(၁)
ငယ်ဘဝဆီ ခဏလောက် စိတ်ကူးယဉ်ကြည့်ကြရအောင်။
စာမေးပွဲမှာပါမယ့် မေးခွန်းကို အတိုင်းသားသင်ပေးတတ်တဲ့ ဆရာ၊ဆရာမမျိုးနဲ့ ကြုံခဲ့ရဖူးသလား။
ကိုယ့်ကလေးတွေကို အဲဒီမေးခွန်းချသင်တတ်တဲ့ ဆရာ၊ဆရာမဆီပဲ အပ်နှံရမယ်လို့ ပြောရင် ဘယ်လို ဆန္ဒရှိမလဲ။
(၂)
ဒီနေ့အချိန်အထိ ဖြတ်သန်းခဲ့ရသမျှ သက်တမ်းတစ်လျှောက်မှာ ဆရာ၊ဆရာမ မျိုးစုံနဲ့ ကြုံဆုံခဲ့ရဖူးပါတယ်။ လောကရဲ့ နိယာမကို ငြင်းဆန်လို့ မရတော့ ကောင်းသောဆရာ၊ ဆရာမများလည်းကြုံခဲ့ရသလို ဆိုးသော ဆရာ၊ ဆရာမများနဲ့လည်း ဆုံခဲ့ဖူးတာပေါ့။ အဲဒီထဲကနေ ပြန်ကောက်ထုတ်ပြီး ပြောရမယ်ဆိုရင် စာမေးပွဲမှာပါမယ့် မေးခွန်းတွေကို ကလေးတွေဆီအတိုင်းသား ချသင်ပေးတတ်တဲ့ဆရာ၊ ဆရာမတွေအကြောင်း ပြောချင်ပါတယ်။
ဘယ်လိုဆရာ၊ဆရာမမျိုးတွေက ဒီလိုလုပ်ရပ်မျိုးကို လုပ်တတ်ကြသလဲ။ စဉ်းစားကြည့် ကြရအောင်ပါ။
ကိုယ်တွေ့ အတွေ့အကြုံတွေအပေါ်မူတည်ပြီး ခွဲခြားပြရရင်တော့ (က) ဘာသာရပ်မပိုင်နိုင်သော ဆရာ၊ ဆရာမများ (ခ) ဘာသာရပ်ပိုင်နိုင်သော်လည်း သင်ကြားနည်းမပိုင်နိုင်သော ဆရာ၊ ဆရာများ (ဂ) မိမိကိုယ်မိမိ ယုံကြည်မှုကင်းမဲ့နေသော ဆရာ၊ ဆရာမများ (ဃ) ကျောင်းသားများကို အထင်သေးသော ဆရာ၊ဆရာမများ (င) ခေတ်စနစ်ရဲ့ ဖိအားကို ကြောက်ရွံ့သော ဆရာ၊ဆရာမများဆိုပြီး အမျိုးအစားလေးမျိုးတွေ့ရပါတယ်။ တစ်ခုချင်းစီ ဆွေးနွေးကြည့်ရအောင်ပါ။
(က) ဘာသာရပ်မပိုင်နိုင်သော ဆရာ၊ဆရာမများ
ဒီအမျိုးအစားက တွေ့ရအတော့်ကိုများပါတယ်။ ဒါကလည်း နိုင်ငံရဲ့ အခြေအနေ၊ ပညာရေးဌာနရဲ့ စီမံခန့်ခွဲမှုအပိုင်း လိုအပ်ချက်လို့ဆိုရမှာပေါ့။ ဆရာ၊ဆရာမတစ်ယောက်ဟာ သူ အထူးပြုယူထားတဲ့ ဘာသာရပ်ကို သင်ကြားခွင့်ရခြင်းဟာ သင်ကြားတဲ့သူအတွက်ရော သင်ယူသူအတွက်ပါ အင်မတန်ကောင်းမွန်တဲ့အချက်ပါ။ ဒါပေမဲ့ ယူထားတဲ့ ဘွဲ့နဲ့ မကိုက်ညီတဲ့ ဘာသာရပ်ကို သင်ရခြင်းမျိုးက ဘယ်ခေတ်ကိုရောက်ရောက် ပြောင်းလဲမသွားတဲ့ ကျောင်းယဉ်ကျေးမှုတစ်ခုလို ကျွန်တော်တို့နိုင်ငံမှာ ဖြစ်ခဲ့ရပါတယ်၊ ဖြစ်နေရပါတယ်၊ ဖြစ်လတ္တံ့ပေါ့။
သင်္ချာအထူးပြုနဲ့ကျောင်းပြီးထားတဲ့ ဆရာမတစ်ယောက်က အင်္ဂလိပ်၊ ပထဝီ၊ သမိုင်း ဘာသာရပ်ကို သင်နေရတာမျိုးကို တွေ့ခဲ့ဖူးသလို ဆရာမက ဇီဝဗေဒနဲ့ ကျောင်းပြီးထားတယ်၊ သူ့ရဲ့အထက်တန်းကျောင်းသားဘဝ တောက်လျှောက်မှာလည်း ဇီဝဗေဒနဲ့ ထိတွေ့ခဲ့ရတယ်၊ ဒါပေမဲ့ လုပ်ငန်းခွင်ဝင်တော့ ဆရာလိုအပ်ချက်အရဆိုပြီး ဘောဂဗေဒကို သင်ကြားနေရာတာမျိုးကိုလည်း အံ့ဩဖွယ်တွေ့ခဲ့ရဖူးပါတယ်။ ဒီလိုအခြေအနေတွေကပဲ ဆရာ၊ ဆရာမတချို့ကို ဘာသာရပ်မပိုင်နိုင်တဲ့ ဆရာ၊ ဆရာမတွေအဖြစ်ကို တွန်းပို့လိုက်ကြတာပါပဲ။
တချို့ရှိပါသေးတယ်။ ကိုယ်အထူးပြုကျောင်းပြီးထားတဲ့ ဘာသာရပ်ဖြစ်ပေမယ့်လည်း အဲဒီဘာသာရပ်ကို မပိုင်နိုင်တဲ့ ဆရာမမျိုး။ ဒီလိုဆရာ၊ ဆရာမျိုးကတော့ ဘယ်ပယောဂ ကြောင့်မှ မဟုတ်ဘဲ ကိုယ်တိုင်ကြိုးစားအားထုတ်မှုမရှိလို့ပါပဲ။
ဘာသာရပ်ကို မပိုင်နိုင်တဲ့အခါ ကိုယ်တိုင်ကတောင် ဝေဝေဝါးဝါးမို့ ကလေးတွကို ထိထိရောက်ရောက်မပေးနိုင်။ ဖိအားတွေအရ ကလေးတွေကိုလည်း စာမေးပွဲအကျခံလို့ မဖြစ်နိုင်။ ဒီလိုနဲ့ စာမေးပွဲမှာပါမယ့်မေးခွန်းတွေကို အတိုင်းသားချသင်ပေးပြီး အလွတ် ကျက်မှတ်စေတာမျိုးတွေ လုပ်လာပါလေရော။
(ခ) ဘာသာရပ်ပိုင်နိုင်သော်လည်း သင်ကြားနည်းမပိုင်နိုင်သော ဆရာ၊ဆရာများ
ဒီအမျိုးအစားကတော့ လှေတစ်စီးလုံးအပိုင်ရထားပြီး ပဲ့မကိုင်တတ်တဲ့ လှေသမားနဲ့တူပါတယ်။ ပင်လယ်ပြင်ရဲ့ တစ်နေရာမှာ ဝဲလည်ဝဲလည်နဲ့ လိုချင်တဲ့ကမ်းကို မကပ်နိုင်ဘဲဖြစ်နေတာမျိုး။ ကမ္ဘာအနှံ့က ဆရာ၊ဆရာမတွေ အသုံးပြုသင်ကြားကြတဲ့ သင်ကြားနည်း ၂၁ နည်းရှိပါတယ်။
ဆရာ၊ဆရာမတစ်ယောက်ဟာ ဘာသာရပ်ကို ဘယ်လောက်ပဲ ပိုင်နိုင်ပိုင်နိုင် အဲဒီသင်ကြားနည်းတွေကို အသုံးမချတတ်ဘူးဆိုရင် သင်ခန်းစာရဲ့ ဦးတည်ချက်ကို ပေါက်မြောက်ဖို့ အကောင်အထည်ဖော်တဲ့အခါမှာ အခက်အခဲတွေ့ရမှာက မြေကြီးလက်ခတ်မလွဲပါပဲ။ တချို့ဆရာ၊ဆရာမများရှိပါသေးတယ်။ သင်ကြားနည်း ၂၁ ကို သိပါတယ်။ ဒါပေမဲ့ အချိန်မှန်၊ နေရာမှန်၊ လူမှန် ဖြစ်အောင် ရွေးပြီး မသုံးတတ်ကြတာမျိုး။
သင်ကြားနည်းတွေကို သုံးတဲ့အခါ ခုနက ပြောတဲ့ မှန် သုံးမှန်ကို စိစစ်တတ်ဖို့ကလည်း အရေးကြီးပါသေးတယ်။ ကိုယ်သင်မယ့် ဘာသာရပ်၊သင်ခန်းစာ၊ ကျောင်းသားတွေရဲ့ အသက်အရွယ်နဲ့ ဖွံ့ဖြိုးမှုတွေကိုပဲ ထည့်သွင်းတွက်ချက်ပြီး ကိုယ့်သင်ခန်းစာကို အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ့် သင်ကြားနည်းကို ရွေးချယ်တတ်ဖို့လိုပါတယ်။
သင်ကြားနည်းရွေးချယ်မှုမှားသွားတဲ့အခါ ခုတ်ရတခြား ရှရာတလွဲဖြစ်ပြီး ကိုယ့်သင်ခန်းစာရဲ့ ဦးတည်ချက်မပေါက်မြောက်၊ သင်ခန်းစာအပေါ်ကလေးတွေက နားမလည်တော့ ဆရာရော ကျောင်းသားပါ အချိန်ကုန်လူပန်းဖြစ်ရပါတယ်။ ဒါကြောင့် သင်ကြားနည်းတွေကို မပိုင်နိုင်တဲ့ဆရာ၊ ဆရာမတွေဟာ စာမေးပွဲနီးပြီဆိုရင် နောက်ဆုံးလက်နက်အနေနဲ့ စာမေးပွဲမှာပါမယ့်မေးခွန်းတွေကို အတိုင်းသားချသင်ပေးပြီး အလွတ်ကျက်မှတ်စေခြင်းဆိုတဲ့ လက်နက်ပုန်းကို ထုတ်သုံးကြပါတယ်။
(ဂ) မိမိကိုယ်မိမိ ယုံကြည်မှုကင်းမဲ့နေသော ဆရာ၊ဆရာမများ
ဒီအမျိုးအစားကတော့ ရှင်းပါတယ်။ အပေါ်က (က) နဲ့ (ခ) အမျိုးအစားကို ပေါင်းလိုက်တဲ့အခါ ဖြစ်လာမယ့်ဆရာ၊ဆရာတွေမျိုးကို ဆိုလိုတာပါ။ ဘာသာရပ်လည်း မပိုင်နိုင်၊ သင်ကြားနည်းလည်း မသိဘဲနဲ့ စာသင်ခန်းထဲဝင်ရမယ်ဆိုတော့ ဒီဆရာမက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ကင်းမဲ့နေဖို့ ရာနှုန်းပြည့်သေချာပါတယ်။ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုကင်းမဲ့သူတွေဟာ အလွယ်လမ်း၊ ဖြတ်လမ်းကို ရွေးချယ်တတ်ကြစမြဲပါပဲ။ ဒီတော့ သူတို့ရဲ့ အဆုံးသတ်စီးဆင်းရာက ဘာများဖြစ်နိုင်တော့မလဲ။
(ဃ) ကျောင်းသားများကို အထင်သေးသော ဆရာ၊ဆရာမများ
ဒီအမျိုးအစားမျိုးက ဆရာ၊ဆရာမလောက ရှိနိုင်ပါ့မလားလို့ တွေးချင်တွေးနေပါလိမ့်မယ်။ သူတို့ လုပ်နိုင်မှာ မဟုတ်လောက်ဘူး၊ သူတို့ဖြေနိုင်မှာမဟုတ်လောက်ဘူးဆိုတဲ့ ကလေးတွေအပေါ် စိုးရိမ်စိတ်တွေလွန်ကဲနေရာကနေ မသိမသာနဲ့ ကလေးတွေကို အထင်သေးနေမိတဲ့ ဆရာ၊ဆရာမေတွေကို ဆိုလိုပါတယ်။ တကယ်တော့ ဒီအမျိုးအစားက အပေါ်က နံပါတ်(ဂ)ကနေ ဆင်းသက်လာတာပါ။ ကိုယ်တိုင်က ယုံကြည်မှုမရှိတဲ့အခါ ကလေးတွေအပေါ်မှာလည်း ယုံကြည်ဖို့ရာ အခက်အခဲဖြစ်လာကြပါတယ်။ ဒီလိုနဲ့ နောက်ဆုံးကျတော့ စာမေးပွဲမှာပါမယ့်မေးခွန်းတွေကို အတိုင်းသားချသင်ပေးဖြစ်သွားကြရော။
(င) ခေတ်စနစ်ရဲ့ ဖိအားကို ကြောက်ရွံ့သော ဆရာ၊ဆရာမများ
ဆရာ၊ဆရာမတွေဟာ ဘယ်ခေတ်ကိုရောက်ရောက် ခေတ်ဖိအားကို ပြေးမလွတ်ဘဲ ခံရတတ်တဲ့ လူတန်းစားတစ်ရပ်ပဲဖြစ်ပါတယ်။ အောင်ချက်တက်အောင် လုပ်ရမယ်၊ အောင်ချက်ကျရင် ထုချေလွှာတင်ရမယ်၊ ဘယ်အတန်းတွေမှာ စာမေးပွဲအရှုံးရှိလို့ မဖြစ်ဘူး စသဖြင့် မြေပြင်အခြေအနေကို အတိအကျမသိတဲ့ ရာထူးကြီးစဉ်ငယ်လိုက်တွေရဲ့ ရည်ရွယ်ချက်အမျိုးအမျိုးရှိတဲ့ ဖိအားတွေအမျိုးမျိုးကို ဆရာ၊ဆရာမတွေ ခံကြရစမြဲပါ။ ဒီဒဏ်တွေကလည်း ဆရာ၊ဆရာမအများစုကိုစာမေးပွဲမှာပါမယ့်မေးခွန်းတွေကို အတိုင်းသားချသင်ပေးဖြစ်သွားအောင် တွန်းပို့ပေးလိုက်သလိုမျိုး ဆိုက်သွားစေပါတယ်။
(၃)
ငယ်စဉ်က ဆရာမတွေဆီကနေ စာမေးပွဲမေးခွန်းကို အတိုင်းသားရပြီး စာမေးပွဲတွေ ဆက်တိုက်ဖြေလာကြတဲ့သူတွေဟာ ချက်ချင်းလက်ငင်းအခြေအနေမှာ ပျော်ကောင်းပျော်နိုင်ပေမယ့် ဆရာမပေးထားတဲ့ မေးခွန်းမဟုတ်ဘဲ တခြားမေးခွန်းတစ်ပုဒ်လောက်ပါလာတဲ့အခါမျိုး တခြားသူတွေနဲ့ ပြိုင်ပြီး အရည်အချင်းတွေ စစ်ထုတ်ခံရတဲ့အခါမျိုးတွေမှာ ကိုယ့်ဦးနှောက်ထဲက အသိပညာကို ထုတ်မသုံးကြတတ်ကြတော့ဘူး။ ဦးနှောက်တုံးသူတွေ ဦးနှောက်ပိတ်သူတွေ ဖြစ်သွားကြတယ်။
နောက်ပြီး သူတို့အမှန်တကယ်လူလားမြောက်လို့ အမှား/အမှန်ခွဲခြားလာနိုင်တဲ့အခါမှာ ဒီဖြစ်ရပ်အပေါ် ပြန်လည်သုံးသပ်တတ်လာကြတယ်။ အဓိကလက်သည်တရားခံကို စိတ်ထဲ ပိုက်စိတ်တိုက်ပြီး ရှာတတ်လာကြတယ်။ အဲဒီအခါကျ ဆရာ၊ဆရာမတစ်ယောက်ရဲ့ ဘဝမှာ အကြီးမားဆုံးအမှားက စာမေးပွဲမှာပါမယ့်မေးခွန်းတွေကို အတိုင်းသားချသင်ပေးခြင်းဖြစ်ပြီး ကလေးတစ်ယောက်ရဲ့ အရည်အချင်းကင်းမဲ့မှုအတွက် အဓိကလက်သည်ဟာလည်း ဒီဆရာ၊ ဆရာမတွေကိုယ်တိုင်ပဲ ဖြစ်လာကြတယ်။
(၄)
သူငယ်ချင်းတစ်ယောက်ပြောဖူးတာလေးကို အမှတ်ရမိတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းကို တိုင်းတာတဲ့အခါ ဒီနိုင်ငံမှာ ဘယ်လိုသယံဇာတတွေ ထွက်သလဲဆိုတာမျိုးနဲ့ မဟုတ်ဘဲ။ ဘယ်လိုလူသားအရင်းအမြင်တွေထွက်လေ့ရှိလဲဆိုတဲ့အချက်နဲ့တိုင်းတာမျိုးတဲ့။
အားနာနာနဲ့အမှန်အတိုင်းပြောရရင် ဒီနိုင်ငံမှာက နေရာတကာမှာ Quality ထက် Quantity ကို ဦးစားပေးနေတာမျိုး။ ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်၊ ဂုဏ်ထူးတွေ ရမှတ်တွေ အဆင့်တွေကို မက်မောကြတဲ့ မိဘအဆက်ဆက်ပေါ့။ အရည်အချင်းမပါဘဲ အရေအတွက်ပဲများနေတော့ရော လူသားညစ်ညမ်းမှုပဲ ဖြစ်လာကြတယ်မလား။
ဒါကြောင့်ဆရာ၊ဆရာများအနေနဲ့ အပေါ်မှာဖော်ပြထားတဲ့ အမျိုးအစားတွေထဲ ကိုယ်က ဘယ်အမျိုးအစားထဲပါနေပြီလဲလို့ တစ်ကိုယ်စာမေးခွန်းထုတ်ကြည့်ပြီး ဘယ်အမျိုးအစားထဲမှာမှ မပါရင် ဂုဏ်ယူစွာနဲ့ ဆက်ထိန်းထားပြီး တစ်မျိုးမျိုးထဲပါနေရင်လည်း ဒီနွံထဲမယ် အမြှုပ်မခံဘဲ အမြန်ဆုံး ရုန်းထွက်ပစ်ဖို့ ၊ အစိုးရတွေရဲ့ စီမံချက်များနဲ့ မိဘများရဲ့ အတွေးအခေါ်ခံယူချက်များလည်း အမြန်ဆုံးလမ်းမှန်ပေါ် လျှောက်လှမ်းနိုင်ဖို့ တိုက်တွန်းလိုက်ပါရစေ။ ။
ဘရိုင်ယံရိန်း







