ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကမ္ဘာကြီးရဲ့လူ့အဖွဲ့အစည်းဆီသို့

August 12, 2026

သို့ . . . .

ကမ္ဘာကြီးရဲ့လူ့အဖွဲ့အစည်းဆီသို့

ဒီနေ့မှာတော့ ကမ္ဘာပေါ်မှာရှိတဲ့လူတွေအများကြီးဆီကို ကျွန်မက ပေးစာတစ်ခုပေးပို့လိုက်ပါတယ်။ လူရယ်လို့ဖြစ်လာပြီဆိုရင် လူ့စည်း၊ လူ့ဘောင်၊ လူ့စည်းကမ်း၊ လူ့ကျင့်ဝတ်၊ ဆင်ခြင်တုံတရားတွေနဲ့ ခြံရံပြီးနေထိုင်ရပါတယ်။ ပတ်ဝန်းကျင်နဲ့လူမှုအသိုင်းအဝိုင်းတွေမှာလည်း လိုက်လျောညီထွေစွာနေတတ်ဖို့ လိုအပ်ပါသေးတယ်။

ဒါပေမဲ့ အခုခေတ်မှာတော့ တချို့သောလူသားတွေက တစ်ယောက်ကိုတစ်ယောက် စည်းတွေမထားဘဲ လူ့စည်းကမ်း၊ လူ့ကျင့်ဝတ်တွေကို အများကြီးချိုးဖောက်လာတာကိုတွေ့ရပါတယ်။ လူတစ်ယောက်ကို အပြစ်မရှိအပြစ်ရှာပြီး ကဲ့ရဲ့ပြောဆိုတာတွေ၊ တစ်ဖက်လူကိုနစ်နာစေပြီး စိတ်ထိခိုက်အောင် စကားလုံးနဲ့နှိပ်စက်တာတွေကလည်း တွေ့ကြုံရများလာပါတယ်။

တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စာနာနားလည်ပေးမှုတွေ၊ အကြင်နာတရားတွေကလည်း အရင်ကနဲ့စာရင် နည်းသထက်နည်းလာတာကို ကျွန်မတို့တတွေ တွေ့ရှိလာရပါတယ်။ ဥပမာအနေနဲ့ဖော်ပြရမယ်ဆိုရင် ကျွန်မတို့ အခုလက်ရှိကြုံတွေ့နေရတဲ့ စစ်အာဏာရှင်စနစ်ပါ။

မတရားအကြမ်းဖက်ခံရတာ၊ မတရားသတ်ဖြတ်ခံရတာ၊ ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာတွေကို မတရားလုယူတာ၊ အကြောင်းအရင်းမရှိ နေအိမ်တွေကိုမီးရှို့တာ စတဲ့လုပ်ရပ်တွေက တော်တော်ကိုမှ အကြင်နာတရားကင်းမဲ့တဲ့လုပ်ရပ်တွေဖြစ်ပါတယ်။ လူသားချင်းစာနာမှုကင်းမဲ့တဲ့ ထိုလူတွေရဲ့ လုပ်ရပ်တွေဟာ ကျွန်မတို့ပြည်သူတွေကို တော်တော်လေးကိုမှ ထိခိုက်နစ်နာစေပါတယ်။

သူတို့ရဲ့အတ္တတွေကြောင့် တချို့မိသားစုတွေက ဝမ်းနည်းပက်လက် မျက်ရည်ကျရသလို သူတို့ရဲ့လုပ်ရပ်တွေ၊ ရက်စက်မှုတွေကြောင့်လည်း ပြန်စရာအိမ်မရှိ၊ ကျောချစရာအိမ်မရှိ၊ ပူဆွေးသောကပင်လယ်ဝေနေရတဲ့သူတွေအများအပြားကိုမြင်တွေ့နေရဆဲဖြစ်ပါတယ်။ ဒီအတွက်လည်း ကျွန်မအတော်ကိုမှ ခံပြင်းမိပါတယ်။ ကျွန်မတို့ကအတ္တကိုပဲ ရှေ့တန်းတင်ပြီး ဘဝကြီးကို ဖြတ်သန်းလို့မရသလို တစ်ကိုယ်ကောင်းဆန်ပြီးလည်း ဘဝကိုဖြတ်သန်းလို့မရပါဘူး။

အဲဒီလိုမျိုးပဲ တချို့လူတွေကလည်း အကြင်နာတရားကင်းမဲ့တဲ့ တစ်ခြားသော လုပ်ရပ်တွေကိုလည်း ကျူးလွန်ကြပါသေးတယ်။ လူမှုကွန်ရက်မှာမြင်နေရတဲ့လူသတ်မှုတွေ၊ လက်ဝတ်ရတနာတွေကို လုယူပြီး သတ်ဖြတ်ခဲ့တာတွေကလည်း စာနာစိတ် တော်တော်ကင်းမဲ့တဲ့ လုပ်ရပ်တွေပါ။ နောက်တစ်ခုကတော့ ကလေးသူငယ်ကို ညှင်းပန်းနှိပ်စက်တာပဲဖြစ်ပါတယ်။

အုပ်ထိန်းသူတွေဟာ ကိုယ်ကျိုးအတွက် လိမ်ညာပြီး လမ်းပေါ်မှာပိုက်ဆံတောင်းခိုင်းကြပါတယ်။ ကလေးတွေက “ ထမင်းဖိုးလေးပေးကြပါ “ “ ဘာမှမစားရသေးလို့ ပိုက်ဆံလေးနည်းနည်းလောက်ပေးပါ “ စတဲ့ စကားလုံးတွေနဲ့ လမ်းပေါ်မှာ ခြေညောင်းမတတ် လမ်းလျှောက်သွားလာနေကြရပါတယ်။ ဒါတွေဟာ အုပ်ထိန်းသူလူကြီးတွေအနေနဲ့ ကလေးတွေကို မခိုင်းသင့်တဲ့ လုပ်ရပ်တစ်ခုလို့ ကျွန်မမြင်မိပါတယ်။

နောက်တစ်ခုကတော့ သဘာဝပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းမှုမဖြစ်အောင် ကျွန်မတို့လူသားတွေကနေပြီး ဆင်ခြင်ထိန်းသိမ်းရမှာပဲဖြစ်ပါတယ်။ ပလတ်စတစ်အိတ်တွေကို အလွန်အကျွံအသုံးပြုမဲ့အစား အလွယ်တကူ ဆွေးမြေ့စေမဲ့စက္ကူအိတ်တွေကိုအသုံးပြုတာ၊ ပြန်လည်အသုံးပြုလို့ရတဲ့ ပစ္စည်းတွေကိုအသုံးပြုတာတွေပြုလုပ်သင့်ပါတယ်။

လေထုညစ်ညမ်းမှုမဖြစ်အောင်လည်း မီးရှို့တာတွေ၊ မီးခိုးထွက်စေတဲ့ ကား၊ ဆိုင်ကယ်တွေကို လွယ်လင့်တကူ အသုံးမပြုဘဲ အတတ်နိုင်ဆုံး စက်ဘီးကိုပဲ အဓိကထားအသုံးပြုသင့်ပါတယ်။ လုံးဝမသုံးသင့်ဘူးလို့ ဆိုလိုတာ မဟုတ်ဘဲ၊ လမ်းလျှောက်၊ စက်ဘီးစီးသွားလို့ရနေတဲ့နေရာလေးတွေကို ဆိုင်ကယ်နဲ့ အလွယ်တကူ သွားတာမျိုးကို ဆိုလိုတာပါ။

ရေမြောင်းတွေထဲကိုလည်း အမှိုက်ပစ်ချတာတွေရှောင်ကျဥ်သင့်ပါတယ်။ ရေမြောင်းထဲကို အမှိုက်တွေပစ်ရာကနေစပြီးတော့ ရေမြောင်းပိတ်လာတာတွေ ဖြစ်နိုင်သလို ပတ်ဝန်းကျင်အနံ့အသက်ကိုဆိုးရွားစေပြီး ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။

အမှိုက်တွေအများကြီးကို ပင်လယ်ထဲသို့ သွန်ချတာတွေကလည်း ပင်လယ်သတ္တဝါတွေရဲ့ အသက်ကို ထိခိုက်နိုင်တာတွေအထိ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် သစ်ပင်တွေကို ခုတ်လှဲတာကလည်း ကောင်းတဲ့အချက်ထဲမပါဝင်ပါဘူး။ စိမ်းစိုလန်းဆန်းတဲ့သဘာဝတရားက သစ်ပင်များလေ ပိုပြီးအသက်ဝင်လေဖြစ်တာမို့ မလိုအပ်ဘဲသစ်ပင်တွေခုတ်ထစ်ခြင်းကိုပါရှောင်ကျဥ်သင့်ပါတယ်။

သစ်ပင်တွေက လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အောက်ဆီဂျင်ထုတ်ပေးတဲ့အတွက် အရေးပါတဲ့ကဏ္ဍတစ်ခုအဖြစ်လည်းပါဝင်နေပါတယ်။ မဖြစ်မနေခုတ်ထစ်ရမဲ့သစ်ပင်တွေအစား သစ်ပင်ငယ်လေးတွေကို ပြန်လည်စိုက်ပျိုးပေးခဲ့ဖို့လည်း လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်မှုမျိုးကလည်း တစ်ဦးတစ်ယောက်တည်း ဆင်ခြင်နေရုံနဲ့မရပါဘူး။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ဖေးမကူညီရင်းနဲ့ ပူးပေါင်းဆောင်ရွက်မှသာ ထိရောက်မှာပါ။

နောက်ထပ်ကတော့ ကမ္ဘာပေါ်ကသက်ရှိတစ်မျိုးဖြစ်တဲ့ အကူအညီမဲ့လမ်းဘေးကြောင်လေးတွေနဲ့ခွေးလေးတွေပါ။ သူတို့လေးတွေက အိမ်မွေးကောင်လေးတွေနဲ့အများကြီးကွာခြားလှပါတယ်။ ကိုယ့်အားကိုယ်ကိုးပြီး တပင်တပန်းနဲ့အစာလှည့်လည်ရှာစားနေကြရတဲ့သူတို့လေးတွေဟာ မိုးရွာရင်ဖြစ်စေ၊ အန္တရာယ်ကိုကာကွယ်လိုတဲ့အခါဖြစ်စေ ခိုလှုံရာနေရာလေးပေးသင့်ပါတယ်။ အစာခိုးစားလို့ဆိုတဲ့အကြောင်းပြချက်နဲ့ တော်တော်ဆိုးဆိုးရွားရွားလုပ်ရက်ကြတာကိုလည်း မြင်ဖူးကြမယ်ထင်ပါတယ်။

အနာတရဖြစ်တာတွေ၊ ခြေလက်ထော့ကျိုးဖြစ်နေတာလေးတွေ၊ ရေပူလောင်ဒဏ်ရာ၊ မီးပူလောင်ဒဏ်ရာတွေအပြင်ကိုမှ တုတ်ချောင်း၊ ခဲလုံးဒဏ်ကြောင့် မျက်လုံးမမြင်ရတာဟာလည်း မြင့်မြတ်လှတဲ့လူသားတွေကြောင့်သာ ဖြစ်နိုင်ကြောင်းထောက်ခံမိပါတယ်။ ပိုင်ရှင်မဲ့လေလွင့်လမ်းဘေးခွေး၊ လမ်းဘေးကြောင်ဆိုတာနဲ့ မောင်းထုတ်ဟဲ့၊ ရိုက်ထုတ်ဟဲ့နဲ့ ရွံစရာသတ္တဝါလိုဆက်ဆံခြင်းဟာလည်း အင်မတန်စာနာစိတ်ကင်းမဲ့တဲ့ လူသားမဆန်တဲ့လူသားတွေသာဖြစ်တယ်လို့ကျွန်မမြင်မိပါတယ်။

ပြီးရင် လူသားတွေရဲ့ပေါ့ဆမှုကြောင့် သက်ရှိသတ္တဝါအားလုံး ထိခိုက်နိုင်တာတစ်ခုတွေ့ရပါတယ်။ ဒါတွေကတော့ မှန်ကွဲစ၊ ပုလင်းကွဲစ၊ ပြတ်ရှဒဏ်ရာရလွယ်တဲ့အရာတွေကို မေ့လျော့၍ဖြစ်စေ၊ တမင်တကာဖြစ်စေ အလွယ်တကူလွှင့်ပစ်တတ်ကြတာကိုတွေ့ရပါတယ်။ ဒီလုပ်ရပ်ကတော့ အပေါ်ကပြောခဲ့တဲ့ ကိုယ့်အားကိုယ်ကိုးအစာရှာစားရတဲ့လမ်းဘေးကြောင်၊ ခွေးလေးတွေအတွက် အန္တရာယ်များလှပါတယ်။

တိရစ္ဆာန်လေးတွေအပြင်ကိုမှ လူသားတွေကိုပါထိခိုက်စေနိုင်တာကိုလည်း မေ့ထားလို့မရပါဘူး။ ဒါကတော့ အမှိုက်သိမ်းယာဥ်ပေါ်က အလုပ်သမားတွေပါပဲ။ ထိခိုက်မိရာကနေ နောက်ဆက်တွဲဆိုးကျိုးဟာအများကြီးဖြစ်နိုင်ပါတယ်။ မေးခိုင်ပိုးဝင်နိုင်ပြီး ဒါကနေမှတစ်ဆင့် အသက်မွေးဝမ်းကြောင်းအထိပါထိခိုက်စေနိုင်တာမလို့ မပေါ့ဆသင့်ကြပါဘူးနော်။ ဒါကြောင့်မလို့ မှန်ကွဲစ၊ ဖန်ကွဲစတွေကို အဝတ်ဖြင့်ပတ်စည်းပြီး သေချာထုပ်ပိုးပြီးမှပစ်စေချင်ပါတယ်။

မနာလိုမှုနဲ့ မလိုမုန်းထားတတ်တာတွေက လူသားတွေဆီမှာရှိတဲ့ အကျင့်ဆိုးတွေပါ။ လူ့ကျင့်ဝတ်ဆိုတဲ့အတိုင်း တစ်ယောက်ယောက်ကို စကားပြောတော့မယ်ဆိုရင် မပြောခင်အရင်စဥ်းစားသင့်ပါတယ်။ ဒါက ကျွန်မတို့ဘက်က ထားရှိရမယ့် အသိဉာဏ်နဲ့ ဆင်ခြင်တုံတရားတွေပါ။ လူတစ်ယောက်ဟာ ကျွန်မတို့ထက် တော်နေရင် ဒါမှမဟုတ် ကျွန်မတို့ထက် သာနေရင် ကျွန်မတို့ဟာ အဲဒီလူအတွက် ဝမ်းသာအားရလက်ခုပ်တီးပေးရမှာဖြစ်ပြီးတော့ ကျွန်မတို့ထက် အားနည်းနေရင်တော့ ကြင်နာသနားစိတ်နဲ့ ဖေးမကူညီပြီး အတူဆွဲခေါ်ပေးရမှာပဲဖြစ်ပါတယ်။

မိန်းကလေးဖြစ်စေ၊ ယောင်္ကျားလေးဖြစ်စေ Body Shaming လုပ်ခံရတာကို တော်တာ်များများကြုံဖူးကြမယ်ထင်ပါတယ်။ ဝ တော့လည်း ဝ လို့၊ ပိန်တော့လည်းပိန်လို့။ ဒါ့အပြင် သူတစ်ပါးနာမည်ကို ဖျက်လိုဖျက်ဆီးနဲ့ အပျော်အပျက်ခေါ်ကြတာဟာလည်း ရိုင်းစိုင်းတဲ့အပြုအမူဖြစ်ပါတယ်။ ဒါတွေက သူငယ်ချင်းဆက်ဆံရေးတွေမှာဖြစ်ဖြစ်အနီးအနားပတ်ဝန်းကျင်ကနေဖြစ်ဖြစ် ပြုမူများတာကိုတွေ့ရပါတယ်။ ကိုယ့်မှာရှိတဲ့ အားနည်းချက်ဟာ တစ်ဖက်လူရဲ့အားသာချက်ဖြစ်နေနိုင်သလို ကိုယ့်ရဲ့ အားသာချက်ကလည်း တစ်ဖက်လူရဲ့ အားနည်းချက်ဖြစ်နေနိုင်ပါတယ်။

ဒါကြောင့်မလို့ ကျွန်မတို့တွေမှာကိုယ်ချင်းစာတရား၊ ဆင်ခြင်တုံတရား၊ သနားကြင်နာမှု၊ အပြန်အလှန်နားလည်ပေးမှုနဲ့ အပြန်အလှန် ဖေးမကူညီမှု စတဲ့ အလေ့အကျင့်တွေ ရှိရပါမယ်။ Body Shaming လုပ်တာတွေ၊ လူတစ်ယောက်ကို Blame တာတွေ၊ သနားကြင်နာမှုမဲ့တဲ့ အပြုအမူတွေနဲ့ ကိုယ်ချင်းစာတရားကင်းမဲ့တဲ့ အလေ့အကျင့်တွေ မလုပ်မိစေဖို့အတွက် ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ရမှာဖြစ်ပြီး “ စည်း “ ဆိုတဲ့ ဘောင်ကိုကျော်ပြီးမလုပ်မိဖို့ အတတ်နိုင်ဆုံး ကြိုးစားထိန်းချုပ်ရပါမယ်။ “ သူ့နေရာမှာ ငါသာဆိုရင် “ ဆိုတဲ့စကားကို သေတဲ့အထိ မှတ်သားထားရမယ်လို့ ကျွန်မကတော့ ယူဆမိပါတယ်။

ကျွန်မတို့မှာရှိတဲ့ မျက်လုံးနှစ်လုံး၊ နားနှစ်ဖက်ဟာ နှစ်ဦးနှစ်ဖက်ကိုမျှတစွာကြည့်ပေးပြီး၊ မျှမျှတတ နားထောင်တတ်ကြဖို့ပါ။ အဲလိုလုပ်မှလည်း မျှတတဲ့အခြေအနေကိုရောက်မှာပါ။ အရမ်းကိုမှ ကြင်နာသနားတတ်ကြပြီး ကိုယ်ချင်းစာစိတ် အပြည့်အဝရှိကြတဲ့ လူသားတွေလည်း လှပလွန်းလှတဲ့ဒီကမ္ဘာမြေကြီးပေါ်မှာ ရှိပါသေးတယ်။

ဒါကြောင့်မလို့ ကျွန်မတို့လူသားတွေက ကိုယ်ချင်းစာစိတ်ကို အဓိကထားပြီးတော့ ကမ္ဘာမြေကြီးကို အကျိုးပြုတဲ့ လူသားတစ်ယောက်ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားရပါမယ်။ မိခင်ကမ္ဘာမြေကြီးလှပဖို့အတွက် ကျွန်မတို့လူသားတွေမှာ တာဝန်ရှိပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေအားလုံး လှပတဲ့အပြုံးများ ပိုင်ဆိုင်နိုင်ကြပြီးတော့ ကျန်းမာလှပတဲ့ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်နိုင်ကြပါစေ။ လှပတဲ့ ကမ္ဘာကြီးကိုလည်း အထောက်အကူပြုနိုင်တဲ့ လူသားများဖြစ်ကြပါစေ။ လူတော်မဖြစ်ရင်တောင် လူကောင်းတစ်ယောက်ဖြစ်နိုင်ကြပါစေ။

မေတ္တာဖြင့်
Jayce

(စာရေးသူသည် Grade 12 ကျောင်းသူ တစ်ဦးဖြစ်သည်)