တနင်္သာရီတိုင်းသား အများစု၏ အိပ်မက်မှာ ကိုယ်ပိုင်အိမ်လေးနှင့် အခြေတကျ နေထိုင်ခွင့် ရရှိရေးဖြစ်သည်။ ယင်းကြောင့်ပင် ရှာဖွေစုဆောင်း၍ ရသမျှ ငွေကြေးလေးများဖြင့် အိမ်ဆောက်ကာ ကိုယ်ပိုင်အသိုက်အမြုံလေးတစ်ခုကို ဖန်တီးလေ့ ရှိကြသည်။
ဒေသခံအများစုမှာ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုကောင်းမွန်သည့် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြပြီး၊ ရရှိသည့် လုပ်အားခကို ခြိုးခြံစုဆောင်းကာ ထည်ဝါသည့် ကိုယ်ပိုင်အိမ်တစ်ဆောင် ရရှိရေးအတွက် အားစိုက်ကြိုးပမ်းကြသည်။
သို့သော် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ခက်ခက်ခဲခဲ တည်ဆောက်ထားရသည့် ကျေးလက်နေ ဒေသခံများ၏ နေအိမ်အများအပြား မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ကြရသည်။ ကျေးလက်ဒေသများတွင် နေထိုင်ရန် ခက်ခဲလာသဖြင့် တတ်နိုင်သူများမှာ မြို့ပေါ်ဒေသများသို့ ပြောင်းရွှေ့ နေထိုင်ကြသည်။
ထိုသို့ ပြောင်းရွှေ့မှုများပြားလာခြင်းကြောင့် မြို့ပေါ်အိမ်ခြံမြေဈေးနှုန်းများမှာ အဆမတန် မြင့်တက်သွားပြီး၊ ထားဝယ်မြို့ပေါ်ရှိ အိမ်ခြံမြေဈေးနှုန်းများမှာ ကျပ်သိန်းထောင်ချီ ဖြစ်လာနေပြီဖြစ်သည်။ ထို့ပြင် အေးချမ်းသည့် ကျေးလက်ဒေသအချို့တွင်လည်း အိမ်ခြံမြေဈေးနှုန်းများ လိုက်ပါမြင့်တက်နေသည်။
ယင်းအခြေအနေများကြောင့် အိုးပိုင်အိမ်ပိုင် နေထိုင်လိုသည့် တောင်ပိုင်းသားများ၏ အိပ်မက်မှာ အကောင်အထည်ပေါ်ရန် ခက်ခဲလာနေသည်။ လူလတ်တန်းစားများပင် အိမ်ပိုင်ဆိုင်နိုင်ရေး မျှော်လင့်ချက် မှေးမှိန်လာနေပြီဖြစ်သည်။
ဝင်ငွေကောင်းသည့် ပြည်ပရောက် အလုပ်သမားများသည်လည်း မြို့ပေါ်ရပ်ကွက်များ၌ အိမ်ပိုင်ဆိုင်နိုင်ရန် မလွယ်ကူတော့ကြောင်း ဆိုကြသည်။
ယင်းအခြေအနေများကို သိရှိနိုင်ရန် ယခုအပတ် “တနင်္သာရီပုံရိပ်” အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။
“အိမ်ခြံမြေဈေးတွေတက်လာတော့ လူလတ်တန်းစားတွေတောင် မဝယ်နိုင်ကြတော့ဘူး”
တနင်္သာရီတိုင်း အိမ်ခြံမြေ အသင်းဝင်တစ်ဦး
DW ။ လက်ရှိ အိမ်ခြံမြေ အရောင်းအဝယ်အခြေအနေ ဘယ်လိုရှိလဲ။
ဖြေ ။ အခုကတော့ အရောင်းအဝယ်တွေ နည်းနည်းအေးတဲ့ဘက်ကို ပြန်ရောက်နေတယ်။
DW ။ ထားဝယ်မြို့မှာ အိမ်ခြံမြေဈေးတွေက တအားထိုးတက်သွားတယ်လို့ပြောကြတယ်။ လွန်ခဲ့တဲ့ ငါးနှစ်က အခြေအနေနဲ့ယှဉ်မယ်ဆိုရင် ဘယ်လောက်အထိ မြင့်တက်သွားတာလဲ။
ဖြေ ။ ကိုဗစ်မဖြစ်ခင်အခြေအနေတုန်းကတော့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွေဘာတွေလုပ်မယ်ဆိုတော့ အိမ်ခြံမြေဈေးကွက်က တရှိန်ထိုး ဈေးတက်လာတယ်။ နောက်ပိုင်း ကိုဗစ်ဖြစ်တော့ ဈေးတွေပြန်ကျပြီး အရောင်းအဝယ်လည်း ပြန်ပါးသွားတယ်။ နောက်တစ်ခါ နိုင်ငံရေးတွေဖြစ်လာချိန်မှာ ဈေးတွေပြန်တက်လာပြန်တယ်။ နယ်ကလူတွေက မြို့ပေါ်ပြောင်းတက်လာကြတော့ ဝယ်လက်တွေပြန်များလာပြီး ဈေးတက်သွားတာ။ အခုလက်ရှိမှာတော့ ဈေးလည်းပြန်ငြိမ်သွားတယ်။ အရောင်းအဝယ်လည်း ပါးသွားတာပေါ့။
DW ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကဈေးနဲ့ အခုလက်ရှိ အိမ်ခြံမြေဈေးနှုန်းတွေကရော ဘယ်လောက်ကွာခြားသွားလဲ။
ဖြေ ။ ဒီနိုင်ငံရေးဖြစ်တော့ (ထားဝယ်) မြို့သစ်ထဲကမြေကွက်တွေက ဈေးတော်တော်မြင့်တက်သွားတယ်။ မြို့ထဲအပိုင်းတွေက သိပ်မတက်ဘူး။ နယ်ကနေ မြို့ပြောင်းလာတဲ့သူတွေက မြို့သစ်ထဲက မြေတွေပဲဝယ်ကြတာများလို့လည်းပါတာပေါ့လေ။ မြို့သစ်ထဲက မြေနဲ့ပဲနှိုင်းပြီးပြောမယ်ဆိုရင်တော့ အရင်က ၂၀-၆၀ မြေတစ်ကွက် ကျပ်သိန်း ၂၀၀ ဝန်းကျင် ၃၀၀ အလွန်ဆုံးပေါ့။ အခုချိန်မှာတော့ မြို့သစ်ထဲက လမ်းပေါ်မူတည်ပြီး (ကျပ်သိန်း) ၁၀၀၀ တွေနဲ့ လမ်းအခြေအနေအပေါ်မူတည်ပြီး ၁၀၀၀ အောက်နည်းနည်းလျော့တာတွေဖြစ်ကုန်ပြီ။ မြို့သစ် ၄ လမ်းနဲ့ ၈ လမ်းတွေမှာက ဈေးအကြီးဆုံးဖြစ်ပြီးတော့ (မြို့သစ်ထဲက) ကျန်တဲ့လမ်းတွေမှာတော့ ကျပ်သိန်း ၈၀၀၊ ၇၀၀ တွေ ဈေးပေါက်တယ်။
DW ။ အဲလောက်အထိ ဈေးတွေမြင့်တက်သွားရတဲ့ အကြောင်းအရင်းက ဘာတွေဖြစ်မလဲ။
ဖြေ ။ ဈေးကွက်ရဲ့သဘောကတော့ ဝယ်လက်များရင် ဈေးတက်တာပဲလေ။ မြေဝယ်တဲ့သူတွေများလာရင် ပိုင်ရှင်တွေကလည်း ဈေးမြှင့်ပြီးခေါ်လာကြတယ်။ အိမ်ခြံမြေသမားတွေကလည်း ပိုင်ရှင်ခေါ်တဲ့ဈေးနဲ့ပဲ ရောင်းပေးရတယ်လေ။ ဝယ်တဲ့သူကလည်း သူကြိုက်လို့ ဝယ်ဖြစ်သွားတယ်ဆိုရင် အရောင်းအဝယ်ဖြစ်သွားကြတာပေါ့။ နောက်တစ်ခုကတော့ ငွေတွေဖောင်းပွလာတာလည်းပါတာပေါ့နော်။ အိမ်ရှင်တွေကလည်း ရွှေဈေးနဲ့ စကားပြောလာတာတွေရှိတယ်။ အရင်တုန်းက ရွှေဈေးက (အခေါက်ရွှေတစ်ကျပ်သား) ကျပ်သိန်း ၂၀ လောက်ပဲရှိတယ်။ အခုချိန်မှာ ရွှေဈေးက (ကျပ်သိန်း) ၁၀၀ လောက်ရှိတဲ့အခါကျတော့ ပိုင်ရှင်တွေက ရွှေဈေးပေါ်လိုက်ပြီး ဈေးမြင့်ပြီး ခေါ်လာကြတာပေါ့။
DW ။ အိမ်ခြံမြေဈေးတွေတက်လာတော့ ဒေသခံတွေ အိမ်ခြံမြေ ဝယ်နိုင်ကြပါတော့မလား။ ဈေးကွက်မှာ ဘယ်လိုလူတွေက ဝယ်တာတွေ့ရလဲ။
ဖြေ ။ ဟုတ်ပါတယ်။ ဒီလိုအိမ်ခြံမြေဈေးတွေတက်လာတော့ လူလတ်တန်းစားတွေတောင် မဝယ်နိုင်ကြတော့ဘူး။ မဝယ်နိုင်ကြတော့ တချို့တွေကလည်း အိမ်ငှားနေကြရတဲ့ ဘဝနဲ့ပဲနေနေကြရတာပေါ့လေ။ ဝယ်ကြတဲ့သူတွေကလည်း သူတို့မှာရှိတဲ့ ပိုင်ဆိုင်မှုတစ်ခုခုကို ရောင်းချပြီးဝယ်ကြတဲ့သဘောမှာရှိတယ်။ စုဆောင်းထားတဲ့အထဲကနေ ဝယ်ကြတယ်ဆိုတာမျိုးကရှားတယ်။ လူလတ်တန်းစားထဲမှာဆိုရင်ပေါ့နော်။ အခုအခြေအနေအရ သုံးသပ်ရမယ်ဆိုရင် လူလတ်တန်းစားတစ်ယောက် မြေတစ်ကွက်ဝယ်ဖို့ဆိုတာ မလွယ်ကူတဲ့ အခြေအနေလို့ ပြောရမှာပေါ့။
DW ။ လူလတ်တန်းစားတွေတောင် မြေတစ်ကွက်ဝယ်ဖို့ မတတ်နိုင်ကြတဲ့ အနေအထားဆိုရင် အဲထက်ဝင်ငွေနည်းတဲ့သူတွေဆို ဘယ်လိုဖြစ်သွားမလဲ။
ဖြေ ။ အဲလိုမျိုးအတွက်ကတော့ နယ်ဘက်မှာပဲဝယ်လို့ ရကြမယ်။ နယ်ဘက်မှာကတော့ ဈေးပေါတယ်လေ။ နယ်ဘက်မှာဆိုရင်တော့ ကျပ်သိန်း ၂၀၀၊ ၃၀၀ တန်တွေရှိတယ်။ ဆိုတော့ မြို့ပေါ်ကို မလှမ်းနိုင်တဲ့သူတွေက နယ်ဘက်မှာ သူတို့မှာရှိတဲ့ အင်အားလေးနဲ့ပေါ့လေ ဝယ်ကြတာတော့ရှိတယ်။
DW ။ ကျေးဇူးတင်ပါတယ်။
“ကိုဗစ်မတိုင်ခင်က မြေဝယ်မယ်၊ အိမ်ဝယ်မယ်ဆိုတဲ့ အိပ်မက်တွေက ကိုယ်နဲ့ တော်တော်ဝေးသွားပြီ”
အသက် ၂၉ အရွယ် ထိုင်းရောက်ရွှေ့ပြောင်းလုပ်သား၊ သရက်ချောင်းဒေသခံ
(၎င်းသည် စစ်အုပ်စု၏ ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲကာလအတွင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ ဝန်းကျင်နှင့် အောက်ပိုင်းကျေးရွာများတွင် နေအိမ်မီးရှို့ခံရသူများထဲမှ တစ်ဦးဖြစ်သည်။ ယခုလက်ရှိ ထိုင်းနိုင်ငံ၊ ချွန်ဖော်မြို့၊ အသားလုံးစက်ရုံတစ်ခုတွင် အလုပ်လုပ်နေသူတစ်ဦးလည်း ဖြစ်သည်။)
DW ။ ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ ရောက်လာတာ ဘယ်အရွယ်ကလဲ။
ဖြေ ။ အသက် ၁၅ နှစ်လောက်မှာ စရောက်လာတယ်။ ကျွန်တော့်ယောက်ဖ ခေါ်လာလို့ ရောက်လာတာ။
DW ။ အဲဒီတုန်းက ကိုယ့်ရည်မှန်းချက်က ဘာဖြစ်မလဲ။
ဖြေ ။ အဲဒီတုန်းကတော့ ဘာမှန်းတောင်မသိဘူး။ သူများခေါ်လို့ လိုက်လာတာပဲ။
DW ။ အခု ထိုင်းရောက်တာ ဆယ်နှစ်ကျော်ကြာနေပြီဆိုတော့ ဘာရည်မှန်းချက်ရှိလဲ။ ကိုဗစ်နဲ့ နိုင်ငံရေးမတိုင်ခင်က ရည်မှန်းထားတာတွေရော ရှိလား။
ဖြေ ။ ရည်မှန်းချက်ဆိုပြီးလည်း မရှိတော့ဘူး။ ဖြစ်လာသမျှ အကောင်းဆိုပြီးတော့ အဆင်ပြေသလိုပဲ နေရတာပေါ့။ ကိုဗစ်မတိုင်ခင်ကဆိုရင် ပိုက်ဆံနည်းနည်းပါးပါး စုမိရင် ကိုယ့်ရပ်ကိုယ့်ရွာပြန်ပြီး နေမယ်ပေါ့။
DW ။ အိမ်တွေ ရာတွေ ဝယ်မယ်လို့ရော ရည်မှန်းဖူးလား။
ဖြေ ။ ကိုယ်ပိုင်အိမ်နဲ့ နေဖို့က အစကတည်းက တွေးဖူးတယ်။ ဟိုအရင်ကတည်းက ဒီလိုပဲ ရည်မှန်းချက်တော့ ရှိတာပေါ့။ မိဘတွေ၊ မိသားစုတွေနဲ့ အတူတူနေပေမဲ့လည်း ကိုယ့်ကိုယ်ပိုင်အိမ်ကလေးနဲ့ပေါ့။ ကိုယ့်နိုင်ငံရေး ကောင်းကောင်းမွန်မွန် ရှိနေတဲ့အချိန်က မက်ခဲ့တဲ့ အိပ်မက်ပေါ့။
DW ။ ကိုယ့်ရွာပတ်ဝန်းကျင်မှာရော မြေဈေးတွေ စုံစမ်းဖြစ်လား။ အခြေအနေ ဘယ်လိုရှိလဲ။
ဖြေ ။ အခုချိန်မှာ ကျွန်တော်တို့ ဒေသတွေမှာက မြေဝယ်ထားလည်း ဘာမှမထူးတဲ့ပုံစံ။ ပိုက်ဆံရှိရင် ကိုယ့်လက်ထဲမှာ ပိုက်ဆံသိမ်းထားတာက ပိုအဆင်ပြေသေးတယ်။ ကျွန်တော်တို့ရွာတွေဘက်မှာက နေရဖို့ထက် ဘယ်နေ့ပြေးရမလဲဆိုတဲ့ အခြေအနေဖြစ်နေတယ်။ အဲဒါကြောင့် မြေဝယ်ထားလည်း ဘာမှမထူးဘူး။ ပြောရမယ်ဆိုရင် ဒီနေ့ ဒီနေရာမှာနေ၊ နောက်နေ့ ဘယ်နေရာမှာနေရမယ်ဆိုတာ မသိရဘူး။
DW ။ အဲဒီလို အခြေအနေတွေ ကာလရှည်ကြာ ဖြစ်လာတဲ့အခါ ရွာမှာကျန်ခဲ့တဲ့ မိသားစုကို မြို့ပေါ်ပြောင်းပေးရတော့မယ်ဆိုရင် အခုမြေဈေးနဲ့ မြေဝယ်ဖို့ဆိုတာ ရွှေ့ပြောင်းလုပ်သားတစ်ယောက်အနေနဲ့ ဘယ်လောက်ထိ အခက်အခဲဖြစ်မလဲ။
ဖြေ ။ အခက်အခဲကတော့ အတော်ဖြစ်တာပေါ့။ အပြင်ပိုင်း (ပြည်ထောင်စုကားလမ်းမတန်း) နဲ့ မြို့ပေါ်မှာ မြေတစ်ကွက်ထပ်ရဖို့ဆိုတာ အခုချိန်မှာ ဘယ်လောက်ထိ ဈေးကြီးနေတယ်ဆိုတာ အားလုံးအသိပဲ။ အပြင်ပိုင်းတွေမှာက မြေတစ်ကွက်ကို ကျပ်သိန်းထောင်နဲ့ချီနေတယ်လေ။ ကျွန်တော်တို့ ထိုင်းနိုင်ငံမှာ လုပ်စားနေတဲ့သူတိုင်း သိန်းထောင်နဲ့ချီတဲ့ မြေတစ်ကွက်ရဖို့ဆိုတာ စုရတာမလွယ်ဘူး။ အဲဒီလိုဆိုတော့ မမျှော်မှန်းရဲတော့ဘူး။ ကိုဗစ်မတိုင်ခင်က မြေဝယ်မယ်၊ အိမ်ဝယ်မယ်ဆိုတဲ့ အိပ်မက်တွေက ကိုယ်နဲ့တော်တော်ဝေးသွားပြီ။
DW ။ အခုလက်ရှိ ထိုင်းမှာ အစ်ကို့ရဲ့ တစ်လဝင်ငွေ ဘယ်လောက်ရှိလဲ။
ဖြေ ။ တစ်လကို ဘတ်တစ်သောင်းခွဲ ဝင်ငွေရှိတယ်။ သုံးတာကတော့ ကိုယ့်အပေါ်မူတည်တယ်။ သုံးတဲ့အထဲကနေ အနည်းဆုံးတစ်သောင်းလောက်တော့ ကျန်တယ်။ ရွာမှာကျန်ခဲ့တဲ့အိမ်ကို လစဉ် မြန်မာငွေ ရှစ်သိန်း (ဘတ် ၆,၀၀၀ မှ ၇,၀၀၀ ကြား) ထောက်ပံ့ရတယ်။ ကျန်တာကတော့ စုတာပေါ့။
DW ။ အဲဒါဆိုတော့ ကျန်ငွေကို လစဉ်စုရင်တောင် တစ်နှစ်နဲ့တွက်ရင် (ဘတ်) လေးသောင်းဝန်းကျင်ပဲ ကျန်မှာပေါ့နော်။ အဲဒီလိုဖြစ်နေတော့ ခုနကပြောတဲ့ မြေတွေ၊ အိမ်တွေအတွက် အိပ်မက်မက်ဖို့က အတော်မလွယ်တဲ့ အခြေအနေပေါ့နော်။ အခုထိုင်းရောက်နေတဲ့ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေထဲမှာရော မြေဝယ်နိုင်သူရှိလား။
ဖြေ ။ ဝယ်နိုင်တဲ့သူက ရှိတော့ရှိပေမဲ့ နည်းပါတယ်။ တစ်ယောက်စ နှစ်ယောက်စပဲ ရှိတယ်။ ဝယ်နိုင်တဲ့သူတွေဆိုတာကလည်း မိဘရဲ့နောက်ခံရှိတယ်။ မိဘက နောက်ခံရှိတော့ မိဘကို ထောက်ပံ့စရာမလိုဘူး။ ဒါက မိဘကို ထောက်ပံ့ရလို့ ပြောတဲ့စကားတော့မဟုတ်ဘူးပေါ့နော်။ မိဘကို ထောက်ပံ့စရာမလိုတဲ့သူတွေကတော့ ကိုယ်စုသလောက် ရတာကိုး။ တကယ်မိဘကို ထောက်ပံ့နေသူတွေကတော့ ဥပမာ- တစ်လစာ ဘတ် ၇,၀၀၀ အိမ်အတွက် ပေးလိုက်တယ်၊ ကျန်တာသုံးပြီး နည်းနည်းပါးပါးစုရင် ကျန်တဲ့အတိုင်းအတာက နည်းတာပေါ့။ တစ်လကို တစ်သောင်းလောက် စုမိနေရင်တော့ မြေဝယ်အိမ်ဝယ်ကိစ္စက စိတ်ကူးလို့ရတာပေါ့။ တစ်လမှာ တစ်သောင်းစုမိရင် ဘတ်ဈေးနဲ့တွက်ရင် တစ်နှစ်ဆိုရင် မနည်းဘူးလေ။ အဲဒါအပြင် ထိုင်းမှာက ဘတ် (အထောက်အထား) အတွက် ကုန်ကျစရိတ်တွေလည်း ရှိသေးတယ်။ ဘတ်စလုပ်တာနဲ့ ၁၅,၀၀၀ (ထိုင်းဘတ်ငွေ) ပေးရတယ်။ Work Permit သွားယူရင်လည်း ၂၀၀၊ ၃၀၀ ထပ်ပေးရသေးတယ်။ တစ်နှစ်တစ်နှစ် ဘတ်ကိစ္စနဲ့ တစ်သောင်းကနေ တစ်သောင်းခွဲကြား ပေးနေရသေးတယ်။
DW ။ အခုက ရွာကအိမ်ကလည်း မီးရှို့ခံရတဲ့ထဲ ပါတယ်လို့ စိတ်မကောင်းစွာနဲ့ သိရပါတယ်။ မြေကျန်သေးပေမဲ့လည်း အိမ်ပြန်ဆောက်ဖို့ကတော့ အခက်အခဲရှိမှာပေါ့။ အဲဒီအခြေအနေလေး ပြောပြပေးပါ။
ဖြေ ။ သစ်အိမ်ဝါးအိမ်လေးတွေ ပြန်ဆောက်နေကြတာပေါ့။ ပြန်ဆောက်ဖို့တော့ မနိုင်သေးဘူး။ နောက်တစ်ခုက အခုအခြေအနေမှာ ပြန်မဆောက်သေးတာ ပိုကောင်းပါတယ်။ ဘာမှ ကြိုမပြောနိုင်ဘူးလေ။ ကိုယ်က ထပ်ဆောက်လိုက်ပေမဲ့ နောက်တစ်ခါ ထပ်မီးလာရှို့သွားရင် နစ်နာမှုတွေ အများကြီးရှိတယ်လေ။
“မြေလေးတစ်ကွက်လောက်လိုချင်ပေမဲ့ …. ကျွန်မတို့လို လက်လုပ်လက်စားသမားတွေအတွက် မျှော်လင့်လို့မရဘူး”
ထားဝယ်အရှေ့တောဒေသ ပခပ်ရွာက အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး
DW ။ ညီမအနေနဲ့ အိမ်ခြံမြေဝယ်ဖို့ အိပ်မက်ရှိလား၊ ဝယ်မယ်ဆိုရင် ဘယ်လောက်တန်လောက် မှန်းထားလဲ၊ ဘယ်မှာဝယ်ဖို့ လုပ်ထားလဲ။
ဖြေ ။ မြေဝယ်ဖို့အိပ်မက်ရှိတာပေါ့၊ ရှိလည်း အခုခေတ်ကာလအခြေအနေနဲ့ ကျွန်မတို့အနေနဲ့ မျှော်မှန်းလို့မရဲဘူးလေ။ စားဖို့တောင်မနည်းလုပ်နေရတာ၊ အိမ်ထောင်ဦးစီးတစ်ယောက်တည်းလုပ်စာကို အများကထိုင်စားနေသလိုမျိုး ဖြစ်နေတော့ ရလိုက်ကုန်လိုက်ဖြစ်နေတာ။ ငွေပိုငွေလျှံလည်း မစုမိဘူး။ အခုခေတ်ကုန်ဈေးနှုန်းနဲ့ ဝင်ငွေနဲ့ ထွက်ငွေမမျှတော့ပိုဆိုး၊ အိမ်ခြံမြေဝယ်ဖို့ စိတ်ထဲမှာရှိပေမဲ့ မျှော်လင့်လို့တောင်မရတဲ့ အခြေအနေဖြစ်နေတယ်။
DW ။ အခုလက်ရှိကရော ဘယ်မှာနေလဲ၊ အိမ်ထောင်ကျတာကရော ဘယ်လောက်ကြာပြီလဲ၊ အခုလက်ရှိ နေရေးက အဆင်ပြေလား၊ သိပ်ပြီးမပူပန်ရတဲ့အထဲပါလားပေါ့နော်။
ဖြေ ။ ဟုတ် အခုလက်ရှိက မိဘအိမ်မှာနေတယ်ပေါ့နော်၊ အိမ်ထောင်ကျတာ အခုဆို ၁၄ နှစ်ရှိပြီ။ ကလေးက ၂ ယောက်ရှိတယ်၊ မိဘအိမ်မှာနေတာ အဆင်ပြေပါတယ်။ နေရေးအတွက်မပူပန်ရဘူးပေါ့နော်။ ဒါပေမဲ့လည်း ကိုယ့်အိမ်ကိုယ့်ခြံဝန်းနဲ့ နေချင်တဲ့စိတ်ဆန္ဒတော့ ရှိတာပေါ့။ ဒါပေမဲ့လည်း ကျွန်မတို့မှာ ဥယျာဉ်ခြံမြေလည်းမရှိ၊ လုပ်ငန်းလည်းမရှိဆိုတော့ မဝယ်နိုင်ဘူး။ တစ်ယောက်တည်းလုပ်တာကို အများကထိုင်စားနေသလိုဖြစ်နေတာ။ လက်လုပ်လက်စား လုပ်လိုက်စားလိုက် ကုန်လိုက်ပဲ။
DW ။ ဒါဆို ညီမအနေနဲ့ အိမ်ခြံမြေဝယ်ဖို့ ငွေကြေးစုဆောင်းနေတာမျိုးရောရှိလား၊ ဒီအာဏာမသိမ်းခင်ကရော အဲ့လိုစုဆောင်းနေတာရှိလား။
ဖြေ ။ မရှိဘူး။ ဘယ်လိုလုပ်ရှိမလဲ။ ကျွန်မတို့က လက်လုပ်လက်စားသမားတွေ၊ ရွာမှာအလုပ်အကိုင်ကလည်း အဲ့လောက်မဟုတ်ဘူး။ အဲ့ဒါကြောင့် အရင်ကလည်း မြေဝယ်ဖို့ စုဆောင်းတာမရှိဘူး။ အခုလည်း မရှိဘူး။
DW ။ အရင်က ရွာမှာ ငွေဘယ်လောက်ဆို မြေတစ်ကွက်ရပြီလဲ၊ အခုရော ဘယ်လောက်ဖြစ်နေလဲ။
ဖြေ ။ အရင်က ရွာမှာ မြေတစ်ကွက်ဆို သိန်း ၇၀-၈၀ လောက်ဆိုရပြီ။ အခုက သိန်း ၂၀၀ တွေဘာတွေဖြစ်လာတယ်။
DW ။ ဒါဆို မြေတစ်ကွက်ဝယ်ဖို့အိပ်မက်က အခုဆို ပိုဝေးပြီလို့ ပြောလို့ရတာပေါ့။
ဖြေ ။ အရင်တုန်းကတောင် ဝယ်မနိုင်တာ အခုဆို ပိုဆိုးပေါ့၊ အခုက လုပ်အားခတွေ တက်လာတယ်သာပြောတာ၊ ပြန်ကုန်တာနဲ့မျှနေတယ်။ စုနိုင်တဲ့ဘက်ကိုမရောက်ဘူး။ ကလေး ၂ ယောက်နဲ့ ကျောင်းစရိတ်နဲ့ ရတာနဲ့ ပြန်ကုန်တာနဲ့မျှနေတယ်။ ဘယ်လိုလုပ်မလဲ။ မျှော်လင့်မရဲပါဘူး။ စိတ်ထဲ မြေလေးတစ်ကွက်လောက်လိုချင်ပေမဲ့ အခုနောက်ပိုင်း တွေးတောင် မတွေးမိတော့ဘူး။ ကျွန်မတို့လို လက်လုပ်လက်စားသမားတွေအတွက် မျှော်လင့်လို့မရဘူး။ အခုကနည်းနည်းတော်သေးတယ်။ စစ်ကြောင်းထိုးလာရင် ပြေးနေလွှားနေရတဲ့အချိန်ဆို ပိုက်ဆံက ပိုပြီးတော့ကုန်တယ်။ သူများရွာမှာ အကုန်လုံးဝယ်စားနေရတာ။ အဲ့လိုပြေးနေရတဲ့ကာလတွေဆို ပိုပြီးကျပ်တည်းတယ်။
“အရမ်းအဆင်ပြေသူမှပဲ အိမ်တွေခြံတွေဘက်ကို လှည့်နိုင်တာ။ လူတိုင်းက တစ်နေ့တစ်နေ့ စားဖို့အတွက်ပဲ လုပ်နေကြရတာများတယ်”
အသက် ၃၆ နှစ်အရွယ် အိမ်ထောင်ရှင်မတစ်ဦး၊ လောင်းလုံးမြို့နယ်
DW ။ အိမ်ထောင်သက် ငါးနှစ်ကျော်လာပြီဆိုတော့ ကိုယ့်အိမ်၊ ကိုယ့်ခြံနဲ့ နေနိုင်ပြီလား။ အခု ဘယ်လို အခြေအနေရှိလဲ။
ဖြေ ။ မင်္ဂလာမဆောင်ခင်တုန်းကတော့ ဆောင်ပြီးတာနဲ့ ကိုယ့်အိမ်နဲ့ ကိုယ်နေမယ်လို့ စိတ်ကူးထားတာပဲ။ ဒါပေမဲ့ အခုဆို သားသမီးတောင် နှစ်ယောက်ရနေပြီ မိဘအိမ်မှာ ကပ်နေရတုန်းပဲ။ ဘယ်အချိန်မှ ကိုယ့်အိမ်၊ ကိုယ့်ယာနဲ့ နေနိုင်မလဲ မသိသေးဘူး။ အခုလောလောဆယ်တော့လေ။
DW ။ ဘယ်လို အခက်အခဲတွေ ကြုံခဲ့ရလို့လဲ။
ဖြေ ။ အဓိကကတော့ နိုင်ငံရေးကြောင့်ပေါ့။ အစတုန်းကတော့ ကျွန်မတို့ (လင်မယား) နှစ်ယောက်စလုံး အလုပ်ရှိတယ်။ တစ်ယောက်လုပ်တာစားပြီး တစ်ယောက်လုပ်တာစုထားမယ်ပေါ့။ မင်္ဂလာဆောင်တုန်းက ရထားတာတွေနဲ့ စုထားတာတွေပေါင်းပြီး လေးငါးနှစ်နေရင်တော့ ကိုယ့်အိမ်နဲ့ ကိုယ်နေနိုင်မယ်လို့ မှန်းထားတာ။ နိုင်ငံရေးဖြစ်တော့ နှစ်ယောက်စလုံးမှာ အလုပ်က မရှိတော့ဘူး။ တစ်နှစ်လောက်ကြာမှ ကျွန်မယောက်ကျားက ထိုင်းကိုရောက်သွားတာ။ ကြားထဲမှာတော့ အခက်အခဲတွေကတော့ အများကြီးပေါ့။ နေစရာတောင် အမေတို့က လာနေလို့ ခေါ်ထားလို့ နေနေရတာ။
DW ။ အခုရော ကိုယ့်အိမ်၊ ကိုယ့်ယာနဲ့ နေဖို့ နီးစပ်မှုရှိနေပြီလား။
ဖြေ ။ ကိုယ့်အိမ်နဲ့ကိုယ်နေဖို့အထိတော့ အဆင်မပြေသေးဘူး။ မြေတစ်ကွက်တော့ ဝယ်ထားတာရှိတယ်။ အိမ်ဆောက်ဖို့က နောက်ထပ်လေးငါးနှစ်လောက် ထပ်စောင့်ရဦးမှာ။
DW ။ နယ်မှာ မြေဈေးတွေ ဘယ်လိုရှိလဲ။ တချို့ကတော့ နယ်မှာ မြေဈေးသက်သာတယ်ပြောနေကြတယ်။
ဖြေ ။ ထားဝယ် (မြို့ပေါ်) ထက်စာရင်တော့ သက်သာလို့ပြောလို့ရတာပေါ့နော်။ ဒါပေမဲ့ လမ်းမဘေးတွေမှာဆိုရင် မြို့ပေါ်ဈေးလောက်နီးနီးရှိတာ။ ကျွန်မတို့ဝယ်ထားတာဆိုရင် မိန်းလမ်းမကြီးနဲ့ဆိုရင် တစ်ဆောင်ခြားသေးတာပေါ့နော်။ အဲဒါတောင် (ကျပ်သိန်း) ၄၅၀ လောက်ပေးရတယ်။ အဲဒါတောင် မနည်းခြစ်ခြုပ်ပြီး ဝယ်ထားရတာနော်။ အခုဆိုရင်တော့ အဲဈေးနဲ့မရတော့လို့ ဝယ်လို့တောင်နိုင်မလားမသိဘူး။ လမ်းမဘေးမှာဆိုရင် တစ်တောင်ကို သိန်းသုံးဆယ်တွေအထိ ပေးရတာတွေရှိတယ်။ ရွာထဲက လမ်းကြားတွေထဲမှာဆိုရင်တော့ ၂၀၀၊ ၃၀၀ တွေတော့ရှိတာပေါ့နော်။
DW ။ အခုချိန်အထိ ကိုယ့်အိမ်၊ ကိုယ့်ခြံနဲ့ မနေနိုင်သေးတဲ့အပေါ် ဘယ်လိုခံစားရလဲ။
ဖြေ ။ မိဘတွေကို အားနာတာပေါ့နော်။ အခုအချိန်အထိ ကိုယ်ခြေထောက်အပေါ်ကိုယ် မရပ်နိုင်သေးဘဲ မိဘအရိပ်မှာ ခိုကပ်နေရတာကိုလည်း အားမလို အားမရဖြစ်တယ်။ သူများတွေကိုလည်းအားကျတယ်။ ကိုယ့်အိမ်မှာ ကိုယ်ဆိုတော့ လွတ်လွတ်လပ်လပ် ကြိုက်သလိုနေလို့လည်းရတယ်လေ။ ဒါပေမဲ့ အခုချိန်ကလည်း အိမ်ဆောက်ရမှာလည်း ခပ်လန့်လန့်ပဲ။ မပြောကောင်း မဆိုကောင်းဖြစ်မှာလည်း ကြောက်နေရသေးတယ်။
“အခုဆိုရင် အိမ်ပြိုသွားပြီဆိုတော့ စုထားတာတွေ သဲထဲရေသွန် အကုန်ဖြစ်သွားတာပေါ့”
ဂျပန်ရောက် အသက် ၃၀ အရွယ် ထားဝယ်လူငယ်တစ်ဦး
DW ။ ဂျပန်ကိုရောက်နေတာ ဘယ်နှစ်နှစ်ရှိပြီလဲ။
ဖြေ ။ ဂျပန်ကိုရောက်နေတာတော့ သုံးနှစ်ရှိပြီ။
DW ။ ဂျပန်မရောက်ခင် အခြားနိုင်ငံတွေမှာသွားပြီး အလုပ်လုပ်ဖူးတာရှိလား။
ဖြေ ။ ထိုင်းမှာလုပ်ဖူးတယ်။ ဆယ်တန်းဖြေပြီးတာနဲ့ ထိုင်းကိုဝင်တယ်။ အဝေးသင် (တက္ကသိုလ်) ဆိုတော့ ကျောင်းတက်လိုက် ပြန်သွားလိုက်လုပ်တယ်။ အဲဒီလိုနဲ့ ၆ နှစ်လောက်ရှိမယ်။
DW ။ ထိုင်းရော၊ ဂျပန်ရော နိုင်ငံရပ်ခြားတွေမှာ သွားလုပ်စားဖူးတဲ့သူတစ်ယောက်အနေနဲ့ ဘဝမှာ ရည်မှန်းထားတဲ့ရည်မှန်းချက်က ဘာလဲ။
ဖြေ ။ ရည်မှန်းချက်ကတော့ အိမ်ကိုထောက်ပံ့မယ်။ အချိန်တန်ရင် ကိုယ့်ဘဝကိုယ်တည်ထောင်မယ်။ အဲဒီလိုပေါ့။
DW ။ ကိုယ့်ဘဝနဲ့ကိုယ် တည်ထောင်မယ်ဆိုတဲ့အချိန်မှာ မြေယာတွေ၊ အိမ်တွေဆိုတာ အရေးကြီးတယ်လေ။ အဲဒီလိုဆိုတော့ မြေယာနဲ့အိမ်အတွက် ကိုယ့်အိပ်မက်က ဘယ်လိုရှိလဲ။
ဖြေ ။ ကျွန်တော်ကတော့ ထားဝယ်မှာ မြို့ပေါ်မှာပဲနေချင်တယ်။ ရွာတွေဘက်မှာတော့ သိပ်ပြီးနေချင်စိတ်မရှိဘူး။ တွေးထားတာကတော့ နည်းနည်းအဆင်ပြေလာရင် မြို့ပေါ်မှာပဲ အိမ်နဲ့မြေ ဝယ်ပြီးတော့နေမယ်လို့တော့ စိတ်ကူးရှိတယ်။
DW ။ အခု တစ်လ ပုံမှန်ဝင်ငွေဘယ်လောက်ရှိလဲ။
ဖြေ ။ ကျွန်တော်က ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့ဆိုတော့ လစာတော့သိပ်ပြီး မများဘူးပေါ့။ လစာဆိုတာကလည်း အချိန်ပိုင်းအလုပ်လုပ်နေရတော့ ကျောင်းတစ်ဖက်နဲ့ဆိုတော့လေ။ အဲဒါဆိုတော့ တစ်လကို မြန်မာငွေနဲ့ နှစ်ဆယ်ဝန်းကျင် အဲလောက်တော့ရမယ်ထင်တယ်။ ကျန်တာကတော့ ဆယ့်ရှစ်သိန်း အဲလောက်ပဲကျန်တာပေါ့။ ဂျပန်က အခွန်စရိတ်တွေလည်းကြီးတယ်လေ။ စားစရိတ်နုတ်လိုက်ရင် ကျန်တာကတော့ နည်းတာပေါ့။ ဂျပန်မှာ လူတစ်ယောက်ရဲ့ ဝင်ငွေပေါ်မှာမူတည်ပြီးအခွန်ဖြတ်တယ်။ ကျောင်းသားဆိုရင် ကျောင်းသားအလိုက်ပေါ့။ တကယ်အလုပ်လုပ်တဲ့အချိန်ကျရင်လည်း အလုပ်လုပ်တဲ့လူအလိုက်ပေါ့။ အခုလက်ရှိ ကျွန်တော့်မှာဆိုရင် ကျန်းမာရေးအခွန်တွေဖြတ်တယ်။ ဂျပန်ယန်း တစ်သောင်းသုံးထောင်ပေါ့။ နေထိုင်အခွန်လည်းဖြတ်တယ်။ နေထိုင်ခွန်ကတော့ ယန်းငါးထောင်လောက်ပေါ့။ အဲဒါဆိုတော့ သိပ်ပြီးတော့ ပိုက်ဆံမကျန်ဘူး။
DW ။ ရွာမှာ ကျန်ခဲ့တဲ့ မိသားစုကိုရော ထောက်ပံ့ရသေးလား။
ဖြေ ။ ထောက်ပံ့ပေးရတယ် လတိုင်းပုံမှန်။ အရင်တုန်းကတော့ စရောက်ရောက်ချင်း များများပေးနိုင်တာပေါ့။ အခုဆိုတော့ ဒီမှာလည်း နှစ်လည်းနည်းနည်းကြာလာတော့ အခွန်စရိတ်ကလည်းများလာတယ်။ အိမ်ကိုတော့အများကြီး မပေးနိုင်တော့ဘူးပေါ့။ စုမိဆောင်းမိတာဆို ဘာမှမကျန်ဘူး။ စုမဖြစ်ဘူးပေါ့။ ကျောင်းပြီးမှပဲ နည်းနည်းပြန်စုမယ်ပေါ့။ အခုက ကျောင်းမပြီးသေးဘူးဆိုတော့။
DW ။ ထိုင်းမှာ ၆ နှစ်လောက် လုပ်စားခဲ့တုန်းကရော ဘာအကောင်အထည်ပေါ်ခဲ့လဲ။
ဖြေ ။ အကောင်အထည်ပေါ်တာကတော့ အိမ်ကလေးတစ်ဆောင်တော့ ရတာပေါ့ဗျာ။ အိမ်ဆိုတာကလည်း အားလုံးဝိုင်းစုရတာပါပဲ။ ကျွန်တော့်တစ်ယောက်တည်း မဟုတ်ဘူး။ ညီအစ်ကိုတွေရော အမေတို့ရော၊ အဖေတို့ရောပေါ့။ အိမ်ကတော့ သူတို့စစ်ဖြစ်ရာ (ဝင်းဝခန်းသိမ်းတိုက်ပွဲ) မှာ ဗုံးကြဲတဲ့အထဲ ပါတော့ပါသွားတယ်။ ပြိုသွားတာပေါ့။ အမေတို့ကတော့ ပျက်နေတဲ့အိမ်ကလေးမှာပဲ နည်းနည်းပါးပါး ပြုပြင်ပြီးတော့ ခိုနေတာပေါ့။ အမေတို့က မြို့ပေါ်မှာလည်း မပျော်ဘူးဆိုတော့လေ။ ရွာမှာပဲအဆင်ပြေသလိုနေနေကြတာပေါ့။
DW ။ အပေါ်မှာ ပြောခဲ့တဲ့ ထားဝယ်မြို့ပေါ်မှာ မြေယာနဲ့အိမ်နဲ့ နေဖို့ စိတ်ကူးက အဝေးရောက်အလုပ်အကိုင် လုပ်နေရသူတစ်ယောက်အနေနဲ့ အခုမြေဈေးနဲ့တွက်ဆရင် ဝယ်နိုင်ဖို့ရှိမရှိ ဘယ်လိုမြင်လဲ။
ဖြေ ။ တကယ်ကတော့ လွယ်တော့မလွယ်ဘူး။ ကိုယ့်အတွက်ပြန်ကြည့်ရင်လည်း အသက်ကလည်း ကြီးနေပြီ။ အိမ် (မိသားစု) ဘက်ကြည့်ရင်လည်း အိမ်ကလည်းအဆင်မပြေနေဘူးဆိုတော့ (မြေဝယ်၊ အိမ်ဝယ်ကိစ္စ) အလှမ်းတော့အလှမ်းဝေးနေတာပေါ့။ အရင်ကနဲ့စာရင် မလွယ်တော့ဘူးပေါ့။
DW ။ ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းထဲက အဝေးရောက် ထားဝယ်ကလူတွေရော ထားဝယ်မြို့ပေါ်မှာ အိမ်ဝယ်နိုင်သူ မြေဝယ်နိုင်သူတွေ ရှိလား။
ဖြေ ။ ရှိတယ်။ ဝယ်တဲ့သူတွေရှိတယ်။ ကျွန်တော်တို့ထက် အရောက်စောတဲ့သူတွေပေါ့။ ဘယ်လိုပြောရမလဲ တချို့ကလည်း ကိုယ့်အသုံးစရိတ်တွေချွေတာတဲ့အပေါ်လည်းမူတည်တာပေါ့။ ဝယ်နိုင်သူတွေက တစ်ရာရာခိုင်နှုန်းလုံးတော့ မဟုတ်ဘူးပေါ့။ ကြားရတဲ့အထဲမှာတော့ နည်းတော့နည်းသေးတယ်။ သူတို့ကလည်း ကျောင်းဗီဇာနဲ့လာကြတဲ့သူတွေများတာကိုး။ ဝယ်နိုင်သူက အသိထဲမှာတော့ တစ်ယောက် နှစ်ယောက်လောက်တော့ရှိတယ်။ မြို့ပေါ်မှာ မြေဝယ်ထားတာပေါ့။ အိမ်တော့မပါဘူး။
DW ။ အိမ်ကလည်းတိုက်ပွဲထဲပါသွားပြီဆိုတော့ ကိုယ့်မိသားစုကိုလည်း ဒီထက်ဘေးကင်းတဲ့နေရာ ကောင်းတဲ့နေရာကို ပြောင်းပေးချင်တဲ့ဆန္ဒရှိမယ်လည်းထင်တယ်။ အဲဒီလိုဆိုတော့ မိသားစုအတွက်ရော ကိုယ့်အတွက်ရော အိမ်တွေ မြေတွေနဲ့ပတ်သက်ပြီး ဘယ်လိုခံစားချက်ရှိလဲ။
ဖြေ ။ အိမ်နဲ့ပတ်သက်တဲ့ ခံစားချက်ကတော့ ခံစားရတာပေါ့။ ကျွန်တော်တို့ဘက်မှာဆိုရင် အဆင်ပြေနေကြတဲ့သူတွေလည်း မဟုတ်ဘူးလေ။ အိမ်တစ်ဆောင်ရဖို့အရေး နှစ်ပေါင်းမြောက်များစွာလေ။ ငါးနှစ်လည်းမဟုတ်၊ ဆယ်နှစ်လည်းမဟုတ်။ အနှစ်နှစ်ဆယ်လောက်ကြာတယ်။ စုပြီးတော့ လုပ်လာရတယ်။ စုတာကိုမှ အဖေတို့အမေတို့က အရမ်းချွေတာပြီး သေချာစုလာလို့အိမ်တစ်ဆောင်ရတာ။ အိမ်တစ်ဆောင်ဆောက်ရင် တစ်သက်လုံးနေမယ့်အိမ်လို့ ရည်ရွယ်ပြီး ရသမျှတွေ အိမ်ထဲကိုပဲ ပစ်ထည့်လိုက်တယ်။ ကောင်းကောင်းနေချင်တာကိုး။ အခုဆိုရင် အိမ်ပြိုသွားပြီဆိုတော့ စုထားတာတွေ သဲထဲရေသွန် အကုန်ဖြစ်သွားတာပေါ့။ ဘာမှ မရှိတော့ဘူး။
DW ။ ကျေးဇူးတင်ပါတယ်။







