ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကျွန်တော်တို့ ကျွန်မတို့သည် ဆင်ကလေးများ

September 4, 2026

တော်လှန်ဆရာ၊ဆရာမတွေ ပူးပေါင်းပြီး တော်လှန်အလယ်တန်းကျောင်းသား (ဆဌမတန်း) ကျောင်းသားလေးတွေအတွက် ၂၀၂၄ စက်တင်ဘာလ ၁ ရက်နေ့တုန်းက ကျင်းပပေးခဲ့တဲ့ “ လူကုန်ကူးမှုပပျောက်ရေး အားလုံးဝိုင်းဝန်းကူညီပေး” PowerPoint Presentation ပြိုင်ပွဲလေးတစ်ခုမှာ ပြိုင်ပွဲဝင်ကျောင်းသားလေးတွေအတွက် ကျွန်တော်ခွန်အားဖြည့်စကား ပြောကြားခွင့် ရခဲ့ပါတယ်။

ခွန်အားဖြည့်စကားဆိုတာက ပြိုင်ပွဲရလဒ်ဆုစာရင်းတွေကို မကြေညာမီ ဆုလွဲပြိုင်ပွဲဝင်များ စိတ်ဓာတ်မကျစေ ရေးအတွက် ရည်ရွယ်ပြီးလုပ်ထားတဲ့ စိတ်အားပေးအစီအစဉ်လေးပါ။

ပြိုင်ပွဲဝင်အဖွဲ့ ငါးဖွဲ့ရှိပြီး အဖွဲ့တိုင်းက အကောင်းဆုံး ရှာဖွေမှု၊ စုဆောင်းမှု၊ တီထွင်ဖန်တီးမှု၊ တင်ဆက်မှုတွေလုပ်ပြီး ကြိုးစားယှဉ်ပြိုင်သွားတာ တွေ့ရတော့ ငါးဖွဲ့စလုံးကို ဆုရစေချင်စိတ်တောင် ပေါက်ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲဖြစ်တဲ့အတွက် ပြိုင်ပွဲစည်းမျဉ်းအတိုင်း ပထမဆု၊ ဒုတိယဆု၊ တတိယဆုပဲ ချီးမြှင့်မှာဖြစ်ပါတယ်။

ဖျင်းလို့ ညံ့လို့ မဟုတ်ဘဲ အခြေအနေ တစ်ခုကြောင့်သာ အမှတ်အနည်းအများအပေါ်မူတည်ပြီး ဆုလွဲခဲ့ရတဲ့ ကျောင်းသားတွေအတွက် စိတ်အားဖြည့်ဖို့ ဘယ်လို စကားလုံးတွေက အထိရောက်ဆုံးဖြစ်မှာလဲ။ တစ်ဖက်က ကလေးတွေရဲ့ယှဉ်ပြိုင်မှုကို အားပေးရင်း တစ်ဖက်ကလည်း အတွေးတွေထဲ စကားလုံးတွေ အပြေးအလွှားရှာရပါတယ်။

ရုတ်တရက် ကျွန်တော့်ခေါင်းထဲ မေးခွန်းတစ်ခုပြေးဝင်လာပါတယ်။ အခု ပြိုင်ပွဲဝင်နေတဲ့ ကျောင်းသားလေးတွေက လာမယ့် အနာဂတ် ဖယ်ဒရယ်နိုင်ငံတော်အသစ်အတွက် ဘာတွေလဲပေါ့။

ကျောင်းသားလေးတွေဟာ နိုင်ငံတော်အတွက် အင်အား အကြီးမားဆုံးသော လူသားအရင်းအမြစ်များဖြစ်တယ်ဆိုတဲ့ အဖြေစကားလုံးကလည်း ခေါင်းထဲ အလိုက်တသိပဲ ပေါ်လာပါ တယ်။ အင်အားအကြီးမားဆုံးဆိုတဲ့ စကားလုံးနောက်ကွယ်မှာ ကျွန်တော့်မျက်လုံးအထဲ အကောင်တစ်ကောင်က ပေါ်လာပါ တယ်။ ဆင်၊ ဆင်က ကမ္ဘာပေါ်မှာ အင်အားအကြီးမားဆုံးသော ကုန်းသတ္တဝါ။ ဆင်နဲ့ပတ်သက်ပြီးတော့ ကျွန်တော့်နားထဲ ဆက်ကြားယောင် လာတဲ့ စကားတစ်ခွန်းရှိပါတယ်။ အဲဒါက “ ဆင်သွားရင် လမ်းဖြစ်တယ်”ဆိုတဲ့ မြန်မာ့ဆိုရိုးစကား။

ဒီလိုနဲ့ ကျွန်တော့်ဆီမှာ မေးခွန်းတစ်ခု၊ အဖြေတစ်ခု၊ အကောင်တစ်ကောင်၊ ဆိုရိုးစကားတစ်ခု စုဆောင်းမိသွားပြီး ပြိုင်ပွဲဝင်တော်လှန်ကျောင်းသားတွေအတွက် ပုံပြင်လေးတစ်ပုဒ်ကို ဖန်တီးဖြစ်လိုက်တယ်။ အဲဒီပုံပြင်လေးကိုပဲ သူတို့အတွက် စိတ်အားဖြည့်လက်ဆောင်အနေနဲ့ ပြောပြဖြစ်ခဲ့ပါတယ်။ ပုံပြင်လေးရဲ့အမည်က “ကျွန်တော်တို့ ကျွန်မတို့သည် ဆင်ကလေးများ “ လို့ အမည်ရပါတယ်။ ဒီပုံပြင်မှာအပိုင်း သုံးပိုင်းရှိပါတယ်။

အပိုင်း(၁)

တခါတုန်းက ကကြီးရွာနဲ့ ခခွေးရွာဆိုပြီး ရွာနှစ်ရွာရှိပါတယ်။ ကကြီးရွာက အစစအရာရာဖွံ့ဖြိုးတိုးတက်နေပြီး ရွာသားတွေကလည်း လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်ကြရတယ်။ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ ဖျော်ဖြေရေး၊ စီးပွားရေး၊ နိုင်ငံရေး စသဖြင့် အစစအရာရာဟာ ကကြီးရွာသားတွေအတွက် အဆင်ပြေချောမွေ့လျက်ပေါ့။

ခခွေးရွာကျတော့ အစစအရာရာမပြည့်စုံလှဘူး။ စာသင်ကျောင်းတွေ မရှိသလို ဆေးရုံဆေးခန်တွေလည်း မရှိပါဘူး။ စီးပွားရေးတွေလည်း အဆင်မပြေကြပါဘူး။ ဒီတော့ ခခွေးရွာသားတွေခမျာ လူသားတွေဖြစ်ပါလျက်နဲ့ လူ့ဂုဏ်သိက္ခာအတိုင်း ရှင်သန်ခွင့်မဲ့စွာနဲ့ ရှင်သန်နေထိုင်ကြရတယ်။

ကကြီးရွာနဲ့ ခခွေးရွာကြားမှာ ကြီးမားနက်ရှိုင်းပြီး လူတွေဖြတ်သွားဖြတ်လာ လုပ်လို့မနိုင်တဲ့ တောကြီးနက်ရှိုင်းတစ်ခုက ကာဆီးထားရှာတယ်။ ဒါကြောင့်မို့ ခခွေးရွာက လူတွေဟာ ပညာတတ်တွေဖြစ်ချင်လို့ ကျောင်းတက်ချင်ရင်ပဲဖြစ်ဖြစ်၊ နေထိုင်မကောင်းလို့ ဆေးခန်းဆေးရုံသွားချင်ရင်ပဲဖြစ်ဖြစ် ဒီတောကြီးနက်ရှိုင်းကို မဖြတ်နိုင်ဘဲဖြစ်နေတာနဲ့ ပညာတတ်တွေ ဖြစ်ခွင့်မရဘဲ နေကြရတယ်။ ဆေးကုသခွင့်မရဘဲ တန်ဖိုးရှိလှတဲ့ အသက်တွေလည် မကြာခဏ ဆုံးရှုံးသွားရရှာတယ်။

အပိုင်း(၂)

အေ၊ ဘီ၊ စီ၊ ဒီ၊ အီး ဆိုတဲ့ အရွယ်ရောက်ပြီးစ ဆင်ငါးကောင်ဟာ တောကြီးနက်ရှိုင်းထဲမှာ နေထိုင်ကြတယ်။ အင်အားရှိတဲ့ အကောင်လေးတွေ ဖြစ်တာနဲ့အညီ သူတို့ဟာ ငါးကောင်ထဲမှာ ဘယ်တစ်ကောင်က အင်အားအကြီးဆုံးလဲဆိုတာ သိချင် လာကြတယ်။ အဲဒါနဲ့ပဲ ငါးကောင်တိုင်ပင်ပြီး အပြေးပြိုင်ပွဲလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒိုင်လူကြီးအဖြစ် ဆုံးဖြတ်ချက်ချပေးဖို့ ဇီးကွက်ကြီးကို သူတို့က ခေါ်ထားလိုက်တယ်။

အပြေးပြိုင်ပွဲရဲ့ တာထွက်မှတ်အဖြစ် ခခွေးရွာနဲ့တောကြီးနက်ရှိုင်းတို့ ထိစပ်နေတဲ့နေရာကို သတ်မှတ်လိုက်ကြပြီး ပြိုင်ပွဲ အဆုံးသတ်ရမယ့် ပန်းဝင်မှတ်၊ ပန်းတိုင်ကိုကတော့ ကကြီးရွာနဲ့ တောကြီးနက်ရှိုင်းရဲ့ ထိစပ်နေတဲ့နေရာကို သတ်မှတ်လိုက် ကြတယ်။ သတ်မှတ်မှုတွေ လုပ်ပြီးတာနဲ့ အေ၊ဘီ၊စီ၊ဒီ၊အီး ဆင်ငါးကောင်ကို တာထွက်မှတ်တွေမှာ နေရာယူစေပြီး အဆင်သင့် ဖြစ်တာနဲ့ ဇီးကွက်ကြီးက စပြေးဖို့အချက်ပြလိုက်တော့ ဆင်ငါးကောင်ဟာ ပန်းတိုင်ရောက်ဖို့အရေး တောကြီးထဲမှာ အားသွန် ခွန်စိုက် ပြေးကြတာပေါ့။

ဒီလိုနဲ့ နောက်ဆုံးမှာတော့ ဆင်ငါးကောင်ထဲက တစ်ကောင်ကပဲ သတ်မှတ်ပန်းတိုင်ကို ပထမဆုံးရောက်သွားရှာတယ်။ ကျန်လေးကောင်ကတော့ အနည်းငယ်စီ နောက်ကျပြီးတော့မှ ပန်းတိုင်ဖြစ်တဲ့ ကကြီးရွာနဲ့ တောကြီးနက်ရှိုင်းတို့ ထိစပ်တဲ့ နေရာကို ရောက်လာကြရှာတယ်။

နောက်မှရောက်တဲ့ ဆင်လေးတွေဟာ တော်တော့်ကို စိတ်ပျက်သွားရှာတယ်။ ငါတို့ဟာ ပထမရတဲ့ အကောင်လောက်တောင် အသုံးမကျဘူး၊ အင်အားမရှိဘူးဆိုပြီး တတွတ်တွတ်နဲ့ သူတို့ကိုယ်သူတို့ အပြစ်တင်ကြတယ်။

အဲဒီအချိန်မှာပဲ ဇီးကွက်ကြီးက အနီးအနားမှာရှိတဲ့ အရိပ်ကောင်းတဲ့ အပင်တစ်ပင်ကို ရွေးချယ်လိုက်ပြီး ဒီနေ့တော့ ငါးကောင်စလုံး ပြေးရတာ မောသွား ပြီဖြစ်တာမို့ တာထွက်လာတဲ့နေရာကို မပြန်တော့ဘဲနဲ့ ဒီည မင်းတို့ ဆင်ငါးကောင်စလုံး ဒီအပင်ကြီးအောက်မှာပဲ အိပ်၊ ငါလည်း ဟိုနားဒီနား အစာလေးတွေ ပတ်ရှာစားပြီး ဒီအပင်ပေါ်မှာပဲ ရှိနေပေးမယ်လို့ ပြောတယ်။ ဆင်တွေကလည်း ဇီးကွက်ကြီးရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပြီး အမောဖြေကြရင်းနဲ့ ညရောက်တော့ အိပ်ပျော်သွားကြတာပေါ့။

အပိုင်း(၃)

မနက်နေလုံးကြီးက တဖြည်းဖြည်းထွက်လာနေပြီ။ ဇီးကွက်ကြီးကလည်း သစ်ပင်ထက်မှာ မနက်ခင်းရဲ့ အလှကို ငေးကြည့်နေတယ်။ ဆင်းငါးကောင်ကတော့ ပြေးထားရလို့ ထင်တယ် ၊ အိပ်ရာက မနိုးကြသေးဘူး။

ဇီးကွက်ကြီးက သစ်ပင် ထက်ကနေ လှမ်းကြည့်လိုက်တော့ ခခွေးရွာက ရွာသားတွေဟာ ဝမ်းသာအားရ အော်ဟစ်ပျော်ပါး နေကြတာကို တွေ့လိုက် ရတယ်။ သူတို့ရွာရှေ့မှာ လမ်းမကြီးငါးခုက တောကြီးနက်ရှိုင်းကို တိုးလျှိုပေါက်ဖောက်ပြီး ကကြီးရွာဘက်ကို တစ်ခါတည်း အရောက် ရှင်းရှင်းလင်းလင်းကြီးကို ပေါ်နေတာလေ။ ဒီတော့ ခခွေးရွာသားတွေဟာ အင်မတန်ဝမ်းသာသွားကြပြီး ပန်းကန် တွေ တီး၊ ဝါးလုံးတွေတီး အော်ဟစ်ပြီး လမ်းအတိုင်း ကကြီးရွာဘက်ဆီကို ပြေးကြတာပေါ့။

အဲဒါနဲ့ပဲ ဆင်တွေကလည်း ဆူညံသံတွေကြားပြီး နိုးလာကြတယ်။ ဘာသံတွေလဲ၊ ဘာတွေဖြစ်နေကြတာလဲလို့ သစ်ပင်ထက် က ဇီးကွက်ကြီးကို မေးကြတယ်။ ဇီးကွက်ကြီးက မနေ့က မင်းတို့ ငါးကောင်ပြေးလာကြတဲ့ ပြေးလမ်းတွေကို ပြန်ကြည့်စမ်းပါ လို့ပြောတော့ ဆင်တွေလည်း အံ့ဩတကြီးနဲ့ ကြည့်ကြတော့ လူတွေ ဝမ်းသာအားရ လမ်းပေါ်ပြေးနေတာကို တွေ့လိုက်ရ တယ်။ ဒီတော့ သူတို့ ပိုအံ့ဩသွားကြတာပေါ့။

အဲဒီအချိန်မှာပဲ ဇီးကွက်ကြီးက “ မနေ့က ပြေးပြိုင်ပွဲမှာ သတ်မှတ်ထားတဲ့ ဒီနေရာကို ပထမဆုံးမရောက်လာလို့ ကိုယ့်ကိုယ် ကိုယ် အသုံးမကျဘူး၊ အင်အားမရှိဘူးဆိုပြီး တတွတ်တွတ်နဲ့ ပြောပြီး အပြစ်တင်နေတာတွေဟာ မင်းတို့မှားတယ်။ သတ်မှတ် ထားတဲ့နေရာဆိုတာ အမြန်လာလည်း ရောက်မှာပဲ၊ ဖြည်းဖြည်းလာလည်းရောက်မှာပဲ။ သတ်မှတ်ချက်တစ်ခုကြောင့်၊ စည်းကမ်းတစ်ခုကြောင့်သာ ဦးဆုံးရောက်တဲ့သူကို ပထမဆိုပြီး အမည်တပ်လိုက်ရတာ၊ အဲဒီအမည်မှာ မင်းတို့ အင်အားတွေ ခွန်းအားတွေ ရှိမနေဘူး။ မင်းတို့ အင်အားတွေ ခွန်းအားတွေဆိုတာ မင်းတို့ပြေးရင်း ဖောက်ခဲ့တဲ့ လမ်းပေါ်မှာ ရှိတယ်။ ဒီနေရာကို ရောက်အောင်စိုက်ထုတ်ထားတဲ့ ဇွဲ၊လုံ့လ၊ ဝီရိယတွေပေါ်မှာပဲရှိတယ်။ အခုကြည့်လေ မင်းတို့ လျှောက်လို့ ပြေးလို့ ဖြစ်လာတဲ့ လမ်းမှာ လူသားတွေ ဘယ်လောက်အထိ ပျော်ရွှင်နေရပြီလဲ။ အဲဒါဟာ မင်းတို့ရဲ့ ခွန်အားတွေ အင်အားတွေပဲ” ဆိုပြီး ဆင်ငါးကောင်ကို သေချာရှင်းပြလိုက်တယ်။

ဒီတော့မှ မနေ့က ပြိုင်ပွဲမှာ ပန်းတိုင်ကို နောက်ကျမှ ရောက်လာတဲ့ ဆင်တွေဟာ သူတို့ရဲ့ အင်အားကြီးမားမှုကို မြင်လိုက်ပြီး သူတို့ကိုယ် သူတို့ ဂုဏ်ယူမိပြီး အော်ဟစ်ကခုန်ကြတော့တယ်။

ဆင်ငါးကောင် ပြေးပြိုင်ရင်း ကျန်ခဲ့တဲ့ လမ်းကြီးငါးလမ်းကို အသုံးချကာ ခခွေးရွာသားတွေဟာ ကကြီးရွာဘက်မှာ ကျောင်းသွားတက်ကြ၊ ဆေးတွေသွားကုကြနဲ့ တဖြည်းဖြည်းဖွံ့ဖြိုးတိုးတက်လာပြီး မကြာမီမှာပဲ ခခွေးရွာဟာလည်း ကကြီးရွာ လိုပဲ အစစအရာရာ အဆင်ပြေလာပြီး လူ့ဂုဏ်သိက္ခာနဲ့ အညီနေထိုင်ရတဲ့ ရွာလေးတစ်ရွာ ဖြစ်လာရှာတယ် ။

ဆင်ငါးကောင်နဲ့ ဇီးကွက်ကြီးကတော့ သူတို့ရဲ့လမ်းလေးပေါ် လူသားတွေ အကျိုးရှိရှိ သွားလာနေကြတာကို တောကြီးထဲကနေ အမြဲကြည့်နေတတ်ပြီး အချင်းချင်းဂုဏ်ယူစွာနဲ့ တစ်သက်လုံး ချစ်ချစ်ခင်ခင်နဲ့ အသက်ထက်ဆုံး နေထိုင်သွားကြရှာတယ်။

ဒီပုံပြင်ဟာ တော်လှန်ကျောင်းသား ပြိုင်ပွဲဝင်တွေထဲက ဆုလွဲပြိုင်ပွဲဝင်တွေအတွက် စိတ်ခွန်အား တစ်စလေးလောက်ပဲဖြစ်ဖြစ်ရသွားလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ဟာ ဆုလွဲခဲ့ပေမယ့် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရသွားတဲ့ အဖွဲ့တွေလိုပါပဲ ပြိုင်ပွဲမှာတက်ရောက်အားပေးကြတဲ့ ရာနဲ့ချီသော တော်လှန်ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေကို လူကုန်ကူးမှုရဲ့ သားကောင်မဖြစ်စေဖို့အတွက် ဘယ်လိုသိရမယ်၊ ဘယ်လိုရှောင်ရမယ်ဆိုတဲ့ လမ်းလေးတွေ ဖောက်ခင်းပေးနိုင်ခဲ့လို့ပါပဲ။

အခုလက်ရှိကျွန်တော်တို့ ကြုံတွေ့နေရတဲ့ စစ်အာဏာရှင်စနစ်၊ အခြေအနေဆိုးကြီးက တောကြီးနက်ရှိုင်းဆိုရင် လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်ခွင့်ရနေတဲ့ ကကြီးရွာကလေးဟာ ကျွန်တော်တို့အားလုံး မျှော်လင့်နေကြတဲ့ ငြိမ်းချမ်းစွာ ရှင်သန်ခွင့်ရမယ့် အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စုကြီးပါပဲ။ အမှန်တရားဘက် ရပ်တည်ရဲတဲ့ ကျွန်တော်တို့ ပြည်သူတွေ၊ ဒုက္ခပင်လယ် သောကကောင်ကင်ကြား ဗျာများနေရတဲ့ ကျွန်တော်တို့ ပြည်သူတွေ၊ ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်သစ်တွေဟာ လက်ရှိအခြေအနေမှာ ပုံပြင်ထဲက ခခွေးရွာသားတွေ ပါပဲ။

ကျွန်တော်တို့ရဲ့ ဓမ္မဘက်တော်သား တော်လှန်သူရဲကောင်း PDF ရဲဘော်တွေ၊ ထောက်ပို့တပ်သားတွေ၊ CDM ဝန်ထမ်းတွေ၊ တော်လှန်ကျောင်းသား ကျောင်းသူတွေဟာ ဆင်ကြီးတွေဆိုရင် ကျွန်တော်တို့အားလုံးရဲ့ သွေး၊ ချွေး၊ မျက်ရည်၊ အသက်၊ စွန့်လွှတ်မှု အစုစုတို့ဟာ လမ်းတွေပါပဲ။
ကျွန်တော်တို့အားလုံးဟာ မျှော်မှန်းထားတဲ့ ကကြီးရွာလေးဆီ မရောက်မချင်း လမ်းတွေဖောက်ခင်းပေးနေရဦးမှာပါ။

လမ်းတွေဟာ ကကြီးရွာလေးဆီ တိုးလျှိုပေါက်သွားတဲ့ တစ်နေ့မှာ ပျံ့ထွက်လာမယ့် သည်းအူလှိုက်ပျော်သံတွေဟာ လမ်းကလေးတွေအတွက် နှစ်လိုဖွယ်တေးသံလေးတွေအဖြစ် ငှက်ကလေးတွေ သဝန်တိုရအောင် ဝင်စားလာကြမှာပါ။ ဒါဟာ ကျွန်တော်တို့အားလုံးရဲ့ အင်အားပါပဲ။

ကျွန်တော်တို့ ကျွန်မတို့ ဓမ္မဘက်တော်သားအားလုံးဟာ အင်အားအကြီးဆုံးသော ဆင်ကလေးများသာ —–။ .

ဘရိုင်ယံရိန်း
စာစရေးချိန် – ၂.၉.၂၄ – နံနက်၂ နာရီ
စာပြီးချိန် – ၂.၉.၂၄ – နံနက် ၆ နာရီ ၃၃ မိနစ်