ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အရပ်သားတွေအတွက် ဒုက္ခအိုးဖြစ်လာတဲ့ ထားဝယ် SEZ

July 21, 2026

လုပ်ငန်းတွေ နှစ်များစွာရပ်နားနေခဲ့တဲ့ ထားဝယ်အထူးစီးပွားရေးဇုန် (Dawei SEZ) စီမံကိန်းဧရိယာက အခုဆိုရင် စစ်အာဏာရှင်တပ်ရဲ့ အင်အား ထောင်ဂဏန်းနဲ့ စစ်ကြောင်းရက်ရှည်ထိုးတာကြောင့် လှုပ်လှုပ်ရွရွ ပြန်ဖြစ်လာပါတယ်။

စစ်အုပ်စုက ရုရှားနဲ့ ပူးပေါင်းအကောင်အထည်ဖော်မယ်ဆိုပေမယ့် မရေရာတဲ့ အခြေအနေမှာ ရှိနေဆဲမှာပဲ စစ်အုပ်စုက စစ်ကြောင်းထိုးလာတာပါ။

ဒါကြောင့်လည်း စီမံကိန်းဇုန်ထဲရှိ ကျေးရွာတွေက ဒေသခံထောင်ပေါင်းများစွာက ဝရုန်းသုန်းကားဖြစ်နေပြီး ဒုက္ခပင်လယ် ဝေနေရပါတယ်။

သူတို့က အိုးအိမ်စွန့်ခွာထွက်ပြေးနေရသလို နေအိမ်မီးရှို့ခံရတာ၊ အိမ်တွေကိုဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေ ယူဆောင် ခံရတာ၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတာ၊ သတ်ဖြတ်ခံရတာတွေနဲ့ လောကငရဲ ကျရောက်ခဲ့ကြပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်ရဲ့ ပထဝီဝင်

ထားဝယ်အထူးစီးပွားရေးဇုန်ဟာ ရေဖြူမြို့နယ် နဘုလယ်တိုက်နယ်အတွင်း အဓိကတည်ရှိပါတယ်။ စီမံကိန်း အရှေ့ဘက်မှာ ရေး-ထားဝယ်ပြည်ထောင်စုလမ်းမ၊ အနောက်ဘက်မှာ ကပ္ပလီပင်လယ်ရှိပြီး ထိုင်းနယ်စပ်နဲ့ ၁၃၂ ကီလိုမီတာလောက် ဝေးကွာပါတယ်။

မြောက်ဘက်မှာ ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းတွေအခြေစိုက်ထားတဲ့ ကံပေါက်ဒေသနဲ့ တောင်ဘက်မှာ လောင်းလုံး မြို့နယ်တို့ တည်ရှိပြီး နာမည်ကြီး မောင်းမကန်ကမ်းခြေနဲ့ တစ်ဆက်တစပ်တည်း တည်ရှိနေပါတယ်။

ဒီစီမံကိန်းကို ၂၀၀၈ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ အီတလျံ-ထိုင်းနဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ လက်မှတ်ထိုးပြီး စတင် အကောင်အထည်ဖော်ခဲ့တာပါ။

Dawei SEZ ဟာ မြေဧက ငါးသောင်းကျော် (စတုရန်းကီလိုမီတာ ၂၀၀ ခန့်) မှာ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ လမ်းပန်း ဆက်သွယ်ရေးနဲ့ စွမ်းအင်အခြေခံ အဆောက်အအုံတွေ တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ အကြီးစားစီမံကိန်း ဖြစ်ပါတယ်။

ကနဦးမှာ ထိုင်းစီးပွားရေးကုမ္ပဏီနဲ့ စလုပ်ခဲ့ပေမယ့် ကုမ္ပဏီဘက်က ငွေကြေးအခက်အခဲတွေကြောင့် ဆက်မလုပ်နိုင်တော့လို့ အာဏာမသိမ်းခင်လေးမှာပဲ လုပ်ငန်းရပ်သွားတယ်။ နောက်ပိုင်းမှာ ထိုင်း၊ ဂျပန်၊ မြန်မာ သုံးနိုင်ငံ အစိုးရ အကောင်အထည်ဖော်ဖို့ လက်မှတ်ထိုးပြန်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ငွေကြေး၊ ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံရေးနဲ့ လုံခြုံရေး အခြေအနေတွေ ကြောင့် စီမံကိန်းဟာ ဆက်မလုပ်ဖြစ်ပါဘူး။

မကြာသေးခင်က စစ်အုပ်စုနဲ့ ရုရှားတို့ဟာ Dawei SEZ နဲ့ ဆက်စပ်တဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် တချို့ကို MoU လက်မှတ်ရေးထိုးခဲ့ပါတယ်။

အထူးစီးပွားရေးဇုန်ကို နှစ်နိုင်ငံ အကောင်အထည်ဖော်မယ့် စာချုပ်တွေနဲ့ ကျောက်မီးသွေး စက်ရုံတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားထုတ်မယ့်စီမံကိန်းတွေ ပါဝင်ပါတယ်။

ထိုင်းနဲ့ ကုန်သွယ်ရေးလမ်းဖောက်ထားသလို ပင်လယ်ပြင်ထွက်ပေါက်လည်းရှိတာကြောင့် ထားဝယ် SEZ စီမံကိန်းဒေသက စစ်အုပ်စုအတွက် စီးပွားရေးအရရော၊ စစ်ရေးအရာပါ ဗျူဟာမြောက်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ ဝိုင်းပတ်ပိတ်ဆို့ရေး ဗျူဟာ

အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးတပ်တွေနဲ့ စစ်အာဏာရှင်တပ်တို့က ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာကို ဘတစ်ပြန် ကျားတစ်ပြန် ထိန်းချုပ်ထားကြတာပါ။

စီမံကိန်းဧရိယာထဲ စစ်အာဏာရှင်တပ်စခန်း လေးခုထက်မနည်းအခြေစိုက်ထားပြီး နယ်မြေရှင်းလင်းရေးအသွင်နဲ့ ယာယီစစ်ကြောင်းထိုးပြီး ပြန်ဆုတ်သွားလေ့ရှိပါတယ်။

တော်လှန်ရေးတပ်တွေကလည်း စစ်အာဏာရှင်တပ်စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်လေ့ရှိပါတယ်။

ဒါပေမဲ့ စစ်အာဏာရှင်တပ်ရဲ့ ဒုတပ်ချုပ်ဗိုလ်ချုပ်ကြီးကျော်စွာလင်းရဲ့ တနင်္သာရီတိုင်းခရီးစဉ်ပြီးချိန်မှာတော့ ထားဝယ်အထူးစီးပွားရေးဇုန်က စစ်မီးပိုပူလာပါတယ်။

ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ထားဝယ်ရေနက်ဆိပ်ကမ်းလို ဗျူဟာကျတဲ့စီမံကိန်းနဲ့ ပြည်ထောင်စုလမ်း တစ်လျှောက်ရှိ တော်လှန်ရေးတပ်တွေကို အပြတ်ရှင်း ချေမှုန်းမယ်လို့ ဇွန်လ ၂၄ ရက်က ကြိမ်းဝါးခဲ့တာပါ။

ဒီလိုပြောဆိုပြီးနောက်မှာတော့ စစ်အုပ်စုက အင်အားထောင်ဂဏန်းသုံးပြီး ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာကို ဝိုင်းပတ်ပိတ်ဆို့ ချေမှုန်းမယ့်အကြံကို စပြီးအကောင်အထည်ဖော်လာပါတယ်။

ဇူလိုင်လ ၉ ရက်မှာ စစ်အာဏာရှင်တပ်က ရေဖြူမြို့နယ်ဘက်ကနေ အထူးစီးပွားရေးဇုန်ထဲ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး စတင် ဝင်ရောက်လာပါတယ်။

အင်အား ၇၀၀ ဝန်းကျင်ပါ စစ်ကြောင်းတစ်ကြောင်းက ရှမ်းလမ်းလို့ခေါ်တဲ့ ထိုင်းကို ဖောက်ထားတဲ့ လမ်းပေါ်ရှိ ကင်းတံတားဘက်ကနေ စစ်ကြောင်းထိုးလာသလို အင်အား ၂၄၀ ဝန်းကျင်ပါ စစ်ကြောင်းတစ်ကြောင်းက ဥဿရံ ကျေးရွာဘက်ကနေ ဝင်ရောက်လာတာပါ။

ကင်းတံတားက ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ထိုင်းနယ်စပ်ကို ဆက်သွယ်ထားတဲ့လမ်းပေါ်မှာတည်ရှိပြီး ထားဝယ်မြစ်ကူးတံတားဖြစ်ကာ နဘုလယ်တိုက်နယ်နဲ့ မျဉ်းဖြောင့်တိုင်းရင် ၇ မိုင်ဝန်းကျင် ကွာဝေးပါတယ်။

ဥဿရံကျေးရွာက ကင်းတံတားရဲ့ မြောက်ဘက်မှာရှိပြီး မျဉ်းဖြောင့်တိုင်းရင် ၅ မိုင်လောက်အကွာ ထားဝယ်မြစ်ဘေး (မြစ်ဖျားပိုင်း) မှာ တည်ရှိတာပါ။

အဲဒီစစ်ကြောင်းနှစ်ကြောင်းအပြင် စီမံကိန်းဧရိယာအတွင်း အရင်ကတည်းကရှိနေတဲ့ စစ်အာဏာရှင်တပ်သား ၇၀ ဝန်းကျင်ပါ စစ်ကြောင်းကတော့ စီမံကိန်းဧရိယာထဲ လှည့်ပတ်စစ်ကြောင်းထိုးနေပါတယ်။

ဇူလိုင်လ ၁၉ ရက်ဝန်းကျင်မှာတော့ ရေလမ်းက စစ်ကူထပ်လာတဲ့ စစ်ကြောင်းတစ်ကြောင်း ရောက်လာပြီး အင်အား ထပ်ဖြည့်လာပြန်ပါတယ်။

ဒါကြောင့်မို့ ဧကငါးသောင်းကျော်ကျယ်တဲ့ ထားဝယ်စီမံကိန်းဧရိယာထဲ စစ်အာဏာရှင်တပ်သား ထောင်ဂဏန်းအထိ ရှိနေ ပါတယ်။ အာဏာသိမ်းကာလမှာ စီမံကိန်းဧရိယာထဲကို စစ်အင်အား အများဆုံး ဝင်ရောက်လာတဲ့ အခြေအနေဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်အာဏာရှင်တပ်စစ်ကြောင်းတချို့က ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာရဲ့ ဝင်ပေါက်ထွက်ပေါက် တွေကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး အခြားစစ်ကြောင်းတချို့က စီမံကိန်းဧရိယာထဲ လှည့်ပတ်နေပါတယ်။

မဟာဗျူဟာပစ်မှတ်ထဲက အရပ်သားတွေ

အင်အားထောင်ဂဏန်းအထိသုံးပြီး စစ်ကြောင်းထိုးလာတဲ့ စစ်အာဏာရှင်တပ်ဟာ လမ်းမှာတွေ့တဲ့ အရပ်သားတွေကို ဖမ်းဆီးပြီး လူသားဒိုင်းလုပ်တာ၊ ဖမ်းဆီးပြီး သတ်ဖြတ်တာ၊ နေအိမ်တွေကို ဖောက်ထွင်းတာနဲ့ မီးရှို့ဖျက်ဆီးတာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၉ ရက်ကစပြီး ဖုန်းလိုင်းတွေ ဆက်သွယ်ရခက်ခဲနေပြီး အင်တာနက်လိုင်းတွေလည်း နှေးကွေးတာ၊ ပြတ်တောက်တာတွေ ဖြစ်နေပါတယ်။

ဇူလိုင်လ ၉ ရက်မှာ ဝင်လာတဲ့ အင်အား ၇၀၀ လောက်ပါတဲ့စစ်ကြောင်းဟာ လမ်းတစ်လျှောက်တွေ့ရတဲ့ ခရီးသည်တင်ကား ခြောက်စီးက ယာဉ်မောင်းတွေနဲ့ ခရီးသည်အမျိုးသားတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဒီလို အဖမ်းခံရတဲ့အထဲ လူသားချင်းစာနာထောက်ထားရေးနဲ့ အသိပညာပေးရေးလုပ်ငန်းတွေလုပ်နေတဲ့ အသက်၂၀ ဝန်းကျင်အရွယ် လူငယ်သုံးဦးလည်း ပါဝင်ခဲ့ပါတယ်။

“The Ants-Tanintharyi” အဖွဲ့ဝင် အဲဒီလူငယ်သုံးဦးအပါအဝင် ယာဉ်မောင်းခြောက်ဦးနဲ့ ခရီးသည်အမျိုးသားတချို့ ကို ဇူလိုင်လ ၁၀ရက် မွန်းလွဲပိုင်းအထိ စစ်အာဏာရှင်တပ် စစ်ကြောင်းနဲ့အတူ ခမောင်းချောင်းရွာမှာ ရှိနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုခဲ့ကြပါတယ်။

ဒါပေမဲ့ ဇူလိုင်လ ၂၀ ရက်မှာတော့ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ လူငယ်သုံးဦးနဲ့ အခြားဒေသခံတစ်ဦး ရဲ့ ရုပ်အလောင်းတွေကို စီမံကိန်းဧရိယာရှိ ဧကနိရွာနှင့် ဝဇွမ်းတောရွာကြား ဆီအုန်းတောထဲ ပြန်တွေ့ခဲ့ပါတယ်။

ဒါ့အပြင် အသတ်ခံရသူတွေ နောက်ထပ်ရှိနေနိုင်သေးတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်အာဏာရှင်တပ်က ကျေးရွာတွေရှိ နေအိမ်တွေကို ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေကို လည်း ခိုးယူသွားကြပါတယ်။

ဇူလိုင်လ ၁၀ရက်က ခမောင်းချောင်းရွာရှိ နေအိမ်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေကို ကားပေါ်တင်ကာ စီမံကိန်းဧရိယာရှိ သူတို့ရဲ့ စစ်စခန်းတွေဆီ သယ်ဆောင်သွားကြသလို စစ်ရှောင်တွေထားခဲ့တဲ့ ဆိုင်ကယ်တွေကိုလည်း စစ်အာဏာရှင်တပ်က သိမ်းဆည်း သွားပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ဝဇွမ်းတောရွာက နေအိမ်နှစ်ဆောင်ကိုလည်း စစ်အာဏာရှင်တပ်က ဇူလိုင်လ ၁၂ ရက် မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့ပြန်ပါတယ်။

ဒီလိုမျိုး မဟာဗျူဟာကျကျ နှိပ်ကွပ်ဖျက်ဆီးနေတဲ့ စစ်အာဏာရှင်တပ်ရဲ့ ရန်ကြောင့် စီမံကိန်းဧရိယာရှိ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ၀ဇွမ်းတော၊ ရငဲ၊ ကုန်းသာယာအင်း၊ ကညင်အင်းစတဲ့ ကျေးရွာ ခုနစ်ရွာက ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးနေရပါတယ်။

ထွက်ပြေးရတဲ့အချိန် ကြာလာတာနဲ့အမျှ နေထိုင်စားသောက် အခက်အခဲတွေ များစွာ ကြုံနေရတယ်လို့ စစ်ဘေးရှောင်ဒေသခံတွေက ပြောဆိုကြပါတယ်။

ရှို့ လု သတ်

ပြည်သူများကို သတ်ဖြတ်တာ၊ ပစ္စည်းဥစ္စာများကို လုယူတာ၊ အိမ်မီးရှို့တာတွေဟာ စစ်အာဏာရှင်တပ် လုပ်နေကျ ဗျူဟာလို့ ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အေဘီစီက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကလည်း အခုလိုပဲ အင်အားအမြောက်အမြားနဲ့ စစ်ကြောင်းထိုးခဲ့ဖူးပြီး အချိန်အားဖြင့် တစ်လနီးပါး ကြာခဲ့တယ်လို့ သူက ဆိုပါတယ်။

လက်ရှိ စစ်ကြောင်းထိုးနေတာကတော့ ရုရှားနဲ့သဘောတူထားတဲ့ စီမံကိန်းအကောင်အထည်ဖော်ဖို့အတွက် ဖြစ်နိုင်တယ်လို့ ရဲဘော်အေဘီစီက မှတ်ချက်ပြုပါတယ်။

ဒါပေမဲ့ အရင်တစ်ကြိမ်စစ်ကြောင်းထိုးခဲ့တာနဲ့ အခုစစ်ကြောင်းထိုးလာတာက ဗျူဟာပိုင်းအရ ပြောင်းလဲလာတာ မရှိဘူးလို့ ဆိုပါတယ်။

“အများကြီးတော့ မပြောင်းလဲပါဘူးဗျ။ သူတို့လက်ကိုင်ထားတဲ့အတိုင်းပဲ။ ရှို့၊ လု၊ သတ် အဲဒီအတိုင်းပဲ။ အိမ်တွေမီးရှို့မယ် ပြည်သူပိုင်ပစ္စည်းတွေလုမယ် ပြီးရင်သတ်မယ် အဲဒါပဲ” လို့ ရဲဘော်အေဘီစီက ပြောပါတယ်။

လက်ရှိမှာ စစ်အာဏာရှင်တပ် စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့ပစ်ခတ်မှု မရှိသေးပေမဲ့ အရပ်သား ပြည်သူတွေအပေါ် စစ်အာဏာရှင်တပ်က ကျူးလွန်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

ထားဝယ်ဒေသနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာနိုင်တဲ့ အဓိကကျတဲ့ စီမံကိန်းကြီးလို့ စစ်အုပ်စုက အသံကောင်းဟစ်နေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ဒေသခံတွေကတော့ အသက်ကိုဖက်နဲ့ထုပ်ပြီး ဘေးလွတ်ရာထွက်ပြေးနေရပါပြီ။

ပြည်သူတွေရဲ့ အသက်တွေ၊ ဘဝတွေကို စတေးပြီး အကောင်အထည်ဖော်မယ့် စီမံကိန်းကြီးက စစ်အုပ်စုအတွက် ပျားရည်အိုးကြီး ဖြစ်နေပေမယ့် ပြည်သူတွေအတွက်ကတော့ ဒုက္ခအိုးကြီးဖြစ်နေပါပြီ။