ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

‘အလုပ်ရှိလား ဗျို့’ - မြန်မာလုပ်သားတို့၏ ထိုင်းအိပ်မက်

May 2, 2026

အာဏာရှင်တစ်စုကြောင့် မြန်မာနိုင်ငံတွင်း ပဋိပက္ခများပြင်းထန်နေသလို မလုံခြုံမှု၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုများကြောင့် လူငယ်လူရွယ်အများစုက အိမ်နီးချင်းထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာပြီး ရရာအလုပ်ကို ဝင်ရောက်လုပ်ကိုင်လာကြသည်။

စစ်အာဏာသိမ်းပြီးချိန်ကစပြီး ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးလာသည့် မြန်မာနိုင်ငံသား ၇ သန်းကျော်ရှိပြီဟု ထိုင်းလွှတ်တော်ကော်မတီဥက္ကဋ္ဌက ထုတ်ဖော်ပြောဆိုထားသည်။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခနှင့် စီးပွားရေးအကျပ်အတည်းကြောင့် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးလာခြင်းဖြစ်ကြောင်း လည်းပြောဆိုသည်။

ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိလာသည့် ရွှေ့ပြောင်းမြန်မာအများစုက စက်ရုံအလုပ်ရုံများ၊ စားသောက်ဆိုင်၊ ဟိုတယ်၊ ဥယျာဉ်ခြံများတွင် ဝင်ရောက်လုပ်ကိုင်ကြသည်။

လက်ရှိတွင် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများကြောင့် ထိုင်းနိုင်ငံ၏စီးပွားရေး တရိပ်ရိပ်ကျဆင်းလာနေချိန်တွင် လောင်စာဆီဂယက်ကပါ ထပ်မံလောင်မြိုက်လာသည်။

ယင်းကြောင့် နိုင်ငံခြားအမှာစာများ လျော့နည်းသွားသလို ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုကလည်း ယခင်နှစ်များထက် သိသိသာသာနည်းပါးသွားသည်။

ထို့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအပေါ် ပိုမိုတင်းကျပ်လာသည့် ထိုင်းအစိုးရ၏မူဝါဒများကြောင့်လည်း တရုတ်စက်ရုံအလုပ်ရုံအများအပြား ရပ်နားကုန်သည်။

အကျိုးဆက်အနေဖြင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားထောင်ပေါင်းများစွာ အလုပ်ပြုတ်ပြီး အလုပ်လက်မဲ့ဖြစ်လာကြသည်။

မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်တပ်ဖိနှိပ်မှုများကြောင့် စီးပွားရေး၊ လူမှုရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးပြီး လုံခြုံမှုကင်းမဲ့မှုကြုံနေရသည့် ထိုင်းရောက်မြန်မာနိုင်ငံသားများမှာ ‘ကံဆိုးမသွားရာ မိုးလိုက်ရွာ’ ခံရသည့် ဘဝများဖြစ်လာကြသည်။

အထောက်အထားမျိုးစုံအတွက် ငွေကျပ်သိန်းဆယ်ချီကုန်ကျနေရသည့် အလုပ်လက်မဲ့မြန်မာများမှာ ထိုင်းနိုင်ငံအတွင်း ဘဝ၏ ချို့တဲ့မှုဒဏ်ကို အံကြိတ်ခံနေကြရသည်။

ထိုကြောင့် ထိုင်းရောက်မြန်မာများ၏ ဘဝတိုက်ပွဲ၊ ခက်ခဲကျပ်တည်းမှု၊ မွန်းကျပ်မှုအခြေအနေများကို သိရှိနိုင်ရန် ယခုအပတ် တနင်္သာရီအပတ်စဉ်ပုံရိပ်အစီအစဉ်တွင် မေးမြန်းတင်ဆက်လိုက်သည်။

“အခုလိုမျိုး အလုပ်ပြုတ်သွားတော့ အိမ်ကို မိသားစုကို ထောက်ပံ့ဖို့ အဆင်မပြေတော့ဘူးလေ”

ရန်ကုန်ဒေသခံတစ်ဦး၊ ချွန်ဘူရီ ဘောဝင်းဒေသ ပရိဘောဂစက်ရုံက အလုပ်ဖြုတ်ခံရသူ

DW ။ ဘယ်အချိန်လောက်တုန်းက အလုပ်ဖြုတ်ခံရတာလဲ။ စက်ရုံဘက်က ဘယ်လိုပြောပြီး ထုတ်လိုက်တာလဲ။

ဖြေ ။ သုံးလပိုင်း ၂ ရက်နေ့ကနေစပြီးတော့ ဖြုတ်ပစ်လိုက်တာမဟုတ်ဘူး။ ကျွန်တော်တို့စက်ရုံက အလှည့်ကျနဲ့ နားရတာ။ ၁၀ ရက်နားဆိုပြီးတော့ ပြောလိုက်တာ။ ၂ ရက်နေ့ကနေ စနားလိုက်တာ ၁၀ ရက်နား နေ့စားခမပေးဘူး။ အမှန်တကယ်က ၁၂ ရက်နေ့ ပြန်ဆင်းရမယ်ဆိုတော့ အလုပ် Group တွေထဲ မေးတာပေါ့။ မဆင်းရသေးဘူး ဆက်နားတဲ့ ဆိုတော့လည်း ဆက်နားပေါ့။ ၁၆ ရက်နေ့ ဆင်းရမယ်ပြောပြီး ၁၆ ရက်နေ့ကျတော့ မဆင်းရဘူးတဲ့။ ကျွန်တော်တို့အဖွဲ့ကို တန်းဖြုတ်လိုက်ပြီဆိုပြီး အလုပ်က ဖြုတ်လိုက်တာ။

DW ။ အလုပ်လုပ်ခဲ့တာက ဘာစက်ရုံလဲ။ စက်ရုံက အလုပ်သမား ဘယ်နှစ်ဦးကို အလုပ်ဖြုတ်လိုက်တာလဲ။

ဖြေ ။ အထပ်သားပြားလို့ခေါ်တဲ့ ပရိဘောဂစက်ရုံပေါ့။ စက်ရုံပေါင်းက ၉ ရုံရှိတယ်။ ကျွန်တော်တို့က နံပါတ် ၂ ရုံမှာ အလုပ်လုပ်နေတာ။ ကုန်ကြမ်းကနေ ကုန်ချောကို ထုတ်တဲ့အချိန် စက်ကထွက်လာတာကို ကျွန်တော်တို့က ပါကင်ပိတ်ပေးရတာ။ ပါကင်ပိတ်ပြီးတော့ နိုင်ငံခြားကိုပို့ဖို့ ပါကင်ပိတ်ရုံထဲကို တစ်ခါတည်း ထည့်ပေးရတာပေါ့။ စက်ရုံ ၉ ရုံ စလုံးပေါင်းလိုက်ရင် အလုပ်သမား ၁၀၀၀ ကျော်လောက်တော့ရှိတာပေါ့။ အလုပ်ဖြုတ်ခံရတာက အယောက် ၂၀၀ ကျော်တယ်။

DW ။ စက်ရုံဘက်က အလုပ်သမားတွေကို အလုပ်ထုတ်တဲ့အချိန် ဘယ်လို အကြောင်းပြခဲ့လဲ။

ဖြေ ။ ဘာကြောင့်ဖြုတ်လဲဆိုတော့ သူတို့စက်ရုံက အော်ဒါ (အမှာ) တွေ ပါးနေပြီပေါ့နော်။ စက်ရုံကလည်း သိပ်ပြီး မလည်ပတ်နိုင်ဘူး။ ဆီပြဿနာတက်နေတယ်လည်း ပြောတယ်။ US ကလည်း စစ်ဖြစ်နေတော့ ပြည်ပကို မတင်ပို့နိုင်ဘူးတွေ ပြောတာပေါ့။ စက်ရုံထဲမှာ ခေါ်ထားတာက MoU ကနည်းပြီး‌ အောက်လမ်း (စာချုပ်နဲ့မဟုတ်) က များနေတော့ သူတို့အတွက်လည်း အဆင်မပြေဘူးပြောတယ်။ အဲဒါနဲ့ ကျွန်တော်တို့ကို အလုပ်ဖြုတ်လိုက်တဲ့သဘော။

DW ။ စက်ရုံဘက်ကအလုပ်ထုတ်တဲ့အချိန် ဥပဒေအရဆောင်ရွက်ခဲ့လား။ ကြိုတင်အကြောင်းကြားတာမျိုး ရှိလား။

ဖြေ ။ ကြိုတင်အကြောင်းကြားတာမျိုး မရှိပါဘူး။ တကယ်ဆို စက်ရုံဘက်က ကြိုတင်အကြောင်းကြားရမယ်ပေါ့နော်။ မဖြုတ်ခင် တစ်လကြို အကြောင်းကြားရမယ်။ အခုက တစ်လလည်း ကြိုအကြောင်းမကြားဘူး။ ဖြုတ်ပြီဆိုပြီးတော့ ကျွန်တော်တို့ ဆင်းရမယ့်ရက်လည်းကျရော လာမဆင်းခိုင်းတော့ဘူး။ တန်းဖြုတ်ပြီဆိုပြီးတော့ ဖြုတ်ချလိုက်တာ။ အယောက်နှစ်ရာကျော်စလုံးကို။ ကျွန်တော်တို့ဆို အဲဒီစက်ရုံမှာ အလုပ်လုပ်နေတာ တစ်နှစ်ကျော်သွားပြီ။ ဘာနစ်နာကြေး ခံစားခွင့်မှ မရဘူး။ လုပ်သက်နစ်နာကြေးလည်း မရလိုက်ဘူး။

DW ။ အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာရုံးတွေကို တိုင်ကြားထားတာ ရှိလား။ ဘယ်လိုဆောင်ရွက်နေလဲ။

ဖြေ ။ အမှုကတော့ ပိတ်လိုက်ပြီ။ ဆက်ပြီးတော့ လုပ်ဖို့လည်း အဆင်မပြေတော့ဘူးလေ။ ကိုယ့်ဘက်ကစပြီး အမှုကို လိုက်ဖို့ဆိုတာကလည်း ငွေအင်အားရှိရမယ်။ ပြီးတော့ သူတို့ ခေါ်ရင် ခေါ်တဲ့အချိန် သွားရမယ်။ အဲဒီလိုမျိုးပေါ့နော်။ အဲဒါကြောင့်မို့ ကိုယ့်ဘက်က အဆင်မပြေတော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ အမှုပိတ်လိုက်ပြီပေါ့နော်။ ရုံးမှာ လက်မှတ်တောင် ထိုးလိုက်ပြီ။

DW ။ စက်ရုံဘက်က နစ်နာကြေးလည်း မပေးဘူးဆိုတော့ ဘယ်လိုညှိနှိုင်းဖြေရှင်းခဲ့ကြရလဲ။

ဖြေ ။ စက်ရုံဘက်က နစ်နာကြေး မပေးဘူး။ အေဂျင်စီတွေက တစ်ဆင့်ခံပြီး အလုပ်သွင်းပေးထားလို့ အေဂျင်စီတွေကပဲ ရှင်းပေးလိုက်တာပေါ့။ တစ်ယောက်ကိုတော့ ကိုယ့်ရဲ့ လုပ်အားခ ၈ ရက်နဲ့ နားတဲ့ရက်အတွက် တွက်လိုက်တော့ ဘတ် ၉၀၀၀ ကျော် တစ်သောင်းနီးပါးလောက် ရတာပေါ့။

DW ။ လက်ရှိအလုပ်လက်မဲ့ကာလမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲ။

ဖြေ ။ အခုလိုမျိုး အလုပ်ပြုတ်သွားတော့ အိမ်ကို မိသားစုကို ထောက်ပံ့ဖို့ အဆင်မပြေတော့ဘူးလေ။ အဆင်မပြေကြတော့ဘူး။ ဒီမှာ အဆောင်ခတွေရှိတယ်။ ထိုင်းနိုင်ငံမှာက သိတဲ့အတိုင်းပဲ ဘာဆို ဘာမှ အလကားရတာ မဟုတ်ဘူး။ ရေဆိုလည်း ဝယ်သောက်ရတာဆိုတော့။ အဲဒါတွေကအစ အဆင်မပြေဘူးပေါ့။

DW ။ အလုပ်အသစ်ရှာဖို့ ဘယ်လိုဆောင်ရွက်သွားမလဲ။

ဖြေ ။ လုပ်ငန်းနဲ့ ပတ်သက်လို့ကတော့ သူငယ်ချင်းတွေကနေတစ်ဆင့် အဆင်ပြေအောင်တော့ ရှာရမှာပေါ့။ ကိုယ့်သူငယ်ချင်းတွေ ခေါ်ရင် ခေါ်တဲ့ရုံတွေမှာ တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်ထားပြီးတော့ ဝင်ရမှာပေါ့။ ဖြည်းဖြည်းချင်းတော့ ရှာရမှာပေါ့။ အရမ်းကြီး‌ လောလို့လည်း အဆင်မပြေဘူးလေ။ အလုပ်တစ်ခုရှာဖို့ဆိုတာ မလွယ်ဘူးလေနော်။

DW ။ ကျေးဇူးတင်ပါတယ်။

“အလုပ်တွေဆက်တိုက်အဖြုတ်ခံရမယ့် အခြေအနေတွေ ၂၀၂၆ ခုနှစ်ထဲမှာ အများကြီးဖြစ်ပေါ်လာဦးမယ်”

အေအေစီရဲမင်း၊ ထိုင်းရောက်မြန်မာအလုပ်သမားအရေးဆောင်ရွက်သည့် MHAC မဟာမိတ်အဖွဲ့ခေါင်းဆောင်

DW ။ လက်ရှိထိုင်းမှာ မြန်မာအလုပ်သမားတွေ ဆက်တိုက်အလုပ်ထုတ်ခံနေရတယ်လို့ သိရပါတယ်။ ဘယ်လို အခြေအနေရှိလဲ။

ဖြေ ။ အခုရက်ပိုင်း MHAC မဟာမိတ်အဖွဲ့တစ်ခုတည်း (က ရထားတဲ့စာရင်း) တင် အလုပ်ပြုတ်လာတဲ့ အလုပ်သမားအဖွဲ့ပေါင်းက ၁၀ ဖွဲ့ကျော် အလုပ်ရုံ ၁၀ ကျော်လောက်ကို ကူညီတောင်းခံထားတာရှိတယ်။ မကြာခင် ပြုတ်မယ့်အဖွဲ့တွေရော လက်ရှိ ပြုတ်နေတဲ့သူတွေရော လက်ရှိရက်ပိုင်းထဲ ပြုတ်သွားတဲ့သူတွေရောပေါ့။ အခုရက်ပိုင်းပြုတ်တာတောင်မှ အလုပ်သမားထောင်နဲ့ချီရှိနေပြီပေါ့နော်။ ထိုင်းထဲမှာက အခုလက်ရှိ စီးပွားရေး အခြေအနေအရရော စက်သုံးဆီပြဿနာတွေအရရော ရောထွေးပြီး နဂိုကတည်းက သေချာခိုင်မာတဲ့ အလုပ်ရုံတွေမဟုတ်ဘူး။ အခုလက်ရှိ အလုပ်ပြုတ်တဲ့အလုပ်ရုံ တော်တော်များများက တရုတ်လူမျိုးပိုင် လုပ်ငန်းရှင်တွေ များတယ်။ အဲဒီလိုအခြေအနေကို လက်ရှိ ထိုင်းရောက်မြန်မာတွေက ရင်ဆိုင်နေရတယ်။

DW ။ ဘယ်အချိန်ကနေစပြီး မြန်မာအလုပ်သမားတွေက အုပ်စုလိုက် အလုပ်ထုတ်ခံနေရတာလဲ။

ဖြေ ။ အခုဆိုရင် သုံးလပိုင်းကနေ ပိုဆိုးလာတယ်ပေါ့နော်။ နှစ်လပိုင်းကတည်းက စနေပြီ။ တစ်ရုံစ နှစ်ရုံစကနေ ပြုတ်ရင်းနဲ့ သုံးလပိုင်းထဲမှာ ဆက်တိုက်လိုလိုဖြစ်လာတယ်။ အခုအလုပ်ရုံ ၁၀ ကျော်ဆိုတာကလည်း ကိုရဲမင်းတို့အဖွဲ့တစ်ခုတည်းကို သီးသန့်ဝင်လာတာပဲ ရှိသေးတယ်။ အခြားအဖွဲ့တွေမှာလည်း အလုပ်ပြုတ်လို့ အကူအညီတောင်းခံတာမျိုးရှိနေတယ်။ အရေအတွက်ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခြုံပြီးပြောရတာ ခက်ပါတယ်။ ဆိုလိုတာက ဒီရက်ပိုင်း အစုလိုက်အပြုံလိုက် အလုပ်သမားတွေကို အလုပ်ဖြုတ်လာတာကို ထင်ထင်ရှားရှားတွေ့ရတယ်။

DW ။ လတ်တလော အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားအရေအတွက် ဘယ်လောက်ဆိုတာရယ် ဘယ်လို စက်ရုံအမျိုးအစားက ထုတ်နေတာလဲ။

ဖြေ ။ ခန့်မှန်းခြေဆိုရင် အလုပ်ပြုတ်လို့ အကူအညီတောင်းထားတဲ့ စက်ရုံပေါင်း ၁၀ ရုံကျော်လောက်ရှိတယ်။ အလုပ်ပြုတ်မယ့်ဦးရေပေါင်းက အနည်းဆုံး ၃၀၀၀ နဲ့အထက် ရှိတယ်ပေါ့နော်။ စက်ရုံတွေကတော့ အစုံပါပဲ။ အမျိုးအစားတွေက ခွဲပြောဖို့ ခက်တယ်။ ထုတ်ကုန်၊ စားသောက်ကုန်နဲ့ ပတ်သက်တာတွေရော အစုံပါပဲ။

DW ။ ဘယ်ခရိုင်တွေမှာ အလုပ်ထုတ်ခံရမှု ပိုများနေတာလဲ။

ဖြေ ။ လက်ရှိကတော့ ထိုင်းနိုင်ငံထဲမှာ နေရာစုံပါပဲ။ ထိုင်းနိုင်ငံ အလယ်ပိုင်းထဲမှာ ပိုများနေတယ်။ ချွန်ဘူရီ၊ ရယောင်၊ ချာချင်စောင်၊ စမွတ်ပရကန်၊ စမွတ်စာခွန်၊ ဖစ်ဘူရီတို့မှာ ဒါမျိုးတွေ ဖြစ်နေတာပေါ့။ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ အနီးတဝိုက်က မြို့တွေပေါ့။

DW ။ ဘာကြောင့် မြန်မာအလုပ်သမားတွေ အလုပ်ထုတ်ခံရမှု ပိုများလာတာလဲ။

ဖြေ ။ လက်ရှိကတော့ စက်ရုံအလုပ်ရုံတွေ လောလောဆယ် အကြမ်းအားဖြင့် တွက်မယ်ဆိုရင် စက်သုံးဆီ ပြဿနာကြောင့်လည်း ဆိုင်မယ်။ အဓိကတော့ ထိုင်းစီးပွားရေးအခြေအနေနဲ့လည်း ဆိုင်မယ်။ ပြီးတော့ နိုင်ငံခြားက အမှာစာတွေ လျော့နည်းလာလို့နဲ့လည်း ဆိုင်မယ်လို့ မြင်တယ်။ နောက်တစ်ချက်က ထိုင်းနိုင်ငံထဲမှာ တရုတ်လူမျိုးပိုင်တဲ့ ရုံတွေပေါ့နော်။ တရုတ်လူမျိုးဆိုတာ ထိုင်းတရုတ်သူဌေးတွေပိုင်တဲ့ စက်ရုံမျိုးမဟုတ်ဘူး။ တရုတ်ပြည်ကနေလာပြီး တရုတ်လူမျိုးတွေ လာထောင်ထားတဲ့ စက်ရုံအလုပ်ရုံတွေ ချွန်ဘူရီ ရယောင် ချာချင်စောင်ဘက်မှာ အများကြီးရှိတယ်။ အဲဒီလိုတရုတ်လူမျိုးပိုင်ရုံတွေကို ထိုင်းအာဏာပိုင်တွေက အလုပ်သမားအခွင့်အရေးအရရော အလုပ်ရုံအခြေအနေရောကို တော်တော်လေး စိစိစစ်စစ်နဲ့ စစ်ဆေးလာတဲ့အခြေအနေပေါ်မှာလည်း မူတည်တယ်လို့ မြင်တယ်။

DW ။ အလုပ်သမားတွေကို အလုပ်ဖြုတ်တဲ့အချိန် စက်ရုံတွေဘက်က ဥပဒေလိုက်နာမှုရှိလား။ နစ်နာကြေးကို ဘယ်လို တာဝန်ယူပေးလဲ။

ဖြေ ။ စက်ရုံအလုပ်ရုံတွေက အလုပ်သမားတွေကို လျောလျောရှူရှူ အလုပ်ဖြုတ်နစ်နာကြေးပေးတာ ရှားပါတယ်။ ရှိတော့ ရှိတယ်။ တော်တော်များများတော့ မပေးကြဘူး။ လာတိုင်ကြားတယ်ဆိုတာကလည်း နစ်နာကြေးတွေကို လျောလျောရှူရှူနဲ့ မပေးကြလို့။ အဆင်ပြေစွာနဲ့ မလုပ်ဆောင်ပေးလို့။ ဥပမာဆိုရင် (ဘတ်)တစ်သောင်းလောက် ရမယ့်နေရာမှာ ၂၀၀၀၊ ၃၀၀၀ လောက်နဲ့ ပေးချင်တာမျိုးတွေ။ အချို့ကျတော့ လုံးဝ မပေးချင်တာမျိုးတွေ။ ကိုရဲမင်းတို့ လက်ရှိဖြေရှင်းပေးနေရတဲ့ အလုပ်ရုံ ၁၀ ရုံကျော်ဆိုတာက အဲဒီလို case (ဖြစ်စဉ်) မျိုးတွေပဲ။ အဲဒီတော့ ထိုင်းဥပဒေအရ အလုပ်သမားအခွင့်အရေးအရ အလုပ်ဖြုတ်နစ်နာကြေးတွေကို ဥပဒေအရ ဆာဝါဒီကန်လို့ခေါ်တဲ့ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာနတွေမှာ ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီးတော့ တိုင်ကြားပြီးတော့ ရယူရတာက များပါတယ်။ အလုပ်သမားတွေက ကိုယ့်ရဲ့ နစ်နာကြေးတွေကို ဥပဒေအရ ရင်ဆိုင်ပြီးမှ ရရှိကြတာ များပါတယ်။ လျောလျောရှူရှူနဲ့ ရကြတာ နည်းပါတယ်။

DW ။ စက်ရုံတွေက အလုပ်သမားတစ်ဦးကို အလုပ်ဖြုတ်ရင် ဥပဒေအရ ဘယ်လိုဆောင်ရွက်ရမလဲ။

ဖြေ ။ ပုံမှန်တော့ အလုပ်သမားကို ကြိုတင်အကြောင်းကြားရမယ်။ အခုက အလုပ်သမားကို ကြိုတင်အကြောင်းမကြားဘဲ ရုတ်တရက် ဖြုတ်ပစ်ကြတာ များပါတယ်။ ဒါကြောင့် တစ်လ ကြိုတင်အကြောင်းကြားရမယ်။ အလုပ်သမားကလည်း အလုပ်ထွက်တော့မယ်ဆိုရင် အလုပ်ရှင်ကို တစ်လကြိုတင်အကြောင်းကြားရမယ်ဆိုတဲ့ အလုပ်ရှင်၊ အလုပ်သမား ဥပဒေက ရှိပြီးသားပဲလေ။ အဲဒီတော့ အလုပ်ရှင်ဘက်က ကြိုတင် တစ်လ အကြောင်းကြားရမယ်။ နောက် ထိုက်သင့်တဲ့ နစ်နာကြေးတွေကို ထိုင်းအစိုးရ သတ်မှတ်ထားတဲ့အတိုင်း ထိုင်းနိုင်ငံ ဥပဒေပါအတိုင်းပေးရမယ်။ ဒါကတော့ နှစ်ဖက် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေပဲ။

DW ။ စက်ရုံတွေက ဥပဒေအရ မလုပ်ဆောင်ဘဲ အလုပ်ထုတ်ခဲ့ရင် အလုပ်သမားတွေအနေနဲ့ ဘယ်လို ဆက်လုပ်သင့်လဲ။

ဖြေ ။ အစုလိုက် အပြုံလိုက် အလုပ်ထုတ်ခံရပြီဆိုရင်တော့ အဓိကက အားလုံး စုစုစည်းစည်းနဲ့ စည်းစည်းလုံးလုံးနဲ့ အလုပ်ရုံဘက်နဲ့ အရင် ညှိနှိုင်းမယ်။ ကျွန်တော်တို့ကို ဘယ်လို ထိုက်သင့်တဲ့ နစ်နာကြေးကို ပေးမှာလဲ။ ဘယ်လိုကြောင့် အလုပ်ဖြုတ်တာလဲဆိုတာ စကားပြောမယ်။ အဲဒီအဆင့်မှာ မပြေလည်ဘူးဆိုရင်တော့ အခုသက်ဆိုင်ရာ နယ်မြေခံ ဆာဝါဒီကန်ရုံးတွေ ကျဟာငန်ရုံးတွေ အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ရေးရုံးတွေ ခရိုင်တိုင်းမှာရှိတယ်။ အဲဒါကနေ ကူညီချိတ်ဆက်ပြီး တောင်းလို့ရတယ်။ အဲဒါတွေနဲ့ အကူအညီတောင်းလို့ မတတ်ဘူးဆိုရင် MHAC မဟာမိတ်အဖွဲ့လိုမျိုး အလုပ်သမားကူညီရေး အဖွဲ့လိုမျိုးတွေကို ချိတ်ဆက်ပြီး အကူအညီတောင်းလို့ရတယ်။

DW ။ အလုပ်လက်မဲ့ မြန်မာအလုပ်သမားတွေ ရှေ့ဆက် ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရနိုင်လဲ။

ဖြေ ။ ထိုင်းနိုင်ငံမှာ နစ်နာကြေးတွေ ရတယ်ဆိုပေမယ့် ဒီနစ်နာကြေးတွေက မဖြစ်စလောက်ပါ။ အဓိက အစုလိုက် အပြုံလိုက် အလုပ်တွေပြုတ်လာတယ်။ အလုပ်လက်မဲ့ဦးရေတွေ တိုးလာတယ်။ နောက် အလုပ်သစ်တစ်ခုရဖို့ ဆိုတာကလည်း အခုလို စပ်ကူးမပ်ကူးကာလ သင်္ကြန်ကာလ အလုပ်တွေရှားပါးနေတဲ့ကာလမှာ အလုပ်ပြုတ်သွားတဲ့ အလုပ်သမားတွေ အလုပ်အသစ်တစ်ခုရဖို့ဆိုတာ တော်တော်လေးတွေ ခက်ခဲကုန်တာပေါ့နော်။ အဲဒီလိုအခြေအနေတွေကို မြင်နေရတယ်။

DW ။ အလုပ်သမားတွေအတွက် ဘာအကြံပေးချင်လဲ။

ဖြေ ။ ထိုင်းနိုင်ငံထဲမှာ အလုပ်တွေဆက်တိုက်အဖြုတ်ခံရမယ့် အခြေအနေတွေ ၂၀၂၆ ခုနှစ်ထဲမှာ အများကြီး ဖြစ်ပေါ်လာဦးမယ်။ အဲဒီတော့ ထိုင်းရောက်မြန်မာအလုပ်သမားတွေ နောက်တက်လာတဲ့ အလုပ်သမားတွေလည်း အများကြီး ပန်းရောက်ဘတ်တွေသာ ရိုက်နေတာ အလုပ်မရသေးတဲ့သူက အများကြီး အလုပ်လက်မဲ့တွေက အများကြီးဖြစ်နေတယ်။ အခု အလုပ်ဖြုတ်ခံရတဲ့သူတွေပါဆိုရင် အလုပ်လက်မဲ့ဦးရေက ထပ်တိုးလာဦးမှာပေါ့။ အဲဒီတော့ လက်ရှိအလုပ်ရုံတွေမှာ မြဲနေတဲ့ လူဟောင်းတွေက လုပ်အားပုံမှန်ရှိတယ်။ OT (အချိန်ပို) ပုံမှန်ရှိတယ်။ အချို့ရုံတွေ OT မရှိဘူး အလုပ်ပုံမှန်နေ့စဉ်ရှိနေတယ်။ လုပ်အားခပုံမှန်ရှင်းတယ်ဆိုရင် အဲဒီလိုအလုပ်ရုံတွေမှာ ကိုယ့်အသက်လို တန်ဖိုးထားပြီးတော့ စိတ်ရှည်ရှည်နဲ့ သည်းခံပြီးတော့ OT မရှိပေမယ့်လည်း တောင့်ခံပြီးတော့ လုပ်ကိုင်ကြပါဦးလို့ ၂၀၂၆ အတွက် သတိပေးစကားပြောချင်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“နှစ်တိုင်း နီးပါးနဲ့စာရင်တော့ အခုနှစ်က အခက်ခဲဆုံးလို့ပြောလို့ရတယ်”

ထားဝယ်ဒေသခံအမျိုးသမီးတစ်ဦး၊ ဟိုတယ်နှင့် စားသောက်ဆိုင်ဝန်ထမ်း၊ ပါတောင်ကမ်းခြေ၊ ဖူးခက်မြို့။

DW ။ အခုထိုင်းနိုင်ငံက ဘယ်နေရာမှာ ဘာအလုပ်လုပ်နေလဲ။ ထိုင်းကိုရောက်တာဘယ်လောက်ကြာပြီလဲ။

ဖြေ ။ အခုက ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ ပါတောင်(ကမ်းခြေ) မှာနေပါတယ်။ ဟိုတယ်နဲ့ စားသောက်ဆိုင်မှာအလုပ်လုပ်ပါတယ်။ ထိုင်းရောက်တာတော့ လေးနှစ်လောက်ရှိပြီ။

DW ။ အခု ထိုင်းမှာ ဆုန်ကရန် (သင်္ကြန်ကာလ) နောက်ပိုင်း အလုပ်ထုတ်ခံရတာတွေများလာတယ်။ ပတ်ဝန်းကျင် မှာရော အလုပ်ထုတ်ခံရသူတွေရှိလား။

ဖြေ ။ (အလုပ်ထုတ်ခံရသူတွေ) ရှိတယ်ရှင့်။ သင်္ကြန်ပြီးတဲ့အချိန်မှာ Low season နဲ့ High season ဆိုပြီးရှိတော့ Low season မှာ အလုပ်သမားတွေလျှော့တာရှိတယ်။ ကျွန်မတို့အလုပ်နဲ့ပြောမယ်ဆိုရင် စားသောက်ဆိုင်တစ်ဆိုင်မှာ ဥပမာ waiter (စားပွဲထိုး) ငါးယောက်ရှိရင် Low season ရောက်ရင် နှစ်ဦးလောက်ပဲထားတယ်။ သုံးယောက်ဖြုတ်မယ်။ မီးဖိုမှာ ငါးယောက်ရှိရင် စားဖိုမှူးနဲ့အကူလောက်ပဲ ထားတော့တယ်။ ကျန်တဲ့သူဖြုတ်တယ်။ အဲဒီလိုတွေရှိတယ် ။

DW ။ ဒီအခြေအနေက နှစ်တိုင်းကြုံရလား။

ဖြေ ။ နှစ်တိုင်းပဲရှင့်။ Low season မှာ လူ(ဧည့်သည်) မရှိတာကြောင့် အလုပ်ဖြုတ်တယ်။

DW ။ ဒီလိုအဖြုတ်ခံလိုက်ရရင် ဘယ်လိုရပ်တည်လည်ပတ်ကြသလဲ။ High season ပြန်မရောက်ခင် ကြားကာလမှာပေါ့လေ။

ဖြေ ။ အချို့တွေက ဒီလိုပဲ အခြားအလုပ်တစ်ခုပဲ ပြန်ရှာရတာပေါ့။ အချို့ကျတော့လည်း အလုပ်မလုပ်ဘဲနဲ့ ဒီလိုပဲ မှေးပြီး ပြန်နေရတာပေါ့။ High season က သြဂုတ်လ၊ စက်တင်ဘာလကနေစ ဧည့်သည်ပြန်များလာတယ်။ ဖြုတ်တဲ့အချိန် ဇွန်လလောက်ကနေ ကြားထဲမှာ ၂ လလောက်ကတော့ ဒီလိုပဲသွားရတာပေါ့။ ခရီးသည်အများဆုံးက အောက်တိုဘာလ ကနေစ အခုဧပြီလောက်အထိ သင်္ကြန်ကာလအထိပေါ့။ လုပ်ငန်းခွင်များတယ် အဲဒီအချိန်တွေ။ ဧပြီလကနေ သြဂုတ်၊ စက်တင်ဘာလလောက်အထိကတော့ အလုပ်ဖြုတ်ခံရတာတွေများတယ်။ ဧည့်သည်တွေ မရှိတဲ့အတွက်ကြောင့် High season ကတော့ စက်တင်ဘာလလောက်မှ ပြန်ဝင်လာကြတယ်။

DW ။ အလုပ်ဖြုတ်ခံရတာက ဘယ်လိုရွေးချယ်ပြီးအဖြုတ်ခံကြရလဲ။

ဖြေ ။ ဖြုတ်ချင်သလိုဖြုတ်တာမျိုးတော့မဟုတ်ဘူး။ တချို့တွေက ဆိုင်မှာ အသစ်ဝင်လာတဲ့သူတွေ လုပ်ရည်ကိုင်ရည်မရှိတဲ့သူတွေ အဲဒီလူတွေကျရင် အလုပ်ဖြုတ်ရာမှာပါတယ်။ တချို့ တွေကျတော့လည်း ဆိုင်က လုံးဝပိတ်ပစ်လိုက်တာမျိုးလည်းရှိတယ်။

DW ။ အခုတစ်နှစ်၊ နှစ်နှစ်ထဲမှာ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းဘက်ထွက်လာသူတွေများလာတယ်။ အဲဒီထဲက ထားဝယ်ဒေသခံအများစုက ဖူးခက်တို့ ကော့စမွေတို့ ကျွန်းတွေဘက်ကို အရောက်များတယ်။ အဲဒီတော့ အလုပ်အကိုင်အခွင့်အလမ်းတွေက မျှမျှတတရကြရဲ့လား။

ဖြေ ။ ခရီးသွားရာသီ ဧည့်သည့်များတဲ့ရာသီဆိုရင် (အလုပ်သမား) အများကြီးလိုတယ်။ အများကြီးလိုတော့ အခုရောက်လာတဲ့သူတွေနဲ့ တချို့ဟိုတယ်တွေက အလုပ်ခန့်ကြတယ်။ အလုပ်မရှိတဲ့သူက ဖူးခက်မှာ ရှားတယ် ပြောရမယ်။ အဓိကတော့ အလုပ်မမြဲတာ။ အချို့တွေဆို ဘာသာစကားအခက်အခဲရှိတဲ့အတွက်ကြောင့် ရှိတဲ့အလုပ်လုပ် လုပ်ပြီးရင်ထွက် အဲဒီလိုတွေပေါ့။ အချို့ကျတော့ အလုပ်မမြဲတာ။ အဓိက အလုပ်ချိန်လည်းများတယ် ။ လုပ်ခလစာနည်းတယ်။ (အလုပ်ချိန်) အများဆုံးက ၁၂ နာရီ။ ၈ နာရီ (အလုပ်ချိန်)ဆိုင်တွေက နည်းတယ်။ ကျွန်မတို့ဆို ဖူးခက်မြို့ ပါတောင် ကမ်းခြေမှာဆို ၁၂ နာရီဆိုင်တွေများတယ်။ ကျွန်မတို့ ဖူးခက်မြို့ရဲ့ အခြေခံလစာက(ဘတ်ငွေ) ၁၂၀၀၀ ကနေစတယ်။ ကျွန်မတို့ပါတောင်မှာတော့ အလုပ်စမတ် (အလုပ်လျှောက်) ကတည်းက ဘတ်(အလုပ်လုပ်ခွင့် အထောက်အထား) ရှိလား ဘတ်မရှိဘူးလားပေါ့။ တချို့ဆိုင်တွေကျတော့လည်း ဘတ်မရှိဘဲ လက်ခံတယ်။တချို့က ဘတ်ရှိမှလက်ခံတယ် ။ (လုပ်အားခကတော့) အတူတူပဲ ဘတ်ရှိရှိမရှိရှိ။ ကိုယ့်ဟာကိုယ်နဲ့ နေထိုင်ဖို့ကတော့ လုံလောက်ပါတယ်။ အိမ်ပို့မယ် ဘာလုပ်မယ်ဆိုရင်တော့ မလုံလောက်ဘူး။ ဘာလို့လဲဆိုတော့ အိမ်ခန်းခတွေက တစ်လကို ဘတ်ငွေငါးထောင် ခြောက်ထောင် အများဆုံးသွားကြတယ်ဆိုတော့ စားစရိတ်သောက်စရိတ်နဲ့ဆိုတော့။

DW ။ အခု ဖူးခက်ကိုရောက်နေတာလည်း လေးနှစ်လောက်ရှိပြီ ဆိုတော့ အဲဒီကာလတွေထဲ ဘယ်နှစ်ပိုင်းတွေက အခက်အခဲဆုံးလဲ။

ဖြေ ။ နှစ်တိုင်း နီးပါးနဲ့စာရင်တော့ အခုနှစ်က အခက်ခဲဆုံးလို့ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ နှစ်တိုင်းသည် လေးလပိုင်း (ဧပြီလ)လောက်အထိ ဧည့်သည်က အရမ်းများတယ်။ အခုနှစ်ကျတော့ ပီမိုင် (Happy new year ) ပြီးကတည်းက တစ်လပိုင်း(ဇန်နဝါရီလ) လောက်ကတည်းက ဧည့်သည်တွေလုံးဝပြတ်ထွက်သွားတယ်။ အခု လေးလပိုင်းလောက်မှာဆိုရင် ဆိုင်တွေပိတ်ချတာ ၊ အလုပ်သမားတွေလျှော့ ၊ အရမ်းလျှော့တယ် အခုနှစ်မှာ။

DW ။ ခရီးသည်အဝင်အထွက်နည်းတာက အရှေ့အလယ်ပိုင်း စစ်ပွဲနဲ့ စက်သုံးဆီ အခက်အခဲတွေကြောင့်လား။

ဖြေ ။ ဟုတ်တယ်ရှင့်။ အခုနှစ်မှာ နိုင်ငံခြားသားအဝင်အထွက် အရမ်းနည်းတယ်ရှင့်။

DW ။ ဖြည့်စွက် ပြောကြားလိုတာပြောပေးပါ။

ဖြေ ။ သူများနေရာကို ရောက်နေတဲ့အတွက် ကြိုးစားပြီး ပိုက်ဆံစု ငွေချွေတာပြီးတော့ ကိုယ့်နိုင်ငံ တစ်နေ့အေးချမ်းတဲ့အခါ ပြန်ပြီးတော့ နေရာအခြေပြန်ချပြီး ကိုယ်လုပ်ချင်တာတွေ လုပ်ကြပေါ့လေ။ သူများနေရာရောက်နေတယ်ဆိုပြီး ပိုက်ဆံတွေအများကြီး မသုံးကြနဲ့ပေါ့လေ။

DW ။ ကျေးဇူးတင်ပါတယ် ။

“ဒီအလုပ်နားလိုက်ရရင် အိမ်ခန်းခနဲ့ စားစရိတ်လိုလာပြီပေါ့”

အသက် ၅၀ ကျော်အရွယ် ဝါတန်းလှေသားတစ်ဦး၊ နန်ယွန်မြို့၊ ထိုင်းနိုင်ငံတောင်ပိုင်း

(ဝိုင်းကြီးချုပ်စနစ်ဖြင့် ငါးဖမ်းသည့်လှေကို ဝါတန်းဟုခေါ်သည်)

DW ။ အစ်ကို့အနေနဲ့ လှေလိုက်နေတဲ့သက်တမ်းဆိုရင် ဘယ်လောက်ကြာနေပြီလဲ။

ဖြေ ။ လှေလိုက်နေတဲ့သက်တမ်းဆိုရင်တော့ အားလုံးခြုံလိုက်ရင် နှစ် ၃၀ လောက်ရှိနေပြီ။ ဝါတန်းတစ်မျိုးပဲ။

DW ။ ဝါတန်းလှေတစ်စီးမှာဆိုရင် လှေသားဘယ်နှစ်ယောက်လောက်ရှိကြလဲ။

ဖြေ ။ လှေငယ်ဆိုရင် ၁၇ ယောက် ၁၈ ယောက်လောက်ရှိတယ်။ လှေကြီးတွေမှာဆို အနည်းဆုံး ၂၆ ယောက်ကနေ ၃၁ ယောက်အထိ ရှိတယ်။

DW ။ လက်ရှိလုပ်နေတဲ့ နန်ယွန်ဒေသမှာဆိုရင် လှေတွေရပ်နားထားတဲ့အခြေအနေက ဘယ်လောက်များလဲ။

ဖြေ ။ လှေတွေနားထားကြတာက လူ(လှေသား)မပြည့်လို့ နားထားရတဲ့လှေရှိတယ်။ သူဌေးတွေက လှေသားတွေရဲ့ အလိုကို မလိုက်နိုင်လို့ လှေသားမရှိဘဲ နားနေရတဲ့လှေတွေရှိတယ်။ ညစ်ပတ်တဲ့သူဌေးတွေရှိသလို ကောင်းတဲ့သူဌေးတွေလည်း ရှိတာကိုး။

DW ။ ဘယ်အချက်တွေက လှေသားနဲ့ သူဌေးကြားအဆင်မပြေကြတာလဲ။

ဖြေ ။ ဝါတန်းလှေတွေက ဒီနေ့ပိုက်တက် မနက်ဖြန်ဆို ပိုက်ဆံပေးပြီလေ ပိုက်ချစရိတ်။ အချို့သူဌေးတွေကရှိတယ် ဒီနေ့ပိုက်တက်ပြီး နောက်ရက်တွေစောင့်ပါဦးဆိုပြီး မရ(မပေး)တဲ့ သူဌေးတွေကရှိတယ်။ ပိုက်ချစရိတ်က ၁၃၀၀၀ ဘတ်ရှိတယ်။ ၁၂၀၀၀ ဘတ်ပေးတာရှိတယ်။ လုပ်ငန်းကျွမ်းကျင်မှုနဲ့ လစာအပေါ်မူတည်ပြီး ပေးတာပေါ့။

DW ။ စက်သုံးဆီအခက်အခဲကြောင့် နားနေရတဲ့လှေတွေရောရှိလား။

ဖြေ ။ ဆီကြောင့် နားနေကြရတာက ခဏပဲလေ။ အခုက ဆီကပြဿနာမရှိတော့ဘူးလေ။ လှေသားမပြည့်လို့ နားနေရတဲ့လှေတွေ ရှိတယ်။ လှေသားတွေနဲ့ညှိနှိုင်းလို့မရလို့ နားနေရတဲ့လှေတွေများတယ်။ ဝါတန်းတွေများတယ်။ နားနေရတဲ့လှေက အနည်းဆုံးမရှိဘူးဆိုရင် အစီးရေ ၂၀ လောက်ရှိတယ်။

DW ။ အဲဒီလိုဆိုရင် အလုပ်နားထားရတဲ့ လှေသားတွေက ဘာတွေလုပ်နေကြလဲ။

ဖြေ ။ လုပ်နေတာမမြင်ရဘူး။ ဒီလိုပဲ မိန်းမရှိတဲ့လူကလည်း မိန်းမကိုမှီခိုပြီး တစ်လတစ်လေနားနေကြတာရှိတယ်။ နန်ယွန်မှာမြင်ရတာပြောပါတယ်။ ဒီကြားထဲမှာ ရေရှူး(အလုပ်သမားခေါင်းဆောင်)နဲ့ လှေသားတွေနဲ့ ပဋိပက္ခဖြစ်ပြီးတော့ စာအုပ်(အထောက်အထား) မလွှဲပေးတာမျိုးတွေလည်း ရှိတယ်။ အကြွေးရှိလို့ ပြန်ဆပ်မှ စာအုပ်ပြန်ပေးမယ်ဆိုတာမျိုးလည်း ရှိတယ်။ ဒီအလုပ်မရရင် အခြားအလုပ်ရှာမယ်ဆို အခက်အခဲဖြစ်နေကြတာပေါ့။

DW ။ အခုဆိုရင် ဆီဈေးကလည်း တက်တယ်။ ငါးဈေးကလည်း အဲဒီလောက်မကောင်းဘူးဆိုတော့ လှေတွေနားနေကြ တယ်လို့ ပြောကြတယ်။

ဖြေ ။ အခုက ငါးဈေးက မကောင်းတာမဟုတ်ဘူး။ ကောင်းတယ်။ ဆီက ပြဿနာနည်းနည်းရှိနေတယ်။ ဆီပြဿနာကြောင့် နားနေကြတာလည်းရှိတယ်။ အဆင်ပြေရင် ပြန်ထွက်မယ့်လှေတွေလည်းရှိတယ်။

DW ။ ရေလုပ်သားတစ်ယောက်အနေနဲ့ဆိုရင် ဒီအလုပ်ကိုနားပြီး အခြားအလုပ်လုပ်ဖို့က လွယ်ရဲ့လား။

ဖြေ ။ မလွယ်ဘူး။ ရေလုပ်သားတွေ ကုန်းပေါ်ပြန်တက် (ကုန်းအလုပ်) ဖို့ဆိုတာ အရမ်းခက်ခဲတယ်။ ကုန်းပေါ်က လူက ရေထဲ(လှေသားလုပ်) ဆင်းရင် လွယ်လွယ်လေးပဲ။ အဓိက ခက်ယဉ်း(ခက်ခဲ)တာက စာရွက်စာတမ်းပေါ့နော်။ ပြောင်းရ ပင်ပန်းတယ်။ ပိုက်ဆံလည်း ကုန်တာပဲ။ ကုန်ပြီးတော့ သူဌေးရော လှေသားပါ သွားရလာရခက်ခဲတာပေါ့။ တစ်နေရာတည်းမှာ မပြီးဘူးဆိုတော့။ ရှိသမျှစာရွက် အကုန်ပြောင်းရွှေ့ပြီးမှ အလုပ်ပြောင်းလို့ရတယ်။ ရေဘတ်နဲ့ ကုန်းဘတ်နဲ့မတူဘူး။

DW ။ အခုလိုအခင်းအကျင်းမှာ မိသားစုက အစ်ကို့ကိုပဲ မှီခိုနေကြရတယ်ပေါ့နော်။အခုလိုမျိုး အလုပ်တွေနားနေ ရတဲ့အချိန်မှာ ဘယ်လိုစိုးရိမ်ချက်တွေရှိလဲ။

ဖြေ ။ စိုးရိမ်ချက်တွေရှိတယ်။ ကိုယ်လုပ်နေတဲ့လှေ၊ ကိုယ်လုပ်နေတဲ့လုပ်ငန်းတစ်ခုက နားလိုက်ပြီဆိုရင် ကိုယ်တွေမှာ ပင်ပန်းသွားမယ်။ မိသားစုစားဝတ်နေရေးအတွက် စိုးရိမ်တယ်။ ကိုယ့်ကိုမှီခိုပြီး နေတယ်မဟုတ်လား။ သားသမီး ဇနီးဆိုတာက။ ကိုယ်လဲကျသွားရင် ပင်ပန်းပြီလေ။ ကိုယ်က လဲကျခိုင်းလို့မရဘူး။

DW ။ အခုလက်ရှိလုပ်နေတာက တစ်လဘယ်လောက်ရလဲ။

ဖြေ ။ ဝိ(တစ်လလျှင် ဘတ်နှစ်ထောင်)နဲ့ လစာနဲ့ဆိုရင် တစ်သောင်းခွဲလောက်တော့ရတာပေါ့။ အိမ်ခန်းခနဲ့ စားစရိတ်နဲ့တော့ မျှနေတာပဲ။ အပိုငွေတွေ စုဆောင်းလို့မမိဘူးပေါ့ကွယ်။ ဒီအလုပ်နားလိုက်ရရင် အိမ်ခန်းခနဲ့ စားစရိတ်လိုလာပြီပေါ့။

DW ။ ဒီအတွက်ရော ဒီလိုဖြစ်လာရင် ဘာလုပ်မယ်ဆိုတာမျိုး ကြိုတင်ပြင်ဆင်ထားတာရှိလား။

ဖြေ ။ ကိုယ်တတ်ထားတဲ့ လက်မှုပညာတော့ရှိတာပေါ့နော်။ ဒီအလုပ်နားလိုက်ရပြီဆိုရင် ထပ်ရှာဖို့မလွယ်ဘူးဆိုရင် ရတဲ့အလုပ်တော့ လိုက်လုပ်ရမှာပေါ့။ ဒီလိုပဲ လိုက်လုပ်ရဦးမှာပေါ့။ မိသားစုစားဖို့အတွက်ကတော့။

DW ။ ကျေးဇူးတင်ပါတယ်ခင်ဗျား။