ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ကျေးရွာအချို့ကို စစ်အာဏာရှင်တပ်က ဖုန်းလိုင်းများဖြတ်ပြီး စစ်ကြောင်းထိုးနေ၍ ဒေသခံများ အခက်ကြုံနေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။
စစ်အာဏာရှင်တပ်သည် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ရလိုင်ကျေးရွာအုပ်စုနှင့် ဧကနိကျေးရွာအုပ်စုတို့ကို ဇူလိုင် ၉ ရက်နေ့မှစ၍ ယနေ့အထိ သုံးကြိမ်တိတိ ဝင်လိုက်ထွက်လိုက်ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ပထမအကြိမ် စစ်ကြောင်းထိုးချိန်မှစ၍ ဖုန်းလိုင်းများ ဖြတ်တောက်ထားခြင်း၊ အော်ပရေတာအချို့ ဆက်သွယ်ရေးလိုင်းများ နှေးကွေးအောင် လုပ်ဆောင်ထားခြင်းကြောင့် တစ်နေရာစီ ရောက်နေသည့် စစ်ဘေးရှောင် မိသားစုဝင်အချင်းချင်း ဆက်သွယ်မရ၍ စိုးရိမ်နေရကြောင်း စစ်ဘေးရှောင် ဒေသခံတစ်ဦးက ပြောသည်။
“ဖုန်းဆက်သွယ်မှုတွေက တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်မရကြတော့ အခြေအနေတွေ တိတိကျကျ မသိရဘူး။ ကောလဟလ သတင်းတွေပဲ ကြားနေရတယ်” ဟု စစ်ဘေးရှောင် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ရလိုင်ကျေးရွာအုပ်စုရှိ ခမောင်းချောင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းမှာ ဩဂုတ်လ ၁၂ ရက်နေ့ ယနေ့နံနက် ၄ နာရီအချိန်တွင် ပြန်ထွက်သွားပြီဆို၍ စစ်ဘေးရှောင် ဒေသခံအချို့ ရွာပြန်ရန် စီစဉ်ခဲ့ကြောင်း၊ သို့သော်လည်း စစ်ကြောင်းရှိနေသေးကြောင်း အတည်မပြုနိုင်သည့် သတင်းများ တစ်ခါ ပျံ့နှံ့လာခြင်းကြောင့် ဆက်လက် စစ်ရှောင်နေရဆဲဖြစ်ကြောင်း စစ်ဘေးရှောင် ဒေသခံအချို့က ပြောသည်။
ယင်းအပြင် ဩဂုတ်လ ၁၁ ရက်နေ့ကလည်း စစ်အာဏာရှင်တပ် စစ်ကြောင်းပြန်ထွက်သွားသည်ဆိုပြီး နေရပ်ပြန်သွားသော လူငယ်သုံးဦးကို ခမောင်းချောင်းကျေးရွာအနီးတွင် စစ်အာဏာရှင်တပ်က ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ ပြောကြားသော်လည်း Dawei Watch အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။
စစ်အာဏာရှင်တပ်သည် ဇူလိုင်လ ပထမပတ်ကစပြီး ရလိုင်ကျေးရွာအုပ်စုနှင့် ဧကနိကျေးရွာအုပ်စုရှိ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ဝဇွမ်းတော၊ ရငဲနှင့် ကုန်းသာယာအင်း စသည့် ကျေးရွာများကို စစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ဒေသခံမှာ လူဦးရေ လေးထောင်ထက်မနည်း ရှိကြောင်း သိရသည်။
“ဒီမနက် စစ်ကြောင်းထွက်သွားပြီလို့ ကြားရပေမဲ့ တိတိကျကျ မဟုတ်သေးဘူး။ အဲဒီဘက်က ဖုန်းတွေလည်း မရတော့ စစ်ဘေးရှောင်တွေကတော့ အခုထိ ကျွန်တော်တို့ရွာနဲ့ အနီးနားရွာတွေမှာပဲ ရှိသေးတယ်။ တစ်ယောက်မှ အိမ်ပြန်မရဲကြသေးဘူး” ဟု စစ်ဘေးရှောင်များကို တည်းခိုနိုင်ရန် ကူညီပေးနေသည့် ကျေးရွာတစ်ရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ဘေးရှောင်များမှာ တောတောင်များနှင့် အနီးဝန်းကျင် ကျေးရွာများတွင် တိမ်းရှောင်နေကြရသည်မှာလည်း ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့ထိ တစ်လကျော် ကြာလာပြီဖြစ်ပြီး မိုးရာသီဖြစ်ခြင်းကြောင့် အဝတ်အထည်နှင့် ဆေးဝါး၊ စားနပ်ရိက္ခာများလည်း အကူအညီ လိုအပ်နေကြကြောင်း စစ်ဘေးရှောင် ဒေသခံများက ပြောကြားသည်။







