တစ်လုံးလုံးနီရဲနေတဲ့ ဘယ်ဘက်မျက်လုံးကို မှန်ထဲမှာကြည့်ပြီး ရုတ်တရက်လန့်သွားတယ်။ မျက်ဖြူသားကလည်း ဖောင်းနေပြီး အကြောတွေကိုလည်း ထင်ထင်ရှားရှားတွေ့နေရတယ်။ နီတျာတျာနဲ့။
နာကျင်တာ၊ ကိုက်ခဲတာ၊ ယားယံတာမျိုးလည်း မရှိ။ တစ်ကောင်ကောင်အကိုက်ခံထားရတဲ့ လက္ခဏာမျိုးလည်း မတွေ့။ ဖုန်းကြည့်တာကလည်း ဒီရက်ပိုင်းတွေမှာ တော်ရုံသင့်ရုံပဲ ဆိုတော့ ဖုန်းကြောင့်လည်း မဟုတ်နိုင်။ ဒါပေမဲ့ ညကတော့ တစ်ညလုံးဘယ်ဘက်ကို စောင်းပြီးအိပ်ဖြစ်ထားတယ်။ မျက်လုံးကို ခေါင်းအုံနဲ့ ဖိထားသလို ဖြစ်သွားတာမျိုး။ အဲဒါကြောင့်ပဲ ဖြစ်ရမယ်။
တော်သေးတယ်။ ဒီနေ့က တနင်္ဂနွေနေ့မို့။ အလုပ်နားစရာမလိုဘူး။ ဒါပေမဲ့ ဒီတနင်္ဂနွေနေ့မှာ စာရေးမယ်လို့ ကြံထားတာကိုတော့ လုပ်လို့မဖြစ်တော့ဘူး။ ဒါနဲ့ပဲ တစ်သျှူးကို ရေလေးစိမ်ပြီး ဘယ်ဘက်မျက်လုံးပေါ် ကပ်ရင်း ပလတ်စတစ်ကုလားထိုင်ပေါ်ထိုင်နေတဲ့ အမေ့ခြေရင်းနား အိပ်နေဖြစ်တယ်။
“မျက်လုံးက ဘာဖြစ်သွားတာလဲ”
ထုံးစံအတိုင်းအမေက ငိုပြီး မေးလာတယ်။ ဒုတိယအကြိမ်လေဖြတ်ပြီးတဲ့နောက်၊ ဒီနှစ်ပိုင်းတွေမှာ အမေက ဘာပဲပြောပြော ငိုငိုပြီးပြောတဲ့ အနေအထားမျိုးဖြစ်သွားတယ်။ အမေ့ ဦးနှောက်လုပ်ဆောင်မှုတွေက အရင်လို မလုပ်နိုင်တော့ဘူး။
“ ခေါင်းဦးနဲ့ဖိအိပ်များသွားလို့ ဖြစ်မယ် မား။ မျက်လုံးနီနေလို့။ ရောင်ကောရောင်နေသေးလား မား”
မျက်လုံးပေါ်က တစ်သျှူးရေစိုကို ခွာပြရင်း အမေ့ကို ကျွန်တော်ပြန်မေးဖြစ်တယ်။
“ ရောင်နေတယ်…ရောင်နေတယ်….ရောင်နေတယ်….”
စကားတစ်ခွန်းကို ဒီလို ထပ်ကျော့ပြောတာမျိုးကလည်း ဒီနှစ်ပိုင်းတွေမှာမှ တိုးလာတဲ့ အမေ့ရဲ့ လက္ခဏာတွေထဲက တစ်ခုပဲ။
ကျွန်တော်ငယ်ငယ်ကလည်း မျက်လုံးနာတာမျိုးတွေ ဖြစ်ခဲ့ဖူးတယ်။ ခုလိုမျိုး ဖိအိပ်မိလို့တော့မဟုတ်ပါဘူး။ ရာသီအကူးအပြောင်းနဲ့ အပူကြောင့်ဖြစ်လာတဲ့ မျက်လုံးနာခြင်းမျိုးပါ။ အဲလိုဖြစ်တိုင်း အမေလုပ်ပေးတာလေးတစ်ခုရှိတယ်။ ဖန်ခွက်ထဲကို သောက်ရေအိုးထဲက ရေထည့်တယ်။ နောက်ပြီး အိမ်ရှေ့မှာရှိတဲ့ ပန်းအဖြူလေးတွေကို ဖန်ခွက်ထဲ ထည့်စိမ်ထားတယ်။
နာရီအပိုင်းအခြားတစ်ခုလောက်ကြာတဲ့အခါ အဲဒီပန်းရေစိမ်ရည်ထဲ အမေ့လက်သန်းထည့်စိမ်ပြီး ကျွန်တော့်မျက်လုံးထဲကို ပန်းရည်စိမ်လေးတွေ တတောက်တောက်နဲ့ ချပေးတယ်။ ခံစားချက်က အေးခနဲ အေးခနဲပါပဲ။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ သုံးနေတဲ့ မျက်စဉ်းခတ်ဆေးထည့်သလိုပေါ့။ အဲဒါလေးတွေကို မှတ်မိပေမယ့် ပန်းနာမည်ကိုတော့ ကျွန်တော်မသိ။ ပန်းကအဖြူရောင်လေး၊ နှင်းဆီပွင့်ပုံစံလိုမျိုးနဲ့ ဆင်တယ်။ အကိုင်းချိုးစိုက်ရင်လည်း ပွားမြန်တယ်ဗျ။
“ မာမား ကျွန်တော်တို့ငယ်ငယ်က မျက်စိနာရင် ရေစိမ်ပြီး ထည့်ပေးနေကြ ပန်းအဖြူနာမည်ဘယ်လို ခေါ်လဲ။ အဖြူရောင်လေးလေ”
“ ကလပ်စကြာ…..ကလပ်စကြာ”
အမေက ငိုရင်းချက်ချင်ဖြေတယ်။
“အဲဒါကို ရေစိမ်ပြီးထည့် စိမ်ပြီးထည့်”
အမေက ဆက်ပြောတော့ “မာမားကလည်း ဒီမြို့မှာ ဘယ်လိုရှာမှာလဲ”ဆိုပြီး ဖြေတော့ အမေက ထပ်ငိုပြန်တယ်။
တကယ်က ကလပ်စကြာက နှစ်မျိုးရှိတယ်။ တစ်လွှာတည်းနဲ့လေရဟတ်လိုဖြစ်နေတာမျိုးက တစ်မျိုး၊ နောက်တစ်မျိုးက အလွှာများပြီး ပန်းပွင့်အသားကထူထူနဲ့၊ နှင်းဆီပန်းလို ဇီဇဝါပန်းလို ပုံစံမျိုးလေး။ သူ့ကျ ပွင့်ဖတ်အလွှာများတယ်။ အမေ မျက်စဉ်းခတ်ပေးတယ်ဆိုတာ ဒုတိယတစ်မျိုးပေါ့။
“ မား..ရောင်နေသေးလား”
မိနစ်အစိတ်လောက်ကြာတော့ ကပ်ထားတဲ့တစ်သျှူးရေစိုကိုခွာရင်း အမေ့ကို ကြည့်ခိုင်းဖြစ်တယ်။ အမေက ရောင်နေသေးတဲ့အကြောင်း ငိုပြီး ပြောပြန်တယ်။
“ ပျင်းနေလား မား…”
အမေက ပျင်းနေတယ်ဆိုလို့ Youtbe ဖွင့်ပြီး စာပေဟောပြောပွဲလေး အတူနားထောင်ဖြစ်တယ်။
တကယ်တော့ ကျွန်တော်လည်း စာပေဟောပြောပွဲဖိုင်လေးတွေ နားမထောင်ဖြစ်တော့တာ နှစ်ချီနေပါပြီ။ ဒီနေတော့ အဆိုးထဲကအကောင်းလို့ ပြောရတော့မယ်။ မျက်လုံးနာခြင်းအကြောင်းပြုလို့ အမေနဲ့အတူ နားထောင်ဖြစ်သွားတယ်ပေါ့။
တစ်အိမ်လုံးမှာ ကျွန်တော်နဲ့ ဝါသနာပါးပါးလေးတူတယ်ဆိုလို့ အမေပဲရှိတယ်။ အမေနေကောင်းစဉ်ကတည်းက မိသားစု ၈ ယောက်ရှိတဲ့ အိမ်ကြီးထဲမှာ ကျွန်တော့်စာအုပ်စင်က စာအုပ်ကို ကိုင်ဖတ်တာဆိုလို့ အမေပဲရှိခဲ့တယ်။ ကျွန်တော့်စာမူလေးတွေ မဂ္ဂဇင်းမှာဖော်ပြခံရတော့လည်း အမေ့ကိုပဲ ပထမဆုံး အသိပေးဖြစ်ခဲ့တယ်။ ကျွန်တော့်လက်ရာဝတ္ထုတိုလေးတွေပါတဲ့ မဂ္ဂဇင်းတွေကို ထိုင်ဖတ်နေတာဆိုလို့လည်း အိမ်သားတွေထဲမှာပေါ့၊ အမေပဲရှိခဲ့တယ်။
ကျွန်တော်ဝယ်လာတဲ့စာအုပ်တွေ၊ စာစောင်တွေထဲကနေ တချို့ကို အမေယူဖတ်နေတာတွေကြောင့် မသိမသာနဲ့ ကျွန်တော်ဝမ်းသာခဲ့ရဖူးတယ်။ စာအုပ်ချစ်တတ်တဲ့စိတ်ကလေးကို အမေ့ဆီပဲ ကျွန်တော့်ဝိုးတိုးဝါးတား အမွေရခဲ့တာများလား။
ကျွန်တော်တို့ သားအမိနှစ်ယောက် ဆရာမခင်ခင်ထူးရဲ့” ပန်းတွေဘယ်လိုပွင့်မလဲ”ဆိုတဲ့ ဟောပြောချက်ကို တိတ်ဆိတ်စွာပဲ နားထောင်ဖြစ်ကြတယ်။ ကျွန်တော်က မျက်လုံးကို တစ်သျှူးရေစိုနဲ့ အုပ်ထားရင်း အမေ့ခြေရင်းမှာ၊ အမေကတော့ ကုလားထိုင်ပေါ်မှာထိုင်ရင်း။
“ဟိုကျွန်မတို့ရွာက ဖိုးတုတ်နဲ့မိအေးလိုဖြစ်နေတယ်။ဖိုးတုတ်က စာတစ်လုံးမှမတတ်ဘူး။ ဖိုးတုတ်က မိအေးတို့အိမ်မှာစာရင်းငှားလုပ်တာ။ နေ့စဉ်နဲ့အမျှ တွေ့ခါမြင်ခါများက ဖိုးတုတ်က မိအေးကို တစ်ဖက်သတ်မေတ္တာရှိတော့၊ မိအေးကိုသူက ဖွင့်ပြောတယ်။ မိအေးရယ် ငါနင့်ကို မေတ္တာရှိတယ်ပေါ့။
ငါ နင့်ကို လက်ထပ်ပါရစေ ပြောတယ်။ ပြောတော့ မိအေးကပြောတယ်။ ကိုဖိုးတုတ် ကျုပ်က စားရင်းကိုင်သမီး။ တော်က စာရင်းငှားဆိုတဲ့စိတ်၊ ကျုပ်မှာ မရှိဘူးတော်။ တော့်ရဲ့လုပ်ရည်ကိုင်ရည်ကိုလည်း ကျုပ် ပြောစရာမရှိဘူး။ ဒါပေမဲ့တော်…. တော်က ယောကျာ်းတန်မဲ့စာမဖတ်တတ်ဘူးဆိုတာကြီးကတော့ ကျွန်မ မကြိုက်ဘူး။ ယောကျ်ားဖြစ်နေပြီး စာဖတ်တတ်ရမှာပေါ့။ တော် စာတတ်အောင်သင်မှာလား။ တော် စာတတ်လာတဲ့တစ်နေ့ တော့်ကို ကျုပ် အဖြေပေးမယ်တော်။
အဲလို ပြောလိုက်တော့ ဖိုးတုတ်တစ်ယော် မအေက သင်ပေးတုန်းက၊ငယ်စဉ်တောင်ကျေးတုန်းက တတ်အောင်မသင်ဘူး နော့်။ မိအေးက စာတတ်မှ အဖြေပေးမယ်လို့ပြောရော နေ့ခင်း စာရင်းငှားအလုပ်သိမ်းလာပြီး၊ ညရောက်ရင် ရွာဦးဆရာတော်ကျောင်းက ကိုရင်ကြီးဆီသွားပြီး ညည ကျူရှင်တက်ကော။
အမလေး အဲဒါကျ မြန်လိုက်တာ။ တစ်လတောင်မပြည့်ဘူး။ စာတတ်လာတယ်။ စာတတ်လာတော့ မိအေးဆီ ပြန်လာတယ်။ မိအေးရေတဲ့၊ ငါစာဖတ်တတ်ပြီဗျ။ အို…. မြန်လိုက်တာတော့်။ ကဲ ဒါဖြင့် တော့်နာမည် ဖိုးတုတ် ရေးပြစမ်းပါ။ ရေးစရာခဲတံတို့ စာအုပ်တို့ က မရှိတော့ တုတ်ချောင်းကောက်လို့ မြေကြီးပေါ် ရေးပြတာ နော့်။
ဟော ဖဦးထုတ် လုံးကြီးတင် တစ်ချောင်းငင် ဖို၊ ဝစ္စနှစ်လုံးပေါက် ဖိုး၊ တဝမ်းပူ တစ်ချောင်းငင် တသတ်တုတ် ဖိုးတုတ်။ ဟုတ်ပါ့တော့် ကိုဖိုးတုတ်ကြီး စာတတ်ပြီ။ ကဲ ကဲ ကျုပ် ကျုပ် နာမည် မိအေး ရေးပြစမ်းပါ။ အမလေး လွယ်ပါ့ဗျ၊ တခါတည်း။ တုတ်ကလေးနဲ့ ခြစ်၊ မရေးလုံးကြီးတင်မိ၊ သဝေထိုးအရေ အေ ဝစ္စနှစ်လုံးပေါက် အေး၊ မိအေး။ ဟုတ်ပါ့တော် ကိုဖိုးတုတ်စာတတ်ပြီ။ ကဲ ဒါဖြင့် တော့်အမေကို ပြော၊ ကျုပ်မိဘကိုလာတောင်းလှည့်။
တိုတိုပြောကြပါစို့ နော့်။ မိအေးနဲ့ဖိုးတုတ်နဲ့ အကြောင်းပါကြတယ်။ အကြောင်းပါတော့ ယောက္ခမဖြစ်တဲ့သူက ဖိုးတုတ်ရဲ့ လုပ်ရည်ကိုင်ရည်ကို သဘောကျတယ်။ ကျတော့ လယ် ၂ဧက နဲ့ အိမ်လေးနဲ့ လက်ဖွဲ့လိုက်တယ်။ သားနဲ့သမီး ရွာမြောက်ဖျားမှာ အိမ်လေးနဲ့။
မိအေး။ သူက အင်မတန် အသန့်အပြန့်ကြိုက်တာကိုနော့်။ အသန့်အပြန့်ကြိုက်တော့ မနက်လင်းလာရင် အိမ်နားမှာ တံမြက်စည်းနဲ့ ပြောင်လက်အောင်ရှင်းတယ်။ ဘယ်လောက်အထိတောင်ဆိုရင် ဒီနားထမင်းစားနေတုန်း သစ်ရွက်ကြွေကျတာမြင်ရင် တလင်းထဲက သစ်ရွက်ကို ထကောက်ကတယ်။ သူ့မီးဖိုချောင်လေးက ဒန်အိုးလေးဆိုရင် ပြောင်လက်နေတာ။ မီးဖိုလေးဆိုရင်ပေါ့နော် ပြာနဲ့ရေနဲ့ဖျော်ပြီးတော့ ဘိလပ်မြေသဘောမျိုး အင်္ဂတေ ကိုင်ပြီး တင်းနေတာ။ မိအေးရဲ့ မီးဖိုချောင်လေး က အဲလောက်ထိ သန့်ပြန့်တာ။
ကျွန်မတို့ ရွာတွေမှာ ဟိုတုန်းက သောက်ရေထည့်တဲ့အခါ ရေစစ်ဆိုတာမရှိဘူး။ ကြားလည်းမကြားဖူးဘူး။ မြင်လည်းမမြင်ဖူးဘူး။ ဧရာဝတီမြစ်ရေကို ကျွန်မတို့ကို သုံးတာ။ ကျွန်မတို့ ရွာကလေးက ဧရာဝတီမြစ်ကမ်းဘေးမှာ။ အဲတော့ ရေစစ်ချင်ပြီဆိုရင် ယောက်ျားလေးတွေဝတ်တဲ့ စွပ်ကျယ်သန့်သန့် တစ်ထည်ကို လျှော်ဖွတ်ပြီးတော့ အဲဒီရေကို ရေစစ်တာ၊ အဲလို ရေစစ်ပြီး မိအေးက ရေစစ်ကို ရေအိုးစင်တိုင်မှာ အမြဲတမ်းချိတ်ချိတ်ထားတယ်။
ဖိုးတုတ်က လယ်ထဲက ပြန်လာပြီဆိုရင် မိအေးက ထမင်းဝိုင်းကြီး ပြင်ထားတယ်။ ဖိုးတုတ်က ထမင်းစားပြီး၊ လက်ဆေးပြီး၊ သောက်ရေအိုးမှာ ရေထသောက်ပြီးတော့၊ ရေအိုးစင်တိုင်မှာ ချိတ်ထားတဲ့ စွပ်ကျယ်နဲ့ သူက လက်သုတ်တယ်။ မိအေးက ငေါက်တာ။
ကိုဖိုးတုတ်…တော် အဲဒါက လက်သုတ်မဟုတ်ဘူတော့် ရေစစ်ရယ်။ တော် နောက်မသုတ်ပါနဲ့တော်။ ကျုပ်မကြိုက်ဘူးရယ်။
အေးပါဟာငါမေ့သွားလို့ပါ။ကဲ….ငါနောက်မသုတ်တော့ပါဘူးဟာ။
ဒီလိုနဲ့ နောက်တစ်နေ့ရောက်။ နောက်တစ်နေ့ရောက်ေတာ့လည်း ဒီလိုပဲ ဖိုးတုတ်က လယ်ထဲက ပြန်လာ၊ ပြန်လာပြီး ထမင်းစား၊ စားပြီး ရေထသောက်၊ ပြီးတော့ ရေအိုးစင်တိုင် ရေစစ်နဲ့ပဲ လက်သုတ်တယ်။ မိအေးက အင်း….ကိုဖိုးတုတ်ကတော့ ပြောရုံနဲ့ မရတော့ဘူး။ ငါစာရေးထားမှ ဖြစ်တော့မယ်ဆိုပြီး ရေအိုးစင်တိုင်မှာ စာရေးထားတယ်။ ရေစစ်ဖြင့် လက်မသုတ်ရ။ ဒီလို(အလျားလိုက်)ရေးမရတော့ ဒီလိုပေါ့(ဒေါင်လိုက်)ပေါ့။ တစ်လုံးချင်း။
ရေ
စစ်
ဖြင့်
လက်
မ
သုတ်
ရ။
ရေးထားတယ်။ ဖိုးတုတ်က လယ်ထဲက ပြန်လာတော့ မိအေးက အကဲခတ်တာ။ အကဲခတ်နေတုန်း ဖိုးတုတ်က ထမင်းစား၊ စားပြီး ရေထသော်၊သောက်ပြီးတော့ ရေစစ်နဲ့ပဲ လက်သုတ်တယ်။ မိအေးက ထအော်ပြီပေါ့။ တော့် ဒီမှာ စာတွေရေးထားလျက်သားနဲ့ ဘယ်နှယ့်ကြောင့် ရေစစ်နဲ့ပဲ လက်သုတ်ရတာတုန်းတော့။ ဖိုးတုတ်က အဲဒီတော့မှ စာတွေမော့ကြည့်ပြီး။ အေး ဘာတဲ့တုန်း။ ဪ…တော်ကလည်း ရေစစ်ဖြင့် လက်မသုတ်ရလို့ ရေးထားတယ်လေ။ ငါ ထင်တော့ ထင်သားပေါ့။ ဒီစာတွေ ဖိုးတုတ်လည်း မဟုတ်ပါဘူး။ မိအေးလည်း မဟုတ်ပါဘူးလို့။
အဲတော့ ကျွန်မတို့ တိုင်းပြည်ရဲ့ ပညာရေးကလည်း ဖိုးတုတ်နဲ့မိအေးနှစ်လုံးတည်းနဲ့ သွားလို့တော့ မဖြစ်တော့ဘူး။ ကျွန်မတို့ ကလေးတွေကို By heart သင်။ ဆယ်တန်းမှာ ဘယ်နှမှတ်ရမှ၊ ဂုဏ်ထူးပါမှ ဆိုတဲ့ဆီ ဦးတည်သွားနေလို့၊ ဖိုးတုတ်နဲ့မိအေး နှစ်လုံးတည်းနဲ့ သွားနေလို့ မရတော့ဘူး။ ဖိုးတုတ်မိအေး အက်ဂျူဂေရှင်း(Education) နဲ့ ကျွန်မတို့ ကမ္ဘာကို မတိုးတော့ဘူး။ မလိမ်ကြ မညာစတမ်းပေါ့ရှင်။ ….”
ဆရာမခင်ခင်ထူးရဲ့ ဟောပြောချက်ကို ဒီနားလောက်အထိနားထောင်ပြီး မျက်လုံးပေါ်က တစ်သျှူးရေစိုကိုခွာရင်းကနေ ကျွန်တော်အသံထွက်ရယ်ဖြစ်တယ်။ ဖိုးတုတ်၊မိအေး Education တဲ့။ ဆရာမက ဘယ်နှခုနှစ်က ဟောပြောထားလဲတော့မသိဘူး။ ကျွန်တော်ကျ ဦးဘ၊ဒေါ်အေး အက်ဂျူဂေးရှင်းနဲ့ ကြီးပြင်းလာရသူတစ်ယောက်ပါ။ ဟဲ ဟဲ။ မလိမ်ကြ မညာကြစတမ်းပေါ့ဗျာ။
ကျွန်တော်ရယ်တာ မြင်တော့ ၊ အမေလည်းလိုက်ရယ်တယ်။ နောက်ပြီး ချက်ချင်းဆိုသလိုပဲ အမေက ပြန်ငိုချပြန်ရော။ အဲဒါနဲ့ အမေ့အာရုံပြောင်းလိုပြောင်းငြား Youtube ကို ခဏ ပြန်ပိတ်လိုက်ပြီး အမေ့နားကပ်ရင်း “ မား… မျက်လုံးရောင်နေသေးလား”ဆိုပြီး လှည့်မေးတော့ အမေက နည်းနည်းအရောင်ကျနေပြီတဲ့။ ညနေကျ ဆေးခန်းသွားပြတဲ့။
ဆေးခန်းဆိုလို့ အမေ့ကိုတောင် ကျွန်တော်တို့ ဆေးခန်းမပြပေးဖြစ်တာ အတော့ကို ကြာနေပြီ။ ဆေးခန်းပဲလားဆိုတော့ မဟုတ်ဘူး။ သောက်နေကျဆေးတွေကိုတောင် အဖေက လျော့လျော့ပြီး တိုက်နေတာ နှစ်တွေတောင်ပေါက်ကုန်ပြီ။ အခုကာလက ဆေးခန်းမှ မဟုတ်ဘူး။ ဘာပဲ လုပ်လုပ် ကုန်ကျစရိတ်က ပေါ့သေးသေးမဟုတ်တော့။
အမေ့နားထောင်ဖို့ Youtube ပေါ်က ဆရာမခင်ခင်ထူးဟောပြောချက်ကို ပြန်ဖွင့်လိုက်ပြီး မှန်ရှေ့ခဏရပ်၊ မျက်လုံးကို ကြည့်ဖြစ်တယ်။ မနက်အစောကြီးကထက်တော့ နည်းနည်းလေးတော့ အရောင်ကျသွားတယ်။ ဆေးခန်းလည်း မသွားချင်ဘူး။ ကုန်မှာ ကျမှာ ကိစ္စကို တွေးရင်းနဲ့ကို မျက်လုံးမြန်မြန်ကောင်းပါစေလို့ စိတ်ထဲက ကြိတ်ဆုတောင်းဖြစ်တယ်။
ဒါပေမဲ့လည်း ဆုတောင်းက မပြည့်။ မွန်းတည့်လာတော့ ရောင်တာပိုများလာပြီး မျက်ခွံတွေက လေးကျလာတယ်။ မနက်ဖြန်တနင်္လာနေ့လည်း အလုပ်သွားရမှာဆိုတော့ ဆေးခန်းကိုတော့ သွားမှပဲဖြစ်တော့မယ်။ အလုပ်ထဲ မျက်လုံးနီကြီးနဲ့က ကိုယ့်အတွက်ကော တခြားသူအတွက်ကော အဆင်ပြေမှာမဟုတ်။
မြို့ထဲမျက်စိဆေးခန်းလေး စုံစမ်းကြည့်တော့ ညနေ လေးနာရီမှ ဖွင့်တယ်တဲ့။ အဲအချိန်ထိ စောင့်ရုံပေါ့။ ညနေ မြန်မြန်ရောက်ပါစေလို့ ဆုမွန်ပြုရမလား။ မရောက်ပါစေနဲ့ဦးလို့ ဆုတောင်းရမှာလား။ တစ်ကိုယ်စာတင် ရှုပ်ထွေးနေလေရဲ့။
ဆရာဝန်မရေးပေးလိုက်တဲ့ ဆေးစာအုပ်လေးကိုင်ပြီး ဆေးပေးနေတဲ့ အမျိုးသမီးနားမှာ သွားတန်းစီလိုက်တယ်။
“ မျက်စဉ်းခတ်ဆေးက တစ်နေ့ ၄ ကြိမ်စီခတ်ရမယ်။ တစ်ကြိမ်ခတ်ရင် တစ်စက်။ ဘယ်ဘက်ပဲ ခတ်။ တစ်ပတ်တိတ်ခတ်ပြီးရင် ရပ်မယ်။ ဒီဆေးက ည ၁ ကြိမ်သောက်မယ် ၅ရက်သောက်။ ဒီဆေးက အစာစားပြီး မနက် ၁ကြိမ်၊ ည ၁ကြိမ်၊ သူလည်း ၅ ရက်သောက်ရမယ်။ အားလုံးပေါင်း သုံးသောင်းရှစ်ထောင်ကျတယ်”
သူက ရက်ပါတစ်ယောက်လို တရစပ်ပြောပြ ရွတ်ပြတော့ ကိုယ့်မှာ တစ်သောင်းတန်လေးချပ်ကို မပေးချင်ပေးချင် ပေးလိုက်ရတယ်။ ဘယ်ဆေးက ဘယ်လောက်ဆိုပြီး ဘောင်ချာလည်းမဖြတ်ပေး၊ ဆရာဝန်စမ်းသပ်ခလည်း ဘယ်လောက်မှန်းမသိရ။ မေးပြန်ရင်လည်း သိတော်မူကြတဲ့အတိုင်း လူပုံအလယ် အရှက်ကြီးရှက်ရအောင် အော်ပြောတတ်တဲ့ ဆေးခန်းတချိ့ရဲ့ ဓလေ့။ အင်း….။
ဈေးထဲမှာဆို အန်တီရေ လျှော့ပေးပါဦး ပြောမိမှာအမှန်ပါပဲ။ အခုကဆေးလေ။ လျှော့တောင်းလို့ ရတဲ့ထုံးစံရှိရိုးလား။
တစ်ကယ်က ဒီလအတွက် ကိုယ့်ဘတ်ဂျက်က တစ်သိန်းခွဲတည်း။ မဖြစ်မနေမှသုံးဖို့ တစ်ရက် ငါးထောင်နှုန်းနဲ့ဆိုပြီး ကိုယ့်ကိုယ့်ကိုယ် တုပ်စည်းနှောင်ထားတာ။ အခုတော့ တစ်နေ့တည်းနဲ့ ရှစ်ရက်စာက ပလုံခနဲထွက်ရှာပြီ။
အိမ်ရောက်တော့ အမေ့ကို မျက်လုံးက ဘာမှမဖြစ်ကြောင်း၊ ဖိမိလိုက်လို့ ဒဏ်ဖြစ်တာမျိုးလောက်ပါလို့ ရှင်းပြရင်း ဆေးထုတ်လေး ဖွင့်ကြည့်ဖြစ်တယ်။ OPTOMYCIN-D တစ်ဘူး၊ Set-10 ငါးလုံး တစ်ကတ် နဲ့ Bal paracetamol-500 ဆယ်လုံး တစ်ကတ်။ သူတို့အားလုံးက ကိုယ့်ကို သွားဖြီးပြနေသယောင်ယောင်။
“ငါ ဖြတ်လိုက်ရ”
စိတ်ထဲကနေ ပြောရင် ကိုယ်လည်း သူတို့ကို ပြန်ရယ်ပြလိုက်မိတယ်။
ဟူး……….ဒီနေ့ တွတ်ပီ ကံမကောင်းပါလားကွာ…ကတောက်…။
ဘရိုင်ယံရန်း
၈.၉.၂၀၂၆(ည ၁၀နာရီ၊ ၁၄ မိနစ်)







