငှားယူ၊ ပြုပြင်သုံးစွဲခြင်းသည် မကောင်းသော၊ နိမ့်ကျသော ကိစ္စရပ်မဟုတ်ဘဲ ကမ္ဘာ့စာပေသမိုင်း၏ သဘာဝကျသော ဖြစ်စဉ်တစ်ခုပင်ဖြစ်သည်မှာ ပေါ်လွင်ထင်ရှားပါသည်။
သို့သော် စာပေတစ်ခု ရှင်သန်အရှည်တည်တံ့လိုလျှင် ရေးသားမှု၊ ဖန်တီးမှု၊ ဝါကျဖွဲ့စည်း တည်ဆောက်ပုံနှင့် စည်းစနစ် စသည့် သဒ္ဒဗေဒတို့သည်လည်း အတူတကွ ကြီးထွားလာဖို့ လိုအပ်မည်ဟု တွေးထင်မိသည်။
အဘယ်ကြောင့်ဆိုသော် စာပေဟူသည် ပြတိုက်ထဲက အသက်မဲ့ ရှေးဟောင်းပစ္စည်းမဟုတ်။ ယခုလက်ရှိအချိန်ထိ လူအဖွဲ့အစည်းများထဲတွင် ရေးသားအသုံးပြုနေရသော ဆက်လက်ရှင်သန်နေသည့် အသက်ရှိတစ်မျိုး ဖြစ်ပါသည်။ ထို့ကြောင့် သဒ္ဒါစည်းစနစ်၊ ရေးသားမှု၊ ဖတ်ရှုမှု၊ ပုံနှိပ်မှတ်တမ်းတင်မှုတို့ မရှိလျှင် စာပေတစ်ခုကို အသက်သွင်းမှုမရှိခြင်းနှင့် တူပါသည်။ ကွယ်ပျောက်ရန်၊ ဖျောက်ဖျက်ခံရရန် အလွန်လွယ်ကူနေလိမ့်မည် ထင်မိသည်။
တစ်နေ့နေ့တွင် ကျွန်တော်တို့သမိုင်းကို သမင်လည်ပြန် လှည့်ကြည့်မိသောအခါ ယနေ့ရေးလိုက်သော စာတစ်ကြောင်း၊ သိမ်းထားလိုက်သော စကားတစ်လုံး၊ မှတ်တမ်းတင်လိုက်သော အရေးအသားတစ်ခုကပင် “အဲဒီအချိန်တုန်းက ဒီနေရာမှာ စာပေတစ်ခု စတင်ပေါက်ဖွားခဲ့ဖူးတယ်” ဟု သက်သေခံနေလိမ့်မည်။
လူသားတို့သည် သမိုင်းကို အမွေဆက်ခံရုံသာမဟုတ် သမိုင်းကိုလည်း ရေးသားတည်ဆောက်တတ်သော သက်ရှိမျိုးစိတ်ဖြစ်သည်။ ကျွန်တော်တို့သည်လည်း စကားသာရှိပြီး စာပေမရှိသော သမိုင်းအမွေကိုသာ ဆက်ခံရန် တာဝန်ရှိသည်မဟုတ်ဘဲ သမိုင်းအသစ်များကိုလည်း ဖန်တီးရေးသားရန် တာဝန်ရှိနေပါသည်။
ထားဝယ်စာပေ၏ နောက်ထပ်စာမျက်နှာများကိုလည်း ယနေ့ခေတ်မျိုးဆက်များဖြစ်သော ကျွန်တော်တို့ကိုယ်တိုင်ပင် ဆက်လက်ရေးသားကြရအုံးမည်။ သဒ္ဒဗေဒအရ စည်းစနစ်ကျမှုရှိလာအောင် ဉာဏ်စွမ်းသမျှ အားထုတ်ကြရအုံးမည်။ ထိုသို့နှင့်ပင် နောက်မျိုးဆက်များဆီ လက်ဆင့်ကမ်းခဲ့ရအုံးမည့်တာဝန် ယနေ့ခေတ်မျိုးဆက်များ ပုခုံးပေါ်တွင် ရှိနေသည်မဟုတ်ပါလော။
ယောနသံ







