စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်များတွင် အဓမ္မစစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့် ထားဝယ်အရှေ့တော ဒေသနေ လူငယ်အမျိုးသားများ ထားဝယ်မြို့ပေါ် ဆေးခန်းသွားမပြရဲကြဘဲ အခက်တွေ့နေကြကြောင်း ဒေသခံများထံမှ သိရသည်။
ကျေးရွာပေါင်းဒါဇင်ချီရှိသည့် ထားဝယ်အရှေ့တောဒေသတွင် မျက်စိ၊ သွား ရောဂါနှင့် ပတ်သက်ပြီး ကုသပေးသည့် ဆေးခန်းမရှိသဖြင့် ထားဝယ်မြို့ပေါ်ရှိ ဆေးခန်းများတွင် သွားရောက်ပြသရသည်။
လတ်တလောတွင် စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်များ၌ စစ်မှုထမ်းအတွက် အဓမ္မဖမ်းဆီးလေ့ရှိကြောင်း သတင်းများထွက်ပေါ်နေသဖြင့် လူငယ်အမျိုးသားများ မသွားရဲဘဲဖြစ်နေကြကြောင်း ဒေသခံအချို့က ဆိုသည်။
ထားဝယ်အရှေ့တောရှိ ကျေးရွာများမှ ထားဝယ်မြို့သို့ သွားရာလမ်းခရီးတွင် စစ်အာဏာရှင်တပ်၏ ပကာရီစစ်ဆေးရေးဂိတ်၊ ရှစ်မိုင်စစ်ဆေးရေးဂိတ်နှင့် ဗျောတောဝစစ်ဆေးရေးဂိတ်များကို မဖြစ်မနေဖြတ်သန်းကြရသည်။
ရေဝိုင်းရွာသားတစ်ဦးကလည်း ၎င်း၏မျက်လုံးတွင် တိမ်စွဲနေသဖြင့် ဆေးခန်းပြရန်အတွက် ထားဝယ်မြို့ကို မသွားရဲဘဲဖြစ်နေကြောင်း ပြောသည်။
“မြို့ပေါ်တက်ပြီး ဆေးခန်းသွားပြလို့မရဲဘူး။ အဓိက က ဗျောတောဝဂိတ်ကို ဖြတ်မရဲတာ။ စစ်မှုထမ်းဖမ်းခေါ်ခံရမှာ ကြောက်တယ်” ဟု အဆိုပါရေဝိုင်းရွာသားက ဆိုသည်။
လတ်တလောတွင်လည်း စစ်အာဏာရှင်တပ်က မြို့အဝင်စစ်ဆေးရေးဂိတ်များတွင် လူငယ်များကိုဖမ်းဆီးပြီး အဓမ္မစစ်မှုထမ်းစုဆောင်းလေ့ရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း တနင်္သာရီတိုင်းမှ လူငယ်အမျိုးသား ၁၄၀ ကျော် စစ်မှုထမ်းစုဆောင်းခံရပြီး စစ်မှုထမ်းအပတ်စဉ် ၂၇ အထိ ရောက်ရှိနေပြီဖြစ်သည်။
ထိုသို့ စစ်မှုထမ်းဖမ်းဆီးမှုများ ဆက်တိုက်ရှိနေသဖြင့် သားဖြစ်သူက မြို့ပေါ်ရှိ သွားဆေးခန်းကို မသွားရဲတော့ကြောင်း ထားဝယ်အရှေ့တောဒေသ သင်္ကန်းတုန်းရွာနေ မိခင်တစ်ဦးက ပြောသည်။
“အန်တီသားမှာက သွားပိုးစားနေတာ။ သူ့သွားက နှုတ်ပစ်ဖို့လိုနေတယ်။အဲဒါသူက မြို့ပေါ်မသွားရဲဘူးလေ” ဟု သင်္ကန်းတုန်းရွာနေ မိခင်တစ်ဦးက ပြောသည်။
အရှေ့တောဒေသတွင် စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်များရှိသော်လည်း နေရာအများစုကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်။







