ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမုန်းတရားတွေဟာ ဖုန်းပေါ်မှာတင် ရပ်သွားမှာမဟုတ်ဘူး …

May 30, 2026

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအချို့မှာ လက်နက်ကိုင်ပဋိပက္ခအပါအဝင် ပဋိပက္ခမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ ခက်ခဲတဲ့ကာလတစ်ခုကို ဖြတ်ကျော်နေကြရပါတယ်။ အဲဒီလို ပဋိပက္ခတွေဟာ နိုင်ငံရေး၊ စစ်ရေးနဲ့ ဘာသာရေး၊ လူမျိုးရေး သဘောထား ခံယူချက်တွေ ကွဲလွဲကြရာကနေ စတင်လေ့ရှိကြပါတယ်။

အချက်အလက် မခိုင်မာတဲ့ စွပ်စွဲချက်တွေကို လူမှုကွန်ရက်မှာ ဖြန့်ချိမှုတွေဟာ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေ၊ မတူညီတဲ့ လူ့အသိုင်းအဝိုင်းတွေကို ဆိုးကျိုးတွေသက်ရောက်စေနိုင်ပါတယ်။ နဂိုကတည်းက ပဋိပက္ခအကဲဆတ်တဲ့၊ အာဏာသိမ်း မှုကြောင့် အကျပ်အတည်းဆိုက်ပါ ထပ်ဆိုက်နေတဲ့ မြန်မာနိုင်ငံအတွက်ဆိုရင် ပဋိပက္ခမီးတွေကို ပိုမိုတောက်လောင် စေနိုင်တာ သတိပြုဖို့ လိုအပ်ပါတယ်။

မြန်မာပြည်တောင်ပိုင်းက ကိုးကွယ်ယုံကြည်မှုမျိုးစုံ၊ လူမျိုးစု ပေါင်းစုံနဲ့တည်ရှိနေတဲ့ တနင်္သာရီတိုင်းမှာလည်း စွပ်စွဲ ရေးသားဖြန့်ချိမှု ကဏ္ဍမျိုးစုံကို အင်တာနက်လူမှုကွန်ရက်မျိုးစုံမှာ တွေ့မြင်နေရပါတယ်။

တနင်္သာရီတိုင်းမှာ စွပ်စွဲချက်တွေကို အခြေပြုပြီး အမုန်းတရားလှုံ့ဆော်တာတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေ၊ အဖွဲ့အစည်း အချင်းချင်းကြာ စွပ်စွဲတိုက်ခိုက်တာ၊ မတူညီတဲ့ လူ့အသိုင်းအဝိုင်းတွေကြား အမုန်းတရားဖြန့်ချိပြီး ဆွပေးတာတွေ စတဲ့ လုပ်ဆောင်မှုမျိုးတွေ ပိုမို စိပ်လာတာ တွေ့ရပါတယ်။

ပဋိပက္ခတို့ရဲ့ မြစ်ဖျားခံရာ အချက်အလက် ခိုင်မာမှု မရှိဘဲ စွပ်စွဲတာတွေကို စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးအင်အားစု နှစ်ဖက်စလုံးမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ဖြန့်ချိသူတွေရှိသလို အချို့ကလည်း ရောယောင် ပါဝင်ပြီး အမုန်းစကား သံသရာကြီးထဲမှာ လည်ပတ်နေပါတယ်။

အချက်အလက် ခိုင်မာမှုမရှိတဲ့ စွပ်စွဲချက်တွေ၊ အချက်အလက်အမှန်တချို့ကို အမှားတွေနဲ့ ရောယောင် စွပ်စွဲချက်တွေ၊ အမုန်းစကားတွေဟာ လက်ရှိ တနင်္သာရီတိုင်းမှာ ဘယ်လိုအခြေအနေကို ရောက်ရှိနေတာလဲ၊ ဒီလိုမျိုး အခြေအနေတွေ လျော့ကျသွားအောင် ဘယ်လိုလုပ်သင့်သလဲ ဆိုတာတွေကို ဒေသခံတွေ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ သုတေသီတွေကို မေးမြန်းပြီး ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဥ် အဖြစ် တင်ဆက်လိုက်ပါတယ်။

“သေချာလေ့လာ စုံစမ်းမှုမရှိဘဲ မျှဝေတာတွေလုပ်ကြတော့ အမှားကို အမှန်ထင်တဲ့ နယ်ပယ်ကြီးက ပိုကျယ်ပြန့်လာတယ်”

ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦး

DW ။ လတ်တလော အွန်လိုင်း အထူးသဖြင့် Facebook ပေါ် ခိုင်ခိုင်လုံလုံမရှိဘဲ နိုင်ငံရေးအရဖြစ်စေ၊ လူမှုရေးအရဖြစ်စေ တစ်ယောက်ကိုတစ်ယောက် စွပ်စွဲပုတ်ခတ်နေကြတာတွေကို ဘယ်လောက်အတိုင်းအတာအထိ တွေ့မြင်နေရလဲ။

ဖြေ ။ နိုင်ငံရေးပဋိပက္ခကြား စွပ်စွဲပုတ်ခတ်တိုက်ခိုက်မှုက ကိုးဆယ်ရာခိုင်နှုန်းလောက်ရှိလာတယ်လို့ တွေ့မြင်ရတယ်။ လူမှုရေးအနေနဲ့ကြည့်ရင်လည်း နိုင်ငံရေးနဲ့ ပြန်ဆက်နွယ်နေတယ်။ အမြင်မတူတဲ့ ဘက်နှစ်ဘက်ကြား ကိုယ်လုပ်တာ အမှန်ဆိုတဲ့ အတွေးမျိုးနဲ့ စွပ်စွဲတိုက်ခိုက်မှုတွေ ပိုများလာတယ်။

DW ။ ကိုယ်ကိုယ်တိုင်ကျတော့ အဲဒါတွေအပေါ်ဘယ်လိုမြင်လဲ။

ဖြေ ။ မဟုတ်မမှန် စွပ်စွဲတိုက်ခိုက်တာတွေ မလုပ်စေချင်ဘူး။ လူတစ်ယောက်အကြောင်း ပြောတာပဲဖြစ်ဖြစ်၊ လူမှုကွန်ရက် အပေါ်ချပြတာပဲဖြစ်ဖြစ် သက်သေခိုင်လုံမှ သေချာစွာစုံစမ်းပြီးမှ ပြောသင့်ချပြသင့်ပါတယ်။

DW ။ အဲဒီလို စွပ်စွဲပုတ်ခတ်ပြောဆိုရေးသားနေကြတာက လူ့အဖွဲ့အစည်းအပေါ် ဘယ်လို သက်ရောက်မှုတွေရှိလာနိုင်လဲ။

ဖြေ ။ လူထုကြား အမုန်းတရားတွေ၊ ပဋိပက္ခတွေ ပိုများလာနိုင်တယ်။

DW ။ ကိုယ့်အပေါ် အဲဒီလိုမျိုး အထောက်အထားမပါဘဲ စွပ်စွဲရေးသားလာတဲ့အခါ ဘယ်လို တုံ့ပြန်မလဲ။

ဖြေ ။ မဟုတ်မမှန် လာစွပ်စွဲရင် အဲဒီလူတွေကို ရန်သွားတွေ့လို့လည်း မရဘူး။ ရန်သွားတွေ့ရင် ပိုတိုက်ခိုက်တာတွေ များလာ ပြီး အခြေအနေက ပိုဆိုးသွားနိုင်တယ်။ အမှန်တရားဆိုတာ မျက်ကွယ်ပြုလို့ မရဘူး။ တစ်နေ့ အမှန်တရားဆိုတာ ပေါ်လာ မှာပဲလို့ ဒီအတိုင်းအချိန်ကိုစောင့်နေလို့လည်း မရဘူး။ ကိုယ့်ဘက်က သက်သေခိုင်လုံစွာနဲ့ အမှန်တရားကို ပြန်ချပြရမှာပဲ။

DW ။ အခုလို အချက်အလက်မခိုင်မာဘဲ လူမှုကွန်ရက်ပေါ်မှာ အပြန်အလှန်ငြင်းခုံကြနေကြတာရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေက ဘာတွေဖြစ်လာလေ့ရှိလဲ။

ဖြေ။ သက်သေခိုင်လုံမှု မရှိဘဲ ရေးတင်ထားတဲ့ သတင်းတွေကြောင့် အမှားတွေကို အမှန်ထင် သေချာလေ့လာစုံစမ်းမှု မရှိဘဲ (share) မျှဝေတာတွေ လုပ်ကြတော့ အမှားကို အမှန်ထင်တဲ့ နယ်ပယ်ကြီးက ပိုကျယ်ပြန့်လာတယ်။ မြန်မာနိုင်ငံမှာက လူမှုကွန်ရက်အပေါ် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လူတစ်ယောက်အကြောင်းပဲ ဖြစ်စေ၊ အနုပညာသမားတွေရဲ့ အကြောင်းပဲ ဖြစ်စေ၊ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုခု ဖော်ပြလိုက်ရင် မှတ်ချက် (comment) ရေးသူတွေက အပြုသဘောထက် အပျက်သဘော ဆဲဆိုတာက ပိုများတယ်။ အမုန်းတရားတွေ ပိုကြီးထွား ပိုတိုက်ခိုက်နေသလိုပဲ။

DW ။ ဒီလို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကြုံရရင် ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ လက်တွေ့ဘဝအပေါ် ဘယ်လို ဆိုးကျိုးတွေ သက်ရောက်သွားနိုင်တယ်လို့ မြင်ပါသလဲ။

ဖြေ ။ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ ကြုံရရင် စိတ်ထိခိုက်မှာပဲ။ တချို့ဆို မဟုတ်မမှန် စွပ်စွဲတိုက်ခိုက်မှုဒဏ်ကို မခံနိုင်ဘဲ သေဆုံးခြင်းလမ်းကို ရွေးသွားတဲ့သူတွေရှိတယ်။ လူတစ်ယောက်မှာ စိတ်က အရေးကြီးဆုံး။ စိတ်ဒဏ်ရာရသွားရင် ကျန်းမာရေးလည်း ထိခိုက်မယ်။ အလုပ်မှာထိခိုက်နစ်နာမှု တွေ အများကြီးကြုံရမယ်။ တစ်ယောက်တည်း သီးသန့် နေချင်စိတ်တွေ ပိုများလာတယ်။ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရောအားလုံး ဆုံးရှုံးသွား နိုင်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“တစ်စုံတစ်ဦးက ပြစ်မှုကျူးလွန်တာကို လူ့အဖွဲ့အစည်းတစ်ခုလုံးကိုပါ အပြစ်တင်စွပ်စွဲတာက မဖြစ်သင့်ပါဘူး”

ထားဝယ်ဒေသခံ PDF တပ်ဖွဲ့ဝင်ဟောင်း အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦး။

DW ။ အွန်လိုင်းပေါ်ကနေ အမုန်းစကားနဲ့ တိုက်ခိုက်တာတွေ ကြုံရဖူးလား။

ဖြေ ။ တော်လှန်ရေးအစ သပိတ်စစ်ကြောင်းတွေ လိုက်တဲ့အချိန်မှာ ခွဲခြားဆက်ဆံခံရတာမျိုးမရှိဘူး။ PDF တပ်ဖွဲ့ဝင် ဖြစ်သွားတဲ့ အချိန်မှာလည်း ခွဲခြားခံရတာမျိုး မရှိဘူး။ အဆိုးဆုံးက ကျွန်မ PDF တပ်ဖွဲ့ကနေ အနားယူပြီး သတင်းဌာနတစ်ခု မှာ တင်ဆက်သူဝင်လုပ်တဲ့အချိန်မှာ အွန်လိုင်းကနေ အတော်တိုက်ခိုက်ခံရတယ်။ ကျွန်မက တင်ဆက်တဲ့အခါ ဘာသာရေး အရ Hijab (ခေါင်းမီးခြုံ) ဝတ်ထားရင် တိုက်ခိုက်တဲ့သူတွေက လာပြောတယ်။ ထားဝယ်လူမျိုးကို အစ္စလာမ် ဘာသာဝင် တွေ လို့ ထင်ကုန်အောင်လုပ်နေတာလား။ အဲဒီခေါင်းဆောင်ကြီးကို ချွတ်ထားပြီး တင်ဆက်ရမယ် စသဖြင့် မျိုးစုံလာပြောကြ တယ်။ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာသုံးတဲ့ လူမှုကွန်ရက်တွေအထိ လာပြောကြသလို၊ ကျွန်မအလုပ်လုပ်နေတဲ့ သတင်းဌာန ရဲ့ ပေ့ချ်ကိုလည်း ခြိမ်းခြောက်ပြောဆိုတာ၊ မိုက်မိုက်ရိုင်းရိုင်း ပြောဆို စော်ကားတာမျိုးတွေ ကြုံခဲ့ရတယ်။

DW ။ ဘယ်လိုလူတွေက လာပြီး စော်ကားပြောဆိုတာတွေ ကြုံခဲ့ရလဲ။

ဖြေ ။ စစ်ကောင်စီဘက်က လူတွေက ပြောတာထက် ကိုယ်တွေ တော်လှန်ရေးဘက်က လူတွေ၊ တော်လှန်ရေး အကြောင်းအရာတွေကို တင်ထားပြီး ဒီဘာသာရေးအပေါ်မှာ အမြင်စောင်းမှုတွေ၊ ပြောဆိုမှုကြုံရတဲ့အခါ ပိုပြီး စိတ်မကောင်းဖြစ်ရသလို ပိုပြီးလည်း အံ့သြရတယ်။ တော်လှန်ရေးအသိုင်းအဝိုင်းထဲက လူတွေကတော့ အကောင့် အစစ်တွေနဲ့ ဝင်မန့်ကြတာပေါ့။ စစ်တပ်ဘက်ကကျတော့ သူတို့က ဘယ်သောအခါမှ အကောင်အစစ်ဖွင့်တာ မရှိဘူး။ အကောင့်အတုတွေနဲ့ပဲ လျှောက်လိုက်ရေးတာပဲပေါ့ ။ အကောင့်အတုတွေက ပိုများတယ်။

DW ။ တော်လှန်ရေး မတိုင်ခင်ကရော ခွဲခြားဆက်ခံရလား။

ဖြေ ။ တော်လှန်ရေး မတိုင်ခင်ကတော့ ထားဝယ်မှာလည်း ဘာသာရေးနဲ့ပတ်သက်ပြီး ခွဲခြားဆက်ဆံခံရတာက အနည်းငယ် ရှိခဲ့ပါတယ်။ စာသင်ကျောင်းတက်တဲ့အချိန်ကနေစပြီး လုပ်ငန်းခွင်ဝင်တဲ့အရွယ်အထိ တောက်လျှောက် မသိမသာ ခွဲခြားဆက်ဆံခံရတာလေးတွေ ရှိခဲ့ပါတယ်။

DW ။ ဒီလိုတိုက်ခိုက်ခံရတော့ စိတ်အခြေအနေက ဘယ်လိုတွေ ထိခိုက်ခဲ့ရလဲ။ ဘယ်လို ပြင်ဆင်ခဲ့ရလဲ။

ဖြေ ။ တော်လှန်ရေးခေါင်းဆောင်မှုအပိုင်းမှာ ပါနေသူတချို့ကိုယ်တိုင်က လူနည်းစုတွေက လူနည်းစုအခွင့်အရေးပဲ လုပ်နေတော့မှာလား။ တော်လှန်ရေးလည်း လုပ်ပါဦးဆိုပြီး ခွဲခြားပြောဆိုတာမျိုးတော့ပြန်ကြားရတဲ့အခါ စိတ်က ထိခိုက်ရတယ်။ လူနည်းစုတွေက တော်လှန်ရေးဖြစ်စဥ်တွေမှာ ကဏ္ဍအလိုက်ပါဝင်နေတာတွေက လိုသုံးပုံစံဖြစ်သွားမလားလို့ တွေးမိ တာမျိုး ကြုံရတယ်။ သတင်းတင်ဆက်သူအဖြစ်ကနေ အနားယူလိုက်ရတဲ့ အကြောင်းအရင်းတွေ ထဲမှာလည်း လူမှုကွန်ရက် ကနေ ပြောတဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်း ပါပါတယ်။

DW ။ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပြပေးပါ။

ဖြေ ။ အားလုံးက လူသားအချင်းချင်းပဲဖြစ်ကြတယ်။ အခက်အခဲတွေကြုံလာရင် ဒီလူတွေမှာ ဒီလူတွေပဲ ရှိတယ်ဆိုတဲ့ စကားအတိုင်း အပြန်အလှန် ရိုင်းပင်းကူညီပြီး သွားနေကြရတယ်။ အဲဒီမှာ အမုန်းတရားတွေကို လက်ကိုင်ထားပြီး ရှေ့ဆက် သွားမယ်ဆိုရင်တော့ မမျှော်လင့်ထားတဲ့ ဆိုးကျိုးတွေကြုံရနိုင်ပါတယ်။ နောက်ဆုံးတစ်ခုက တစ်စုံတစ်ဦးက ပြစ်မှုကျူးလွန် တာကို လူ့အဖွဲ့အစည်းတစ်ခုလုံးကိုပါ တာဝန်ခံခိုင်းပြီး အပြစ်တင်စွပ်စွဲတာကလည်း မဖြစ်သင့်ပါဘူး။ အဲဒါမျိုးတွေလည်း အခုလက်ရှိအချိန်အထိ ကြုံနေရဆဲဖြစ်ပါတယ်။

DW ။ ကျေးဇူးတင်ပါတယ် ။

“ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့်၊ စာတစ်ကြောင်းကြောင့် လူတစ်ယောက် ကိုသေစေနိုင်တာ၊ လူအများကြီး သေစေနိုင်တာ ဖြစ်သွားနိုင်တယ်”

မြိတ်ခရိုင်က တော်လှန်‌ရေးတပ်ဖွဲ့ဝင် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး။

DW ။ လတ်တလော အွန်လိုင်း အထူးသဖြင့် Facebook ပေါ်မှာ အချက်အလက် ခိုင်ခိုင်လုံလုံမရှိဘဲ တစ်ယောက်ကို တစ်ယောက် စွပ်စွဲပုတ်ခတ်နေကြတာတွေကို ဘယ်လောက်အတိုင်းအတာအထိ တွေ့မြင်နေရလဲ။

ဖြေ ။ တော်‌တော်ဆိုးဆိုးဝါးဝါး‌ အခြေအနေမှာရှိတယ်။ အခုအာဏာသိမ်းကာလမှာ ပိုဆိုးလာကြတယ်။ ဘက်နှစ်ဘက် ရပ်ကြတယ်။ ဓမ္မဘက် ရပ်တည်တဲ့သူလည်းရှိကြတယ်။ အဓမ္မဘက် ရပ်တည်တဲ့သူလည်း ရှိကြတယ်။ အဲဒီ အထဲမှာမှ ‌တော်‌တော်အစွန်း‌‌ရောက်တဲ့ သူတွေရှိကြတယ်။ ဥပမာ ဆိုရှယ်မီဒီယာရဲ့ Trend ကို နားမလည်တဲ့ Ethic (ကျင့်ဝတ်) မရှိတဲ့ လူမျိုးတွေ ရှိကြတယ်။ ဥပမာ Facebook ပေါ်မှာ ပို့စ်တစ်ခု တင်လိုက်တယ်ဆိုလို့ရှိရင် သူများရဲ့ Privacy မှန်းမသိ ဘာမှန်း မသိ အကုန်လုံး နှိုက်နှိုက်ချွတ်ချွတ် အဆိုးဘက်ကို ပေါက်ကရ လိုက်ပြောတာတွေဆိုလို့ရှိရင် ဒါကမြန်မာပြည်ရဲ့ လူထု တော်တော်များများ လုပ်ကြတဲ့အလုပ်လို ဖြစ်နေတယ်။ မြင်သမျှပေါက်ကရတွေ ရေးတဲ့ဟာတွေက အဆင်မပြေဘူး။ ဒါတော်လှန်ရေးကာလမှာဆို ပိုဆိုးတယ်။ လူတစ်ယောက်ရဲ့ နောက်ကြောင်းရာဇဝင်ကို သူတကယ် လုပ်ရပ် ဟုတ်သည် ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဟုတ်လား မဟုတ်လား မဆန်းစစ်ဘဲ မလေ့လာဘဲနဲ့ လူအုပ်ကြီးတစ်ခုလုံးက ဒီကွန်မန့်လေး တစ်ခုမှာ ဖြစ်ဖြစ်၊ ပို့စ်လေးတစ်ခုမှာဖြစ်ဖြစ် ဝိုင်းအုံပြီး ထိုးချတာတွေရှိတယ်။ တော်တော် ဆိုးဆိုးဝါးဝါးတွေပါ။

DW ။ ကိုယ်ကိုယ်တိုင်ဖြစ်ဖြစ်၊ ကိုယ်ပါဝင်နေတဲ့ အဖွဲ့အစည်းကိုဖြစ်ဖြစ်၊ ကိုယ့်မိတ်ဆွေအသိတွေထဲမှာဖြစ်ဖြစ် အဲဒီလိုပုံစံမျိုး အချက်အလက်မရှိဘဲ ရေးချင်ရာရေးပြီး Facebook ပေါ် အတင်ခံရတာမျိုးကြုံဖူးလား။

ဖြေ ။ အဖြစ်ပျက်တွေက တအားများတော့ ဘယ်ဟာကို highlight (အဓိကထား) လုပ်ပြီးပြောရမှန်း မသိဘူး။ တခြား လူတွေမှာ ဒါမျိုးတွေကြုံရတာ အများကြီးရှိတယ်။ ဥပမာပေါ့ ဒီကာလမှာဆိုလို့ရှိရင် ဆိုရှယ်မီဒီယာပေါ်က စုံတွဲတစ်တွဲ ထားပါတော့ သူတို့ရဲ့ HD ပေါက်ကြားသွားတယ်ထားပါတော့ ဥပမာပေးတယ်ပေါ့နော်။ ဒါက သူတို့ရဲ့ Privacy ဖြစ်တယ် ပေါ့နော်။ ဒါမျိုးဖြစ်သွားတော့ အရှက်ရတယ်။ အရှက်တကွဲ အကျိုးနည်းဖြစ်ပြီး အချိန်ကျရင်လည်း ပပျောက်ရင်ပြီးပြီ။ ထားလိုက်‌တော့။ ခဏခဏ mention ပြန်လုပ်မနေကြဘူး။ အခုက ဒီလိုမျိုးမဟုတ်ဘဲ ဒီကလေးတွေဆိုရင် Facebook ပေါ်မှာ ဘာတစ်ခုလည်း မတင်လိုက်နဲ့။ တစ်ခုခုလုပ်ပြီဆိုတာနဲ့ အဲဒီအောက်မှာ ဝင်မန့်ကြတာ အဲဒီဟာကြီးကို ပါးစပ်အရသာခံပြီး ဝင်ပြောကြတာ။ တော်တော်ဆိုးဆိုးဝါးဝါးကြီးပေါ့နော်။ တော်တော်ကိုလည်း စိတ်ပျက်စရာကောင်းတယ်။ လူတွေမှာက မမှားဖူးတဲ့လူ မရှိဘူး။ အဲ့ဒီ dark side ဆိုတာလည်း လူတိုင်းမှာရှိတယ်။ ပြောနေသူတွေ ကရော ဒါကြီးတွေမလုပ်ကြလား။ လုပ်ကြတယ်။ ဒါကိုသူတို့ ဆိုရှယ်မီဒီယာပေါ်မှာ မချပြတာတစ်ခုပဲ။ ဒါကသူတို့ရဲ့ Privacy ကိုယ်နဲ့မဆိုင်ဘူးလေ။

DW ။ ကိုယ့်ကိုပဲဖြစ်ဖြစ် အခြားတစ်ယောက်ယောက်ကိုပဲဖြစ် အဲဒိလိုမျိုး အထောက်အထားမပါဘဲ စွပ်စွဲရေးသားထားတဲ့ ပို့စ်တွေ သို့မဟုတ် မှတ်ချက်တွေကို ဘယ်လိုမြင်လဲ။

ဖြေ ။ မြင်မိရင်လည်း တော်တော်တော့ဒေါသထွက်မိတယ်။ တစ်ခုခုဆိုလို့ရှိရင် evidence (သက်သေ) လိုတယ်။ တစ်ခုခုကို စွပ်စွဲမယ်၊ အပြစ်တင်မယ်၊ ရှုတ်ချမယ်ဆိုရင် သက်သေ သာဓကလိုတယ်။ သက်သေသာဓက ခိုင်လုံတယ် ထားပါဦး။ ဆိုပါ‌တော့ အခုနက စုံတွဲတစ်တွဲ ဒါမျိုးကိစ္စဖြစ်သွားတယ်။ သက်သေ သာဓကခိုင်လုံတယ် ထားပါဦး သူတို့ရဲ့ Privacy၊ ကိုယ်နဲ့မှ မဆိုင်တာ သူများရဲ့ဘဝကို ဝင်စွက်ဖက်ပြီး သွားရေးတာကြီးက ဟုတ်မနေဘူး။ တချို့ဆိုလို့ရှိရင် တအားကို conservative (ရှေးရိုးစွဲ) ဆန်တဲ့ မိဘတွေ ရှိတယ်။ ဒါမျိုးမိဘတွေပိုင်ဆိုင်ထားတဲ့ ကလေးတွေက ဒါမျိုးဟာမျိုး မဟုတ် တမ်းတရား အခုဆိုရင် အေအိုင်တွေ ပေါ်လာတယ်။ အေအိုင်တွေဆိုလို့ရှိရင် အစစ်တိုင်းဖြစ်တယ်။ အေအိုင်နဲ့ ဖန်တီးပြီးဆို ညစ်ညမ်း video သွားလုပ်တယ်ထားပါတော့။ မိဘတွေက မသိဘူးလေ။ မိဘတွေက တကယ်အစစ်ထင်နေမှာ။ အဲဒီတော့ ဒီလိုဟာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာတွေ၊ ဘဝပျက်သွားတဲ့ ဟာတွေဆိုလို့ရှိရင် ဒုနဲ့ဒေး။ ဆိုရှယ် မီဒီယာ အပုပ် (လူမှုရေး အရှုပ်အထွေးသတင်း စတဲ့) တွေကျတော့ လိုက်ပြီး တကူးတက စိတ်ဝင်စားနေလူကျ သီးသန့်ကို ရှိတယ်။ ဒီလိုလူမျိုးဆို တော်တော်ကို ရုပ်ဆိုး အကျည်းတန်တယ်။ တော်တော်ကို ကျင့်ဝတ်မရှိတဲ့ လူစားမျိုးတွေလို့မြင်တယ်။

DW ။ အခုလို အချက်အလက်မခိုင်လုံပါဘဲ လူမှုကွန်ရက်ပေါ်မှာ အပြန်အလှန် ငြင်းခုံကြနေကြတာရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေက ဘာတွေဖြစ်လာလေ့ရှိလဲ။

ဖြေ ။ Database မရှိဘဲ evidence မရှိဘဲ အပြန်လှန်စွပ်စွဲ ပြစ်တင်ပြောဆိုနေတာတွေ မဟုတ်တမ်းတရားပြောနေတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက အများကြီးပါပဲ။ အခုနကပြောမျိုး အဆုံးစီရင်တာ လုပ်တဲ့ဟာတွေဖြစ်သွားနိုင်တယ်။ စီးပွားရေးတွေပျက်သွားနိုင်တယ်။ တော်လှန်ရေးကာလမှာဆိုလည်း ဒီအတိုင်းပဲ အကုန်းလုံးက တအားထိရှလွယ် နေကြတယ်။ တအားကို sensitive ဖြစ်နေကြတဲ့ကာလမှာဆိုလို့ရှိရင် လူတစ်ယောက်ကို စွပ်စွဲဖို့က လွယ်လွယ်လေးပဲ။ ဥပမာထားပါတော့ မြေပြင်က တပ်မှူးတစ်ယောက် သူကလုပ်ထားတာ မသေရုံတမယ်၊ ရှေ့တန်းမှာ အသည်းအသန် လုပ်နေရတယ်။ ဒါပေမဲ့ ရဲဘော်တစ်ယောက်ကို သူမကြိုက်တဲ့ စကားပြောမိတယ်ထားပါတော့၊ ဒီဟာကို တစ်ဖက်လူက မဟုတ်ကဟုတ်က သတင်းသွားဖြန့်တယ်။ ဒါတပ်ရင်းမှူးသည် အာဏာပြနေတယ်။ ပါဝါပြနေတယ်။ ဘယ်လိုမျိုး ငွေရေး ကြေးရေး အလွဲသုံးစားလုပ်နေဆိုပြီး စသဖြင့် စွပ်စွဲပြောဆိုချက်တွေ ဆိုရှယ်မီဒီယာပေါ် ရောက်လာတယ်။ သက်သေ သာဓက ခိုင်လုံမှုမရှိဘဲ သူများစကားနဲ့လမ်းဆုံးပြီး အကုန်လုံး ဆွမ်းကြီးဝိုင်းလောင်းကြတယ်။ သူတကယ်မလုပ်ဘဲနဲ့ ပြောခံနေရမယ်ဆိုလို့ရှိရင် အများကြီးနစ်နာမယ်။ စိတ်ဓာတ်တွေ ကျလာမယ်။ သူစိတ်ဓာတ်ကျလာရင် သူ့နောက်ကွယ်က သူ့ရဲဘော်တွေ တပ်ရင်းတစ်ခုလုံး ဘာဖြစ်မလဲ။ ကိုယ်ပြောလိုက်တဲ့ စကားခွန်းကြောင့်ဖြစ်ဖြစ်၊ စာသားတစ်ကြောင်းကြောင့် ဖြစ်ဖြစ်၊ လူတစ်ယောက် သေစေနိုင်တာဖြစ်ဖြစ်၊ လူအများကြီး သေစေနိုင်တာဖြစ်ဖြစ် ဖြစ်သွားနိုင်တယ်။ ဘယ်သူကပဲ ဖြစ်ဖြစ် တစ်ခုခုကြားပြီဆိုလို့ရှိရင် သက်သေသာဓက ခိုင်လုံစွာလုပ်ဖို့၊ စုံစမ်းဖို့၊ သူများစကားနဲ့ လမ်းမဆုံးဖို့ လိုတယ်။ ဒီကာလမှာ အကုန်းလုံးက sensitive ဖြစ်နေကြတဲ့ ကာလ ဖြစ်တဲ့ အတွက်ကို ထိခိုက်မခံကြဘူး။ တစ်ယောက်ကို တစ်ယောက် positive thinking (အကောင်းမြင်) တွေတွေးပြီး သွားဖို့ အတွက် အများကြီးလိုတယ်။ လူ့အဖွဲ့အစည်းကြီးက အကုန်လုံးလည်းပိုကောင်းဖို့အတွက် ကောင်းတဲ့ ပတ်ဝန်းကျင် တစ်ခုဖြစ်အောင် တစ်ယောက်ချင်းစီမှာ ပြင်ဖို့တာဝန်ရှိတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“မြန်မာနိုင်ငံမှာ ဒီလိုမျိုးအထောက်အထားမဲ့ စွပ်စွဲမှုတွေကြောင့် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေကို ဖြစ်ပွားစေ ခဲ့ပြီးတော့ နိုင်ငံကလည်း နိုင်ငံတကာတရားရုံးတွေမှာပါ တရားစွဲဆိုခံခဲ့ရတဲ့အထိ ဆိုးဝါးပြင်းထန်ခဲ့ပါတယ်”

Grace (Beautifire of Diversity အဖွဲ့)။

(Beautifire of Diversity အဖွဲ့သည် အာဏာသိမ်းဖြစ်စဥ် မတိုင်မီကတည်းက ဆိုရှယ်မီဒီယာနှင့် အမုန်းစကား လေ့လာစောင့်ကြည့်ရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။)

DW ။ အခုနောက်ပိုင်း အချက်အလက် ခိုင်ခိုင်လုံလုံမရှိဘဲ အွန်လိုင်းပေါ်ကနေ တစ်ဦးကိုတစ်ဦး စွပ်စွဲတိုက်ခိုက်ကြတဲ့ ပုံစံတွေကနေတစ်ဆင့် အမုန်းစကား အသွင်ကူးပြောင်းသွားတဲ့ဖြစ်စဉ်တွေ ဘယ်လောက်အထိ များပြားလာလဲ။

ဖြေ ။ အခုနောက်ပိုင်းမှာ အရမ်းကို ဆိုးဝါးကျယ်ပြန်လာတာတွေ့ရပါတယ်။ အထိအခိုက် မခံနိုင်တဲ့ နိုင်ငံရေးကိစ္စတွေမှာ သာမကဘဲ လူမှုရေးနဲ့ ဘာသာရေးလို ကိစ္စမျိုးတွေမှာပါ လုံလောက်တဲ့ အချက်အလက် အထောက်အထားမရှိဘဲနဲ့ လွယ်လွယ်ကူကူ စွပ်စွဲတိုက်ခိုက်လာကြတာတွေ့ရတယ်။ အထူးသဖြင့် နိုင်ငံရေး၊ လူမျိုးရေးနဲ့ ဘာသာရေး အယူအဆ မတူသူတွေကို ဒလန်၊ အကြမ်းဖက်၊ ထောက်ပို့ ဒါမှမဟုတ် ဘာသာရေး စော်ကားတဲ့သူ စတဲ့ ခေါင်းစဥ်တွေတပ်ပြီးတော့ အထောက်အထားမရှိဘဲ စွပ်စွဲတာတွေက အရင်ကထက် ပိုမိုပြင်းထန်လာတယ်။ ဒီအခြေအနေတွေက အာဏာသိမ်းဖြစ်စဥ် နောက်ပိုင်းမှာ ပြည်သူတွေ အဓိက ရင်ဆိုင်လာရတဲ့ စိတ်မလုံမခြုံမှုတွေနဲ့ အထွေထွေအကျပ်အတည်းရဲ့နောက်ကွယ်မှာ စွပ်စွဲမှု ပုံစံတွေကနေ အမုန်းစကားအသွင်ပြောင်းသွားမှုတွေကို ပိုပြီး များများစားစား မြင်လာရပါတယ်။

DW ။ ဆိုရှယ်မီဒီယာတွေရဲ့သဘောကိုက ဒီလိုစွပ်စွဲချက်တွေနဲ့ အမုန်းစကားတွေ ပိုမိုပြန့်ပွားလာအောင် ဘယ်လို အခန်းကဏ္ဍကနေ တွန်းအားပေးနေတာ တွေ့ရလဲ။

ဖြေ ။ ဆိုရှယ်မီဒီယာတွေရဲ့ သတင်းလည်ပတ် အလုပ်လုပ်ပုံကိုက အဲဒီလိုပဲ ဖြစ်နေတယ်။ သူတို့ရဲ ပလက်ဖောင်းပေါ်မှာ (သုံးစွဲသူတွေ) အချိန်ကြာကြာရှိနေစေဖို့အတွက် စာဖတ်သူတွေကိုယ်တိုင် စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို စဥ်ဆက် မပြတ် ဖော်ပြပေးနေတဲ့သဘောရှိတယ်။ ဥပမာအနေနဲ့ဆိုရင် Facebook လို ပလက်ဖောင်းမျိုးက သူတို့ရဲ့ Algorithm (အဆင့်ဆင့်ဆောင်ရွက်ချက်) အရ ကိုယ်သဘောကျတဲ့ အမြင်တူတဲ့ သတင်းတွေကိုပဲ ထပ်ခါတလဲလဲ ပြသနေတဲ့အတွက် အခြားတစ်ဘက်က အမြင်နဲ့ အချက်အလက်အမှန်တွေကို မမြင်တော့ဘဲ စွပ်စွဲမှုနဲ့ အမုန်းစကားတွေ ပိုမိုပျံ့နှံ့လာစေပါတယ်။

DW ။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ အမုန်းစကား ဘယ်လိုကွဲပြားသလဲဆိုတာ ရှင်းပြပေးပါလား။

ဖြေ ။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ အမုန်းစကားဟာ အရမ်းကိုပါးတဲ့ အလွှာပါးပါးလေးပဲခြားပါတယ်။ မကြာခဏ ဆိုသလိုပဲ တလွဲနားလည်တတ်သလို တလွဲလည်း အသုံးချတတ်ကြပါတယ်။ နားလည်လွယ်ဖို့ အရှင်းဆုံးပြောရမယ်ဆိုရင် တော့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဆိုတာကတော့ လူသားတစ်ဦးရဲ့ အခြေခံရပိုင်ခွင့်ဖြစ်ပြီးတော့ ကိုယ့်ရဲ့ ကိုယ်ပိုင် အတွေးအမြင်တွေ၊ ယုံကြည်ချက်တွေနဲ့ အယူအဆတွေကို လွတ်လွတ်လပ်လပ်ဆွေးနွေးတာဖြစ်ပြီး ရည်ရွယ်ချက်ကလည်း စနစ်မဟုတ်ရင် လုပ်ဟန်တစ်ခုကို ပြုပြင်စေလိုတာ ဒါမှမဟုတ် ဝေဖန်ထောက်ပြတာပဲဖြစ်ပါတယ်။ အမုန်းစကားမှာက တော့ ဒီလိုမဟုတ်ဘဲ လူတစ်ဦး၊ လူအုပ်စုတစ်စု (လူမျိုးဘာသာ၊ လိင်စိတ်ခံယူမှု၊ မသန်စွမ်း စတဲ့) ရဲ့ မွေးရာပါ ဝိသေသ လက္ခဏာတွေကို အခြေခံပြီး တိုက်ခိုက်ဖို့ ရည်ရွယ်ပါတယ်။ ရလဒ်အနေနဲ့ကလည်း ခွဲခြားဆက်ဆံမှုတွေ ဖြစ်လာအောင် လှုံ့ဆော်တယ်။ ကြောက်ရွံ့မှုတွေနဲ့ စိတ်မလုံမခြုံမှုတွေ ဖြစ်စေတယ်။ ဒါတွေရဲ့ နောက်ဆက်တွဲအနေနဲ့ လက်တွေ့ ပြင်ပမှာ ဘာသာရေး၊ လူမျိုးရေးလိုမျိုးဖြစ်တည်မှုတွေကို ဦးတည်တိုက်ခိုက်တဲ့ အကြမ်းဖက်ဖြစ်ရပ်တွေကို ဖြစ်စေတဲ့အထိ အန္တရာယ်ကြီးမားပါတယ်။

DW ။ အချက်အလက်မခိုင်မာဘဲ စွပ်စွဲတိုက်ခိုက်တာတွေကနေတစ်ဆင့် အမုန်းစကားဖြစ်သွားတာက ဘာကြောင့်ပါလဲ။

ဖြေ ။ အဓိကအနေနဲ့ လူတွေက အထွေထွေအကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်မလုံမခြုံမှုတွေနဲ့ စိတ်ဖိစီးမှုတွေနဲ့ နေ့စဥ်ဘဝမှာ ဖြတ်သန်းနေရတဲ့လူတွေက အဖြူမဟုတ်ရင်အမဲပဲ ဖြစ်ရမယ်ဆိုတဲ့ လှေနံဓားထစ်သတ်မှတ်ချက်တွေနဲ့ ဒီဘာသာဝင်တွေဆိုရင် ဒီလိုဟာတွေပါကွာဆိုတဲ့ ကြိုတင်သတ်မှတ်မှုတွေကလည်း အမုန်းစကားတွေကို ပိုပြီးအားကောင်း စေပါတယ်။ နောက်တစ်ခုအနေနဲ့ဆိုရင် လူတစ်ဦးချင်းစီရဲ့ လုပ်ရပ်တွေကို လူအစုအဖွဲ့တစ်ခုလုံးရဲ့ ဝိသေသလုပ်ဟန်လို့ သတ်မှတ်လိုက်တဲ့အခါမှာလည်း အချက်အလက်ကို အခြေမခံတဲ့ စွပ်စွဲတိုက်ခိုက်မှုတွေကနေ အမုန်းစကားတွေ ကူးပြောင်းသွား စေပါတယ်။

DW ။ အွန်လိုင်းပေါ်က အခြေအမြစ်မရှိတဲ့ စွပ်စွဲမှုတွေက လက်တွေ့ မြေပြင်က လူ့အဖွဲ့အစည်းနဲ့ ပဋိပက္ခတွေအပေါ် ဘယ်လောက်အထိ ဆိုးကျိုးသက်ရောက်မှု ရှိမလဲ။

ဖြေ ။ ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေလိုက်တဲ့အကြောင်းအရာတွေကနေ အသွင်ပြောင်း အမုန်းစကားတွေက ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှာပဲ ရပ်တန့်သွားတာမဟုတ်ပါဘူး။ မြေပြင်လက်တွေ့ဘဝတွေမှာလည်း သက်ရောက်မှုတွေ အများကြီး ဖြစ်စေပါတယ်။ ဒီလိုဖြစ်ရပ်တွေက မြန်မာနိုင်ငံမှာ တင်မဟုတ်ဘဲ အင်္ဂလန်၊ ဂျာမနီ စတဲ့ ဖွံ့ဖြိုးတိုးတက်ပြီးသား နိုင်ငံကြီးတွေမှာတောင် ဆိုးဆိုးဝါးဝါး ရိုက်ခတ်မှုတွေ ဖြစ်စေခဲ့ပါတယ်။ ဥပမာအနေနဲ့ဆိုရင် မြန်မာနိုင်ငံ မှာ ဒီလိုမျိုး အထောက်အထားမဲ့ စွပ်စွဲမှုတွေကြောင့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေကို ဖြစ်ပွားစေခဲ့ပြီးတော့ နိုင်ငံကလည်း နိုင်ငံတကာ တရားရုံးတွေမှာပါ တရားစွဲဆိုခံခဲ့ရတဲ့အထိ ဆိုးဝါးပြင်းထန်ခဲ့ပါတယ်။ ဒီလိုဖြစ်စဥ်တွေက မြန်မာနိုင်ငံ မှာတင် မဟုတ်ဘဲ ၂၀၂၄ခုနှစ်က UK မှာဖြစ်ခဲ့တဲ့ ကလေးသင်တန်းကျောင်းတစ်ခုကို ဓားကိုင်ရမ်းကားတိုက်ခိုက်မှုကြောင့် ကလေးငယ် သုံးယောက်သေခဲ့တဲ့ ဖြစ်စဥ်မှာဆိုရင် တိုက်ခိုက်သူက လှေနဲ့ရောက်လာတဲ့ ရွှေ့ပြောင်းအခြေချသူ အစ္စလာမ် ဘာသာဝင်ဖြစ်တယ်ဆိုတဲ့ စွပ်စွဲရေးသားချက်တွေက ရုတ်တရက်ပျံ့နှံ့သွားပြီး လက်ယာအစွန်းရောက်တွေက ဒေသတွင်းမှာ ရှိတဲ့ ဗလီကျောင်းတွေကို တိုက်ခိုက်တာ၊ ဒုက္ခသည်တွေနေထိုင်တဲ့ ဟိုတယ်တွေကို မီးရှို့တဲ့အထိ ကြိုးစားတာတွေအထိ ဖြစ်စေခဲ့တယ်။ လက်တွေ့မှာတော့ အဲဒီအကြမ်းဖက်တဲ့ဖြစ်စဥ်ကို အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့ အင်္ဂလန်နိုင်ငံသား လူငယ်တစ်ယောက်က ကျူးလွန်ခဲ့တာသာဖြစ်တယ်။ ဒါကြောင့် ဒီလို စွပ်စွဲမှုတွေ၊ ဖြန့်ဝေမှုတွေက ဆိုရှယ်မီဒီယာပေါ်မှာပဲ ရပ်တန့်သွားမှာ မဟုတ်ဘဲ မြေပြင် လက်တွေ့ဘဝတွေအထိပါ သက်ရောက်မှု ပြင်းထန်ပါတယ်။

DW ။ အမုန်းစကားတွေကြောင့် လူမှုအသိုင်းအဝိုင်းကြားထဲ ယုံကြည်မှုအပေါ် ဘယ်လောက်အထိ ထိခိုက်ကျဆင်းသွားစေနိုင်လဲ။

ဖြေ ။ အမုန်းစကားတွေရဲ့ နောက်ဆက်တွဲက လူမှုအသိုင်းအဝိုင်းအကြားမှာ ယုံကြည်မှုတွေ ထိခိုက်စေနိုင်တဲ့အပြင် စိတ်မလုံမခြုံမှု အမာရွတ်တွေကိုပါကျန်ခဲ့စေပါတယ်။ အထူးသဖြင့် ကျွန်မတို့မြန်မာနိုင်ငံလိုမျိုး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခထူပြောတဲ့ နိုင်ငံမှာဆိုရင် ဒီဒဏ်ရာတွေကနေရခဲ့တဲ့ မတူညီတဲ့ လူမျိုးရေးအသိုင်းအဝိုင်းတွေကြားထဲက မတူညီမှုတွေ ရှောင်ဖယ်မှုတွေကို ပိုပြီးဆိုးဝါးပြင်းထန်စေပါတယ်။ အခုလိုကာလမျိုးမှာဆိုရင် လူထုက အတူယှဥ်တွဲ နေထိုင်သူတွေကိုတောင် မယုံကြည်တော့တဲ့ သံသယစိတ်တွေ မြင့်တက်လာသလိုပေါ့နော်။ သူတို့ တစ်ခုခုမလုပ်ခင် ကိုယ့်ဘက်ကကြိုတင်ကာကွယ်ထားမှ မဟုတ်ရင် ကိုယ့်ဘက်က အရင်လက်ဦးမှု ယူထားဦးမှဆိုတဲ့ ရန်လိုမှုတွေကို ဖြစ်စေပြီး ဥပဒေစိုးမိုးမှုကင်းမဲ့နေတာကလည်း အရပ်လူထုက တရားစီရင်နေတဲ့ အခြေအနေတွေကို တွန်းပို့နေပါတယ်။

DW ။ ဒီလိုအမုန်းစကား ပြန့်ပွားမှုတွေ၊ အချက်အလက်မဲ့ စွပ်စွဲတိုက်ခိုက်မှုတွေကို လျှော့ချဖို့ အထိရောက်ဆုံး နည်းလမ်းတွေက ဘာတွေဖြစ်မယ်လို့ အကြံပြုချင်ပါသလဲ။

ဖြေ ။ အဓိကအကျဆုံးနည်းလမ်းကတော့ ကိုယ်တွေ့လိုက်တဲ့အကြောင်းတစ်ခုကို ယုံကြည်တာ၊ မျှဝေတာနဲ့ မှတ်ချက်ပြုတာ တွေ မလုပ်ခင် ဒီအကြောင်းအရာကို စစ်ဆေးဖို့လိုအပ်ပါတယ်။ သတင်းဖြန့်ဝေထားသူတွေကဘယ်သူတွေလဲ။ ယုံကြည် စိတ်ချရလား။ ရေးထားတဲ့အကြောင်းအရာတွေကရော လူတွေရဲ့ စိတ်ခံစားချက်အခြေအနေတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဆွ ပေးနေတဲ့ အကြောင်းအရာတွေပါဝင်နေသလား အဓိကစစ်ဆေးဖို့လိုအပ်ပါတယ်။ နောက်တစ်ခုက အကြောင်းအရာ တစ်ခု ကို မယုံကြည်ခင်မှာဘဲ ကိုယ့်ရဲ့ ကြိုတင်သတ်မှတ်မှုတွေ ပါဝင်နေလားဆိုတာကိုလည်း ပြန်ပြီးဆန်းစစ်ဖို့ လိုအပ်ပါတယ်။

DW ။ အမုန်းစကားတွေမဖြစ်အောင် ပြည်သူတွေအနေနဲ့ ဘာတွေလုပ်ဖို့ လိုအပ်မလဲ။

ဖြေ ။ အရေးကြီးဆုံးကတော့ သတင်းစားသုံးသူတွေ ကိုယ်တိုင်ဝေဖန်ဆန်းစစ် နိုင်စွမ်းက အရေးအပါဆုံးဖြစ်ပါတယ်။ ကိုယ်တိုင်က သတင်းဖြန့်ဝေသူကို အရင်ဆုံး ဆန်းစစ်မယ်။ အချက်အလက် မခိုင်လုံတဲ့သတင်းတွေဆိုရင် ပြန်မဖြန့်ဝေဘူး၊ မယုံကြည်ဘူးဆိုရင် အဲဒီ အမုန်းစကားတွေက ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်တစ်ခု အနေနဲ့လည်း မိမိကိုယ်တိုင်က အချက်အလက်စစ်ဆေးဖို့ ခက်ခဲတဲ့အကြောင်းအရာတွေကိုဆိုရင် လွတ်လပ်ပြီး ယုံကြည် ရတဲ့ အချက်အလက်စစ်ဆေးတဲ့အဖွဲ့တွေကို ပေးပို့စစ်ဆေးနိုင်သလိုပဲ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ အမုန်းစကား ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ သတင်းအမှားတွေကို တွေ့တဲ့အခါမှာ Facebook ရဲ့ Report လုပ်တဲ့ စနစ်ကို အသုံးချပြီး အမုန်းစကားနဲ့ သတင်းအတုတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုလို့ရပါတယ်။

DW ။ ကျေးဇူးတင်ပါတယ် ။

“ဆိုရှယ်မီဒီယာမှာ အမုန်းစကားပြောရာကနေ အပြင်အထိ လူတွေထိုက်ခိုက်နာကျင် သေကြေပျက်စီးရတဲ့အထိ ဖြစ်စေတတ်တာ၊ ဖြစ်ခဲ့ဖူးတဲ့အခြေအနေ သာဓကလည်း မြန်မာမှာရော ကမ္ဘာမှာပါရှိခဲ့တာ အထူးသတိပြုရမှာ”

သုတေသီတစ်ဦး (The Red Flag)

(The Red Flag သည် ဆိုရှယ်မီဒီယာ စောင့်ကြည့်လေ့လာရေး၊ သုတေသနမှတ်တမ်းပြုစု ဖော်ပြရေးများကို ဆောင်ရွက်သည့် အဖွဲ့ဖြစ်သည်။ သတင်းအတု သတင်းအမှားတွေကို စိစစ်ပေးနေတဲ့ Myanmar Factchecking Network ၏ အဖွဲ့ဝင်လည်းဖြစ်သည်။)

DW ။ အခုနောက်ပိုင်း အချက်အလက် ခိုင်ခိုင်လုံလုံမရှိဘဲ အွန်လိုင်းပေါ်ကနေ တစ်ဦးကိုတစ်ဦး စွပ်စွဲတိုက်ခိုက်ကြတဲ့ ပုံစံတွေကနေတစ်ဆင့် အမုန်းစကား အသွင်ကူးပြောင်းသွားတဲ့ဖြစ်စဉ်တွေ ဘယ်လောက်အထိ များပြားလာလဲ။

ဖြေ ။ ယနေ့ခေတ်မှာ အချက်အလက် ခိုင်ခိုင်လုံလုံမရှိဘဲ တစ်ဦးကိုတစ်ဦးတိုက်ခိုက်ရာကနေ အမုန်းစကားအသွင်ပြောင်းလဲ သွားတဲ့ ဖြစ်စဉ်တွေဟာ အဆမတန်များပြားလာတာကို တွေ့ရပါတယ်။ အထူးသဖြင့် Facebook လို Telegram လို တစ်တော့ လို ဆိုရှယ်မီယာပလက်ဖောင်းမျိုးမှာ သတင်းအမှားတစ်ခုဟာ စက္ကန့်ပိုင်းအတွင်း လူပေါင်းသောင်းချီဆီ ရောက်သွားနိုင်ပါ တယ်။ ဒီဖြစ်စဉ်တွေမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ အချက်အလက်မပါဘဲ စွပ်စွဲမယ်။ ဒီလိုဖြစ်ရပ်မျိုးက လူသိများတဲ့သူ တစ်စုံ တစ်ယောက် သို့မဟုတ် သာမာန်လူ တစ်ဦးတစ်ယောက်အပေါ်ကို ပြုလုပ်ခြင်းပါ၊ ဒါပေမဲ့ သတိထားရမယ့် အရာတစ်ခု ရှိပါ တယ်။ တစ်ဦးတစ်ယောက်ရဲ့ အပြုအမူကို ရည်ရွယ်ချက်ရှိရှိ ပုံကြီးဆက်ချဲ့ဖို့လည်း လုပ်ဆောင်နိုင်တာ ရှိနိုင်ပါတယ်။ တစ်ဦးရဲ့ အပြုအမူကို သူ့ရဲ့ လူမျိုး၊ ဘာသာကို စွဲကပ်ပြီး တိုက်ရိုက်ပြီး လူအုပ်စုလိုက်ကို ဆက်ဦးတည် သွားတာမျိုးပါ။ အုပ်စုဖွဲ့ တိုက်ခိုက်မှု၊ တစ်ယောက်က စလိုက်တာကို အုပ်စုလိုက် ဝိုင်းဝန်း တိုက်ခိုက် လာမယ်။ အမုန်းစကား၊ နောက်ဆုံး မှာတော့ လူမျိုး၊ ဘာသာ၊ နိုင်ငံရေး ခံယူချက်တွေအပေါ် အခြေခံပြီး အမုန်းပွားစေတဲ့ စကားလုံးတွေနဲ့ အမုန်းမီးကို ပွားစေ တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို ဆိုရှယ်မီဒီယာမှာ အမုန်းစကားပြောရာကနေ အပြင်အထိ လူတွေ ထိုက်ခိုက်နာကျင် သေကြေပျက်စီးရတဲ့အထိ ဖြစ်စေတတ်တာ၊ ဖြစ်ခဲ့ဖူးတဲ့ အခြေအနေ သာဓကလည်း မြန်မာမှာရော ကမ္ဘာမှာပါ ရှိခဲ့တာ အထူးသတိပြုရမှာ ဖြစ်ပါတယ်။

DW ။ ဆိုရှယ်မီဒီယာတွေရဲ့သဘောကိုက ဒီလို စွပ်စွဲချက်တွေနဲ့ အမုန်းစကားတွေ ပိုမိုပြန့်ပွားလာအောင် ဘယ်လို အခန်းကဏ္ဍကနေ တွန်းအားပေးနေတယ်လို့ တွေ့ရလဲ။

ဖြေ ။ ဆိုရှယ်မီဒီယာတွေရဲ့ သဘာဝကိုက “Engagement” (အပြန်အလှန် တုံ့ပြန်မှု) ကို အခြေခံတာပါ။ ဒီနေရာမှာ အယ်လ်ဂိုရီသမ် (Algorithm) တွေက အောက်မှာပြောမယ့်အချက်တွေအတိုင်း တွန်းအားပေးနေပါတယ်။

၁။ စိတ်လှုပ်ရှားမှုကို ဦးစားပေးခြင်း-လူတွေဟာ ပျော်စရာထက် ဒေါသထွက်စရာ၊ ကြောက်စရာကိစ္စတွေကို ပိုပြီး တုံ့ပြန် (React/Share) တတ်ကြပါတယ်။ အယ်လ်ဂိုရီသမ်က ဒေါသဖြစ်စေတဲ့ အကြောင်းအရာတွေကို ပိုပြီး လူမြင်သာအောင် လုပ်ပေးလေ့ရှိပါတယ်။

၂။ Echo Chambers (ပဲ့တင်သံ ခန်းမတွေ) – မိမိနဲ့ သဘောထား တူသူတွေကြားထဲမှာပဲ လှည့်ပတ်နေတဲ့အတွက် တစ်ဖက်သတ် စွပ်စွဲချက်တွေကို အဟုတ်မှတ်ပြီး ယုံကြည်သွားစေပါတယ်။

၃။ Wepanation of the social media Platforms – ပဋိပက္ခတွေကို ဖန်တီးချင်တဲ့ သူတွေက အထက်က ပြောခဲ့တဲ့ အခြေအနေတွေကို လက်နက်လို အသုံးချပြီး လူတွေကို သူတို့ဖြစ်စေချင်တဲ့အတိုင်း ဖြစ်အောင် ကြိုးဆွဲလေ့ရှိကြပါတယ်။

၄။ အမည်ဝှက်ဖြင့် လုပ်ဆောင်နိုင်ခြင်း – တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ Fake Accounts တွေကနေ စိတ်ကြိုက် တိုက်ခိုက် နိုင်တာကလည်း အဓိက တွန်းအားတစ်ခုပါ။ အမည်ဝှက်နဲ့ Fack accounts တွေက ကိုယ်တိုင်တင်ပြသူအနေနဲ့ တင်သလို Comment တွေမှာလည်း ပုံစံတူတဲ့ Comment တွေကို Group လိုက် Comment လုပ်တာမျိုးတွေ မြင်တွေ့ရလေ့ရှိတယ်။

DW ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နဲ့ အမုန်းစကား ဘယ်လို ကွဲပြားသလဲဆိုတာ ရှင်းပြပေးပါ။

ဖြေ ။ ဒီနှစ်ခုကို ခွဲခြားဖို့က အင်မတန် အရေးကြီးပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression)က လူတစ်ဦးရဲ့ အခြေခံ အခွင့်အရေးပါ။ အစိုးရကို ဝေဖန်တာ၊ မူဝါဒတွေကို ဆွေးနွေးတာ၊ ကိုယ့်အမြင်ကို ယဉ်ကျေးစွာ တင်ပြတာတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ တခြားသူကို ထိခိုက်ဖို့ မဟုတ်ပါဘူး။ အမုန်းစကား (Hate Speech) က တစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်ခုကို သူတို့ရဲ့ မွေးရာပါ လက္ခဏာတွေ (ဥပမာ – လူမျိုး၊ ဘာသာ၊ လိင်စိတ် ခံယူမှု) ပေါ် အခြေခံပြီး အကြမ်းဖက်ဖို့ လှုံ့ဆော်ခြင်း၊ လူ့ဂုဏ်သိက္ခာကို နှိမ့်ချခြင်းနဲ့ ရန်ငြိုးပွားစေခြင်း ကို ဆိုလိုပါတယ်။

DW ။ အချက်အလက်မခိုင်မာဘဲ စွပ်စွဲတိုက်ခိုက်တာတွေကနေတစ်ဆင့် အမုန်းစကားဖြစ်သွားတာက ဘာကြောင့်ပါလဲ။

ဖြေ ။ ဘာကြောင့် အချက်အလက်မဲ့ စွပ်စွဲချက်တွေက အမုန်းစကား ဖြစ်သွားတာလဲဆိုရင် “Dehumanization” (လူမဆန်အောင် ပြုလုပ်ခြင်း) ကြောင့်ပါ။ စွပ်စွဲချက်တစ်ခုကို အရှိန်မြှင့်ဖို့အတွက် တစ်ဖက်လူကို “ရန်သူ” ဒါမှမဟုတ် “မကောင်းဆိုးဝါး” လို ပုံဖော်လိုက်တဲ့အခါ လူတွေဆီက စာနာစိတ်တွေ ပျောက်ဆုံးသွားပြီး အမုန်းစကားတွေ ထွက်လာ တော့ တာပါပဲ။ အဲဒီလူကို အပြစ်သားတစ်ယောက်လို လူမဟုတ်တော့တဲ့ လူတစ်ယောက်လို အလွယ်တကူပြုမူ နိုင်သွားပါတယ်။ ဒါဟာ ပြဿနာတစ်ခုကို အချက်အလက်နဲ့ မဖြေရှင်းဘဲ စိတ်ခံစားမှုနဲ့ တိုက်ခိုက်ကြလို့ ဖြစ်ပါတယ်။

DW ။ အွန်လိုင်းပေါ်က အခြေအမြစ်မရှိတဲ့ စွပ်စွဲမှုတွေက လက်တွေ့ မြေပြင်က လူ့အဖွဲ့အစည်းနဲ့ ပဋိပက္ခတွေအပေါ် ဘယ်လောက်အထိ ဆိုးကျိုးသက်ရောက်မှု ရှိလဲ။

ဖြေ ။ အွန်လိုင်းပေါ်က အခြေအမြစ်မရှိတဲ့ စွပ်စွဲမှုတွေဟာ ဖုန်းမျက်နှာပြင်ပေါ်မှာတင် ရပ်မနေပါဘူး။ အွန်လိုင်းက ရန်ပွဲဟာ မြေပြင်မှာ လူစုလူဝေးနဲ့ အကြမ်းဖက်မှုတွေအထိ ဖြစ်စေနိုင်ပါတယ်။ စွပ်စွဲခံရသူတွေရဲ့ မိသားစုနဲ့ ဘဝဟာ လက်တွေ့မှာ အန္တရာယ် ကြုံရနိုင်ပါတယ်။ လူတွေဟာ အချက်အလက်ထက် ကိုယ်ယုံချင်တာကိုပဲ ယုံကြည်လာတဲ့အတွက် လူ့အဖွဲ့အစည်းအတွင်း သွေးခွဲရတာ ပိုလွယ်ကူသွားပါတယ်။

DW ။ အမုန်းစကားတွေကြောင့် လူမှုအသိုင်းအဝိုင်းကြားထဲ ယုံကြည်မှု အပေါ် ဘယ်လောက်အထိ ထိခိုက်ကျဆင်းသွားစေနိုင်လဲ။

ဖြေ ။ အမုန်းစကားတွေ များလာတဲ့အခါ လူ့အဖွဲ့အစည်းရဲ့ “Social Cohesion” (လူမှုစည်းလုံးညီညွတ်မှု) ပြိုကွဲသွားပါတယ်။ “အမှန်တရားဆိုတာထက် ငါတို့အုပ်စု ပြောတာကသာ အမှန်” ဆိုတဲ့ စိတ်ဓာတ်ကြောင့် အိမ်နီးချင်း အချင်းချင်း၊ မိတ်ဆွေ အချင်းချင်းကြားမှာတောင် သံသယတွေ ကြီးထွားလာပြီး ယုံကြည်မှု အားနည်းသွားစေပါတယ်။ ဒါဟာ နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရေးမှာ အကြီးမားဆုံး အဟန့်အတားပါပဲ။

DW ။ ဒီလို အမုန်းစကား ပြန့်ပွားမှုတွေ၊ အချက်အလက်မဲ့ စွပ်စွဲတိုက်ခိုက်မှုတွေကို လျှော့ချဖို့ အထိရောက်ဆုံး နည်းလမ်းတွေက ဘာတွေဖြစ်မယ်လို့ အကြံပြုချင်ပါသလဲ။

ဖြေ ။ ဒါကို တစ်ဦးတည်း လုပ်လို့မရပါဘူး။ အပိုင်း (၃) ပိုင်းနဲ့ သွားရပါမယ်။ နံပါတ် (၁) Platform Accountability ပါ။ Facebook လို ကုမ္ပဏီတွေက သူတို့ရဲ့ အယ်လ်ဂိုရီသမ်တွေကို ပြင်ဆင်ဖို့နဲ့ အမုန်းစကားတွေကို မြန်မြန်ဆန်ဆန် ဖယ်ရှားဖို့ တာဝန်ယူရပါမယ်။ နံပါတ်(၂ ) က Media and Information Literacy (ဒီဂျစ်တယ်မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု) ပါ။ ပြည်သူတွေကို သတင်းတု၊ သတင်းမှား ခွဲခြားနည်းနဲ့ အွန်လိုင်းကျင့်ဝတ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေးရပါမယ်။ နံပါတ်(၃) အရပ်ဘက်အဖွဲ့အစည်းတွေကနေ အမုန်းစကားတွေဖြစ်ပေါ်စေတဲ့ သွေးထိုးလှုံ့ဆော်မှု ဖန်တီးမှုတွေကို စောင့်ကြည့်ပြီး အချက်အလက်စစ်ဆေးပြီး မှန်ကန်တဲ့ သတင်းအချက်အလက်တွေနဲ့ ပြန်လည် တုံ့ပြန်ရ ပါမယ်။ ဒါ့အပြင် ပြည်သူ့ကို ဒီလိုဖန်တီးသွေးထိုးမှုတွေ ရှိတဲ့အကြောင်းကိုလည်း ပညာပေးဖို့ နဲ့ ပြည်သူအချင်းချင်းကြားမှာ အလွယ်တကူ သွေးထိုးလှုံ့ဆော်မှုများပြုလုပ်ပြီး သွေးခွဲမရအောင် “Social Cohesion” (လူမှုစည်းလုံးညီညွတ်မှု) ကို အားကောင်း အောင်လည်း အမြဲမပြတ်လုပ်ဆောင်နေဖို့ လိုအပ်ပါတယ်။

DW ။ အမုန်းစကားတွေမဖြစ်အောင် ပြည်သူတွေအနေနဲ့ ဘာတွေလုပ်ဖို့ လိုအပ်လဲ။

ဖြေ ။ ပြည်သူတွေအနေနဲ့ အမုန်းစကား သံသရာထဲ မပါသွားအောင် “ကိုယ်ခံအား” တွေကို မွေးမြူသင့်ပါတယ်။ တစ်ခုခုကို Share မလုပ်ခင် ဒါဟာသေချာရဲ့လား၊ တစ်ဖက်လူကို ထိခိုက်စေသလားဆိုတာ ၅စက္ကန့်လောက် စဉ်းစားပါ။ သတင်းရင်းမြစ် ခိုင်လုံမှု ရှိမရှိ စစ်ဆေးပါ။ စစ်ဆေးပေးနေတဲ့ စစ်ဆေးပေးနိုင်တဲ့ နေရာတွေ လူတွေကိုလည်း မေးမြန်းပါ။ အမုန်းစကား တွေ ကို ပြန်လည် ဆဲဆိုတုံ့ပြန်တာဟာ အမုန်းစကားကို ပိုပြန့်ပွားစေပါတယ်။ အကောင်းဆုံးကတော့ Report ထုပြီး လျစ်လျူရှု တာပါပဲ။ ကီးဘုတ်ရဲ့ တစ်ဖက်ခြမ်းမှာလည်း ငါတို့လိုပဲ ခံစားချက်ရှိတဲ့ လူသားတစ်ယောက်ရှိနေတယ်ဆိုတာကို အမြဲသတိရပေးပါ။

DW ။ ကျေးဇူးတင်ပါတယ်။